ဗိုင်းရပ်မျိုးဆိုတာ အချိန်တစ်ခုမှာ မျိုးစိတ်ကွဲတွေ အမျိုးမျိုး ပြောင်းလဲတဲ့ အမျိုးအစားဖြစ်ပါတယ်။ ကိုဗစ်ဗိုင်းရပ်ကလည်း ဗိုင်းရပ်ဖြစ်တာကြောင့် ၂၀၂၀ ပြည့်နှစ်ကစပြီး အယ်လ်ဖာ၊ ဘီတာ၊ ဂမ်မာ၊ ဒယ်တာ၊ လမ်ဘဒါ၊ မြူ၊ အိုမီခရွန်နဲ့ ခုအခါ ဒယ်လ်တာနဲ့ပေါင်းပြီး ဒယ်မီခရွန်ကိုပြင်သစ်နိုင်ငံမှာ စတင်တွေ့ရှိရပြီဖြစ်ပါတယ်။
ကိုဗစ်စတုတ္ထလှိုင်းဟာ ဒယ်မီခရွန်ကြောင့် ဖြစ်လာနိုင်ပါတယ်။ ဒယ်မီခရွန်ကြောင့် ကိုဗစ်ရောဂါဟာ အမေရိကနဲ့ဥရောပမှာ ယနေ့အချိန် အဖြစ်များနေပါတယ်။ ဒယ်လ်တာနဲ့ အိုမီခရွန် ပေါင်းစပ်ထားတယ်ဖြစ်တယ်လို့ အိန္ဒိယဆေးသုတေသန ကောင်စီမှတာဝန်ရှိသူက ဆိုပါတယ်။
ဒယ်မီခရွန်က ဒယ်လ်တာကူးစက်ပြီး အိုမီခရွန်ပါဆက်လက်ကူးစက်ချိန်မှာဖြစ်တတ်ပြီး ဖြစ်ပွားသူ ရှားပါတယ်။ ကိုဗစ်စည်းကမ်းတွေ ဖြစ်တဲ့ နှာခေါင်းစည်းတပ်ဖို့၊ လက်ကို ရေ၊ ဆပ်ပြာနဲ့စက္ကန့် ၂၀ ကျော် ကြာဆေးကြောဖို့ (သို့မဟုတ်) ဟန်းဂျယ်သုံးဖို့၊ လူတစ်ဦးနဲ့ တစ်ဦးခြောက်ပေခွာဖို့၊ လူစုလူဝေးရှောင်ဖို့၊ အလုံပိတ်အခန်းရှောင်ရှားဖို့ လျစ်လျူရှုသူများမှာ ဖြစ်လေ့ရှိတယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။
ဒယ်မီခရွန်ရဲ့ ရောဂါလက္ခဏာတွေက ကိုဗစ်လက္ခဏာတွေလို ဖျားတာ၊ မောပန်းတာ၊ ချောင်းဆိုးတာ၊ အနံ့အရသာပျောက်တာ၊ ဝမ်းလျှောတာ၊ ခေါင်းကိုက်တာ၊ နုန်းခွေနေတာဖြစ်တတ်ပါတယ်။အိုမီခရွန်ကြောင့် လည်ချောင်း ယားတာ၊ နှာချေတာ၊ အဖျားအနည်းငယ်ရှိတာ၊ သာမန်အအေးမိ အပူဖျား လက္ခဏာမျှလောက်နဲ့လည်း ရှိနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဇူလိုင်နဲ့သြဂုတ်လတုန်းက ဒယ်လ်တာတတိယလှိုင်းကြောင့် ကူးစက်ပျံ့နှံ့မှု များပြားကာ အသက်ဆုံးရှုံးသူ များလှပါတယ်။ လူအများစုက ဒယ်လ်တာနဲ့ ထိတွေ့ပြီးဖြစ်လို့ သဘာဝခုခံအားစနစ် ရှိနှင့်ပြီဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးကိုလည်း နှစ်ကြိမ်ထိုးထားပြီးဖြစ်လို့ ဒယ်မီခရွန်အတွက် အထူးအထွေ စိုးရိမ်စရာ မရှိလောက်ပါဘူး။ ကာကွယ်ဆေးထိုးပြီးသူများ ရောဂါဖြစ်နိုင်လို့ တတိယအကြိမ်ထိုးနှံဖို့ စီစဉ်ထားရှိပါတယ်။
