လုပ်ငန်းအစီအစဉ်၊ လုပ်ငန်းအဆင့်ဆင့် (Processes)

လုပ်ငန်းအစီအစဉ်၊ လုပ်ငန်းအဆင့်ဆင့် (Processes)
Published 16 January 2022
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် စာရေးသူတို့ ဘွဲ့ကြိုသင်တန်း တက်စဉ်အချိန်အခါမှ ကျောင်းဆရာ နည်းပြအဖြစ် တာဝန်ထမ်းဆောင်သည့် အချိန်ကာလအထိ အဓိက သင်ကြားရေးဌာနများအဖြစ် ဖွဲ့စည်းထားရှိသည်မှာ ဘောဂဗေဒဌာန၊ ၀ါဏိဇ္ဇဗေဒဌာနနှင့် စာရင်းအင်းပညာဌာနတို့ဖြစ်ကြပါသည်။ ထို့ပြင် အထက်ဖော်ပြပါ ဘာသာရပ် သုံးခုနှင့် သက်ဆိုင်သည့် ဆရာဆရာမများအပြင် အခြားသက်ဆိုင်သည့် ဘာသာရပ်များရှိ ဆရာဆရာမများနှင့် တည်ထောင်ထားရှိသည့်ဌာနမှာ သုတေသနနှင့် စီမံခန့်ခွဲမှုပညာဌာန ဖြစ်ပါသည်။

နောက်ပိုင်းတွင် သုတေသန ဆိုသည့်အမည်ကို ကြားရသည်နှင့် တီကို ဆားနှင့်တို့လိုက်သကဲ့သို့ ကြောက်ရွံ့တတ်ကြသည့် အုပ်ချုပ်သူ၊ လုပ်ပိုင်ခွင့်အာဏာရှိသူများကြောင့် သုတေသနအမည်မှာ ကွယ်ပျောက်သွားခဲ့ရပြီး ယနေ့အချိန်အခါတွင် စီမံခန့်ခွဲမှုပညာဌာန အမည်နှင့်သာ ရပ်တည်လျက် ရှိနေပါသည်။ တက္ကသိုလ်အုပ်ချုပ်ရေးနှင့် သက်ဆိုင်သည့်ဌာနများကိုမူ တင်ပြခြင်း မပြုတော့ပါ။

စာရေးသူသည် ပညာရပ်ဆိုင်ရာနှင့် ပတ်သက်သည့် အကြောင်းအရာဆောင်းပါးများကို ရေးသားတင်ပြရာ၌ အချို့သော ပညာရပ်ဆိုင်ရာ သတင်းအချက်အလက်များမှာ ယနေ့အချိန်အခါတွင် ရောထွေး၊ ရှုပ်ထွေးနေတတ်ပါသည်။ ထိုကဲ့သို့ အကြောင်းအရာ သတင်းအချက်အလက်များ ရောယှက်ရှုပ်ထွေးလာခဲ့ပါက လွယ်ကူရှင်းလင်း စေရေးအတွက် စာရေးသူ အသုံးပြုသည့်နည်းလမ်းမှာ တက္ကသိုလ်များရှိ အထူးပြုသင်ကြားလျက်ရှိကြသည့် ဘာသာရပ်ဆိုင်ရာဌာနကြီးများက သတ်မှတ်ထားရှိသည့် သင်ရိုးသင်ခန်းစာများတွင် ပါရှိသော ဘာသာရပ်များကို အသုံးပြုကာ ခွဲခြမ်းစိတ်ဖြာခဲ့ပါလျှင် အကြောင်းအရာ သတင်းအချက်အလက်များမှာ ရှင်းလင်းသွားသည်ကို တွေ့ရှိရပါသည်။

ဥပမာအားဖြင့် စာရင်းအင်းပညာဌာနက သင်ကြားပို့ချလျက်ရှိသည့် ဘာသာရပ်များသည် ဒီဇိုင်းမိုဒယ်တည်ဆောက်ရာတွင် အဓိကအသုံးပြုရသည့် ဘာသာရပ်များ ဖြစ်ကြပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေဆဲအချိန် တစ်နည်းအားဖြင့် (Operation) ပြုလုပ်ချိန်များတွင် အသုံးပြုရသည့် စာရင်းအင်းပညာဌာနက သင်ကြားလျက်