အသက်ကြီးသူတွေ၊ ကလေးငယ်တွေ၊ ခုခံအားကျဆင်းနေတဲ့သူတွေမှာ ကိုဗစ်ကူးစက်နိုင်ခြေရှိပါတယ်။ အခုတွေ့ရှိတဲ့အိုမီခရွန်က ကူးစက်နှုန်းမြင့်မားလှပြီး ကိုဗစ် စည်းကမ်း မလိုက်နာသူတွေ ကူးစက်နိုင်ခြေရှိပါတယ်။ ကျန်းမာရေး မကောင်းသူ၊ အသက်ကြီးသူ၊ ခုခံအားကျဆင်းသူတွေ ထပ်ဆင့်မြင့် ကာကွယ်ဆေး ထိုးနှံကာ ကိုဗစ်စည်းမျဉ်းများနဲ့ လိုက်နာနေထိုင်ဖို့ လိုအပ်ပါတယ်။
အမေရိကန်မှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံသူတွေမှာ ကာကွယ်ဆေး မထိုးနှံသူတွေနဲ့ ယှဉ်ရင် လမစေ့ဘဲ မွေးဖွားနိုင်ခြေ ပိုနည်းတယ်ဆိုပါတယ်။ ယေးဆေး ကောလိပ်ရဲ့ ပါမောက္ခ ဟီသာလစ်ကင်းက ကိုယ်ဝန်ဆောင်တွေမှာ ရောဂါမပြင်းထန်အောင် ကိုဗစ်ကာကွယ်ဆေးထိုးထားဖို့ အရေးကြီးပါတယ်လို့ ဆိုပါတယ်။ သုတေသနမှာ ကိုယ်ဝန်ဆောင် ၄၆၀၀၀ ပါဝင်ပြီး (၂၂ ရာခိုင်နှုန်း) ၁၀၀၆၄ ဦးက ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်ထိုးပြီးသား ပါဝင်တယ်။ (၉၈ ရာခိုင်နှုန်း) ကျော်က တတိယ လေးလပတ်မှာ ကာကွယ်ဆေးအထိုးခံခဲ့ပြီး (၁ ဒသမ ၇ ရာခိုင်နှုန်း) က ပထမလေးလပတ်မှာ ကာကွယ်ဆေး ထိုးခဲ့တာဖြစ်တယ်။ ဖိုင်ဇာ (သို့မဟုတ်) မိုဒါနာကာကွယ်ဆေးများဖြစ်ကာ လမစေ့၊ ကလေးစော မွေးတာမရှိဘူးလို့ အဖြေထွက်ခဲ့ပါတယ်။ စက်တင်ဘာလအထိ ကိုယ်ဝန်ဆောင် ကာကွယ်ဆေးထိုးသူ ၃၁ ရာခိုင်နှုန်းသာရှိသေးပြီး အန္တရာယ်ကင်းရှင်းမှုကို စိုးရိမ်နေကြဆဲပဲဖြစ်ပါတယ်။ အမေရိကန် (CDC) က ထပ်ဆင့်မြှင့် ကာကွယ်ဆေးထိုးနှံဖို့ ငါးလလို့ သတ်မှတ်လိုက်ပါတယ်။ ဖိုင်ဇာ၊ ဂျွန်ဆင်၊ မိုဒါနာ ကာကွယ်ဆေးများဖြစ်တယ်။
ကိုဗစ်မျိုးကွဲဖြစ်တဲ့ အခြားကိုဗစ်မျိုးကွဲတွေထက် ဒယ်မီခရွန်က အဆုတ်ထိခိုက်မှု လျော့နည်းစေနိုင်တယ်လို့ တိရစ္ဆာန်တွေမှာ လေ့လာတဲ့သုတေသနအရ သိရပါတယ်။ ကြွက်များမှာ စမ်းသပ်ချက်အရ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းနဲ့ အောက်ပိုင်းမှာ ထိခိုက်မှုနည်းတယ်လို့ သုတေသနမှာ ပါဝင်တဲ့ အမေရိကန်နဲ့ ဂျပန်ပညာရှင်တို့က ဆိုပါတယ်။ နှာခေါင်း၊ လည်ချောင်း၊ အဆုတ်မှာ ရောဂါပိုး ပမာဏနည်းပါးတာ တွေ့ရကာ ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေ ပြန့်ပွားနိုင်ခြေနည်းတယ် ဆိုပါတယ်။ ကူးစက်နှုန်းမြန်ပါတယ်။
ကိုဗစ်ကပ်ရောဂါမဖြစ်ရအောင် ကိုယ်ခံအားကောင်းမွန်ဖို့ လိုပါတယ်။ကိုဗစ်က အကင်းမသေတဲ့အပြင် မျိုးကွဲသစ်တွေနဲ့ အားယူဖို့ ပြင်နေပါတယ်။ တုပ်ကွေးလို နှစ်စဉ် ကာကွယ်ဆေးထိုးနှံသွားရမယ့် သဘောမျိုး ရှိပါတယ်။
ကိုယ်ခံအား ကောင်းမွန်မြင့်တက်နေဖို့ ပြင်ပက ကိုဗစ်ကာကွယ်ဆေးအပြင် ခန္ဓာကိုယ်ကနေထွက် ရှိတဲ့ ကိုယ်ခံစွမ်းအားကောင်းဖို့ လိုအပ်ပါတယ်။ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုကနေ လုပ်ဆောင်နေတာမဟုတ်ဘဲ အားလုံးကနေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် နိုဝင်ဘာ ၈ ရက်မှာ တောင်အာဖရိက၊ ဘော့ဆွာနာနိုင်ငံမှာ အိုမီခရွန်မျိုးကွဲ ကိုဗစ်ဗိုင်းရပ်ကို စတင်တွေ့ရှိခဲ့ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စောင့်ကြည့်ရမယ့် ဗိုင်းရပ်မျိုးကွဲအဖြစ် ကြေညာခဲ့ပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်က ပီကင်း ဆောင်းရာသီအိုလံပစ် ပြိုင်ပွဲ မတိုင်မီသီတင်းသုံးပတ်အလို အဓိက မြို့အများအပြား ကပ်ရောဂါဆိုင်ရာ သတိပေးချက် အမြင့်ဆုံးအထိ တပ်လှန့်နှိုးဆော်မှုနဲ့အတူ နိုင်ငံတစ်ဝန်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၀ ရက်မှာအလွန်ကူးစက်မြန် အိုမီခရွန်မျိုးကွဲ ဗိုင်းရပ်ကူးစက်မှုဖြစ်စဉ်အများအပြား တွေ့ရှိခဲ့ပါတယ်။
ကူးစက်မြန် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုဖြစ်စဉ် ပေါ်ပေါက်လာခြင်းဟာ လော့ဒေါင်းချမှတ်မှု သုံးပတ်မြောက်ရောက်ရှိ လာတဲ့ဒေသခံ ၁၃ သန်းနေထိုင်ရာ ရှီအန်းမြို့ အပါအဝင် ဗိုင်းရပ်ကူးစက်မှုဖြစ်စဉ် အများအပြား တိုက်ဖျက်နေတဲ့ တရုတ်အစိုးရရဲ့ ကိုဗစ်ကင်းစင်ရေး မဟာဗျူဟာအပေါ် နောက်ထပ် စမ်းသပ်မှု ဖြစ်လာပါတယ်။
နိုင်ငံမြောက်ပိုင်း တီအန်ကျင်းမြို့မှ ကူးစက်ကာ အန်ယန်းမြို့မှာ ဇန်နဝါရီ ၁၀ ရက်ကအိုမီခရွန်ကူးစက်မှု နှစ်ဦးတွေ့ခဲ့ပြီး တီယန်ကျင်းမြို့မှ ဗိုင်းရပ်ကူးစက်မှု အစုအဖွဲ့တစ်ခုနဲ့ပတ်သက်လို့ စိုးရိမ်မှုမြင့်တက်ခဲ့ပါတယ်။ ပီကင်းမြို့မှ မိုင် ၁၅၀ အကွာရှိ တီယန်ကျင်းမြို့မှာ ဒေသခံ ၁၄ သန်း ဗိုင်းရပ်ကူးစက်ခံရခြင်း ရှိမရှိစစ်ဆေးဖို့ အမိန့်ထုတ်ထားပြီး မူကြိုကျောင်းများပိတ်ကာ စားသောက်ဆိုင်များလည်း ဆိုင်ထိုင်စားသောက်မှု ပိတ်ပင်ကန့်သတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
အာဖရိကမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀ သန်းကျော် ရှိလာပြီး အာဖရိကနိုင်ငံ ၅၅ ခုရှိ လူပေါင်း ၁ ဒသမ ၂ ဘီလျံဆိုင်ရာ အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ထုတ်ပြန်ခဲ့ပါတယ်။
မက္ကဆီကိုနိုင်ငံမှာ သမ္မတ အန်းဒရက်စ်မန်နျူရယ်လိုပက်စ် ဘရာဒေါ ဇန်နဝါရီ ၁၀ ရက်က ကိုရိုနာဗိုင်းရပ်စ် ဒုတိယအကြိမ် ကူးစက်ခံရကာ သမ္မတတာဝန်များကို အွန်လိုင်းကတစ်ဆင့် ဆောင်ရွက်နေပါတယ်။ ဇန်နဝါရီ ၉ ရက်က ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ ၃၀၀၀၀ ကျော်စံချိန်တင်မြင့်တက်ခဲ့ပြီး အမှန်ကူးစက်ခံရမှုဟာ တရားဝင်ထုတ်ပြန်မှုထက် ပိုများပြားကြောင်း သတိပေးခဲ့ပါတယ်။
ကမ္ဘာတစ်ဝန်း ကိုဗစ်ကြောင့် သေဆုံးမှုအမြင့်ဆုံးဖြစ်တဲ့ ပီရူးမှာ ဇန်နဝါရီ ၉ ရက်က နေ့အလိုက် ကူးစက်သူ ၁၆၀၀၀ ကျော်အထိ စံချိန်တင်မြင့်မားခဲ့ပြီး ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တော်မှာ ကိုဗစ်ကန့်သတ်ချက်များ ဆန့်ကျင်တဲ့အနေနဲ့လူပေါင်း ၅၀၀၀ ခန့် “ကာကွယ်ဆေး အာဏာရှင်စနစ်” ဆိုတဲ့ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာဆန္ဒပြခဲ့ကြပါတယ်။
ပြင်သစ်နိုင်ငံမှာ အိုမီခရွန် မျိုးကွဲဗိုင်းရပ်ကြောင့် ဗိုင်းရပ်စ်ကူးစက်မှု မြင့်မားနေပြီး ဗိုင်းရပ်ကူးစက်ခြင်း ရှိမရှိ စစ်ဆေးတဲ့ စင်တာများရဲ့ အပြင်ဘက်မှာ လူများတန်းစီ စောင့်ဆိုင်းနေရချိန် ဗိုင်းရပ်စစ်ဆေးမှု လုပ်ငန်းများတိုးမြင့်ခဲ့ပါတယ်။
အီတလီမှာဇန်နဝါရီ ၁၀ ရက်မှစတင်ကာ နိုင်ငံသားများအနေနဲ့ အများပြည်သူ ပို့ဆောင်ဆက်သွယ်ရေးမှာ ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်ပြသဖို့မလိုဘဲ ကင်းလွတ်ခွင့်ရရှိခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ကိုဗစ်ကူးစက်မှုအသစ် စံချိန်တင်မြင့်တက်ခဲ့ပြီး မနီလာမြို့တော်မှာ ဆေးရုံတက်နေရာများနဲ့ ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များ တိုးမြှင့်ဖို့အမိန့် ထုတ်ပြန်ခဲ့တယ်လို့ အကြီးတန်းအစိုးရတာဝန်ရှိသူက ဇန်နဝါရီ ၉ ရက်ကဆိုပါတယ်။ တရုတ်နိုင်ငံမှာ ၂၀၁၉ ခုနှစ်ဒီဇင်ဘာမှစလို့ ကိုဗစ် ဖြစ်ပွားချိန် တစ်ကမ္ဘာလုံး ကိုဗစ်ကြောင့်ဇန်နဝါရီ ၁၁ ရက်အထိ သေဆုံးသူ ၅၄၈၄၅၆၈ ဦးရှိကာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ သန်း ၃၁၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၁၃ ရက်အထိ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူ ၁၇ သန်း၊ တစ်ကြိမ် ထိုးပြီးသူ ၄၁၆၂၄၂၅ ဦး စုစုပေါင်း ထိုးနှံပြီးသူ ၂၁၁၅၉၂၃၃ ဦးရှိပါတယ်။ အတည်ပြုကိုဗစ်လူနာ ၅၃၂၇၂၅ ဦး၊ရောဂါကြောင့် သေဆုံးသူ ၁၉၂၉၈ ဦးရှိပြီဖြစ်ပါတယ်။
အိုမီခရွန်မျိုးကွဲ ဗိုင်းရပ်က လောင်စာထိုးပေးနေတဲ့ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ တလိပ်လိပ်တက်လာခြင်း ရင်ဆိုင်နေရတာကြောင့် ဂျပန်ဟာ ပြည်ပမှ ထပ်မံဆိုက်ရောက်သူ အားလုံးနီးပါးကို ဖေဖော်ဝါရီလကုန်ပိုင်းအထိ ပိတ်ပင်မယ့် အစီအမံများ သက်တမ်းတိုးသွားပြီး ကာကွယ်ဆေး ထပ်ဆင့်မြှင့်ဆေး ထိုးနှံပေးမယ့်နေရာများ ပြန်လည်ဖွင့်လှစ်ပေးသွားမယ်လို့ ဇန်နဝါရီ ၁၁ ရက်က ဆိုပါတယ်။ ဇန်နဝါရီ ၉ ရက် တစ်နိုင်ငံလုံး ကူးစက်ခံရသူ၈၂၄၉ ဦးရှိကာ ကျောင်းများ၊ စျေးများ၊ လူစုလူဝေးများ ပိတ်ပင်ကာ နိုင်ငံဝင်၊ ထွက်လေ ယာဉ်ခရီးစဉ်၊ သင်္ဘောခရီးစဉ်များ ကန့်သတ်ထားခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ လာမယ့် ဖေဖော်ဝါရီ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ပြင်ဆင်နေချိန် လူဦးရေ ငါးသန်းနေထိုင်တဲ့ အန်ယန်းမြို့မှာ ဇန်နဝါရီ ၈ ရက်က ကူးစက်သူ ၈၄ ဦးရှိခဲ့လို့ လော့ဒေါင်းချမှတ်ခဲ့ပါတယ်။ ပြင်သစ်အစိုးရကမူ အိုမီခရွန် မျိုးကွဲကူးစက်မှုများနေပေမဲ့ ကျောင်းများ မပိတ်ကြောင်း ကြေညာထားပါတယ်။
ကိုရိုနာဗိုင်းရပ်မှ မဟုတ်။ ဗိုင်းရပ် အားလုံးဗီဇပြောင်းတတ်ကြပါတယ်။ အဆိုပါဗီဇပြောင်းခြင်းဟာ ကျပန်းဖြစ်ပေါ်တတ်ပါတယ်။ ဗီဇပြောင်းလဲခြင်းမှာ ပြောင်းလဲလေ့ မရှိတာ ဗိုင်းရပ်ရဲ့ ပုံတူပွားနိုင်စွမ်းနဲ့ ကူးစက်ပျံ့နှံ့နိုင်စွမ်းဖြစ်ပါတယ်။ ဗီဇပြောင်းလဲခြင်းများဟာ မျိုးကွဲတစ်ခုကို ကိုယ်ပိုင်အမှတ်သရုပ်တစ်ခု ဖြစ်ပေါ်စေတဲ့အတွက် ကမ္ဘာ့အနှံ့အပြားမှာ ဗိုင်းရပ် ဘယ်လိုကူးစက်ပျံ့နှံ့နေတယ်ဆိုတာ ခြေရာခံနိုင်ခြင်း ဖြစ်ပါတယ်။ အချို့ပုံတူပွားနိုင်စွမ်းအပေါ် ထိခိုက်မှုရှိလာတဲ့ ဗီဇပြောင်းလဲမှုက မူလဗိုင်းရပ်ရဲ့ ပျံ့နှံ့မှုနှုန်း မယှဉ်သာတဲ့အတွက် အလျင်အမြန် မျိုးသုဉ်းပျောက်ကွယ်သွားတာမျိုးလည်း တွေ့ရပါတယ်။
တစ်ပြိုင်တည်းမှာ ပျံ့နှံ့ကူးစက်မှုကို ပိုမိုအားကောင်းစေတဲ့ ဗီဇပြောင်းလဲမှုများ ဖြစ်ပေါ်တိုးတက်လာတာကို တွေ့ရပါတယ်။ ဗီဇပြောင်းလဲမှုဖြစ်လာပြီဆိုရင် မူလဗိုင်းရပ်ထက် ကူးစက်နိုင်စွမ်း ပိုမိုအားကောင်းတဲ့အတွက် ကူးစက်မှု လွှမ်းမိုးနိုင်ပါတယ်။ ပုံမှန် နှစ်ပေါင်းထောင်ချီတာ ကူးစက်ရမယ့် အရေအတွက်ကို ရက်ပိုင်း၊ လပိုင်းအတွင်း ကူးစက်နိုင်ခြင်း ဖြစ်တဲ့အတွက် ချားစ်ဒါဝင်စကားအရ သဘာဝရွေးချယ်မှုဖြင့် ဖြစ်ပွားလာရသည့် ဆင့်ကဲဖြစ်စဉ်တစ် မျိုးပင်ဖြစ်သည့် ပြောရမှာပါ။
ကိုဗစ်ဟာ အချိန်ကြာလာတာ နဲ့အမျှ အယ်ဖာ၊ ဘီတာ၊ ဂမ်မာ၊ ဒယ်တာ၊ လမ်ဘဒါ၊ မြူ၊ ပြီးနောက် နီယိုနဲ့ ဇီကိုကျော်ကာ အိုမီခရွန် ဗီဇပြောင်း ပျံနှံ့ကူးစက်မှုမြန်ဆန်လာပါတယ်။ ကာကွယ်ဆေးထိုးပြီးသူများလည်း ထပ်မံကူးစက်နိုင်လို့ တတိယအကြိမ် ထပ်ဆင့်မြှင့်ဆေးထိုးနှံဖို့ အမေရိကန်၊ ဗြိတိန်၊ အစ္စရေး၊ စင်ကာပူမှာ ပြင်ဆင်လာတယ်။ အစ္စရေးမှာ လေးကြိမ်မြောက်ဆေး ထိုးနှံနေပြီဖြစ်တယ်။ မြန်မာနိုင်ငံမှာလည်း ယခင်ကိုဗစ်ကာကွယ် ဆေးနှစ်ကြိမ်ထိုးနှံပြီး ခြောက်လကြာသူများ ထပ်ဆင့်မြှင့် ဆေးထိုးနှံဖို့ ပြင်ဆင်လာကြပါတယ်။
ယခုပျံ့နှံ့နေတဲ့ အိုမီခရွန်မျိုးကွဲဟာ အခြားမျိုးကွဲများထက်ပိုပြီး အားကောင်းတဲ့ ခုခံမှုစနစ်လိုအပ်မှာဖြစ်ပါတယ်။ အဆင့်မြင့်ခုခံမှု စနစ်အတွက် ကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီးသူများ (၃-၆) လကြာမှာ ထပ်ဆင့်မြှင့် ကာကွယ်ဆေးထိုးနှံခြင်း (သို့မဟုတ်) ကူးစက်ခံရဖူးသူများကို ကာကွယ်ဆေးထိုးပေးခြင်း ဆောင်ရွက်လာပါတယ်။ ဖိုင်ဇာ ကုမ္ပဏီက ရက်ပေါင်း ၁၀၀ အတွင်း ကိုဗစ်အိုမီခရွန်အတွက် ကာကွယ် ဆေးထုတ်လုပ်နိုင်မယ်ဆိုထားသ လို မိုဒါနာကုမ္ပဏီက ၂၀၂၂ ခုနှစ် မတ်လအတွင်း အိုမီခရွန် ကာကွယ် ဆေး ထုတ်လုပ်ဖြန့်ချိတော့မယ် ဆိုပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြည်သူတိုင်း ထပ် ဆင့်မြှင့်ကာကွယ်ဆေး ထိုးနှံဖို့ ဆော်သြထားသလို ဗြိတိန်ကလည်း ကာကွယ်ဆေးသန်းနဲ့ချီ စုဆောင်း ထားပါတယ်။
ကိုဗစ်ကပ်ရောဂါကာလအစက သည်ကမ္ဘာမြေပေါ်မှာ သည်လိုရောဂါဆိုးပျံ့နှံ့၊ကူးစက်၊ သေဆုံးကြရမယ်လို့ အိပ်မက်ပင် မမက်ခဲ့ကြရဖူးပါဘူး။ သုတေသီတွေက တစ်နှစ်အတွင်း ကိုဗစ်ကာကွယ်ဆေး အရေးပေါ်ထိုးနှံဖို့စီစဉ်ထားခဲ့ပေမဲ့ ကိုဗစ်တတိယလှိုင်းမှာ လူသန်းနဲ့ချီ ရောဂါဖြစ်ပွား ကူးစက်ပျံ့နှံ့ သေဆုံးခဲ့ကြရပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာက ဗိုင်းရပ်က ခုခံမှုလုံးဝမရှိတဲ့ လူထုအတွင်း ကူးစက်ပျံ့နှံ့ခဲ့တာ ဖြစ်ပြီး ယခုအိုမီခရွန်က ကိုယ်ခံအားရှိနှင့်ပြီးဖြစ်တဲ့ လူထုအတွင်း ဗီဇပြောင်းနဲ့ ထပ်မံရောက်ရှိလာတာဖြစ်လို့ ရောဂါပြင်းထန်မှု လျော့ကျကာ ဆေးရုံတက်ခြင်း၊ အောက်ဆီဂျင်ရှူခြင်း၊ ကျူဝင်ရခြင်း၊ ရောဂါ ပြင်းထန်မှုတို့ နည်းပါးသွားစေပါတယ်။ ယခင် ကိုဗစ်စဖြစ်ခါစတုန်းကလို ခုခံအားမဲ့ အခြေအနေမဟုတ်တော့လို့ အိုမီခရွန်ဗီဇကွဲပျံ့နှံ့ကူးစက်မှု အပေါ်ခံနိုင်ရည်ရှိလာတာပဲ ဖြစ်ပါတယ်။
ကိုဗစ်ရောဂါဟာ အိုမီခရွန် စတုတ္ထလှိုင်းမှာ ရောဂါကူးစက် ပြန့်နှံ့မှု မြန်ဆန်လှပေမဲ့ ရောဂါပြင်း ထန်မှု၊ သေဆုံးမှုလျော့ကျသွားမလားဆိုတာ ပြည်သူတိုင်း ကိုဗစ် စည်းမျဉ်းစည်းကမ်းနဲ့အညီ လိုက်နာဆောင်ရွက်သွားမှသာ ရရှိနိုင်ပါတယ်။ ကာကွယ်ဆေးထိုးနှံခြင်း၊ ကိုဗစ်စည်းမျဉ်းလိုက်နာခြင်း စတဲ့ အားသာချက်များ ရယူကာရောဂါ ပျံ့နှံ့ကူးစက်မှုသာမက ရောဂါပြင်းထန် သေဆုံးမှုများ ထိန်းချုပ်နိုင်မှသာ ကိုဗစ်နှင့်အတူ ယှဉ်တွဲနေထိုင်ရေး ပုံမှန်ဘဝသစ်နဲ့နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။










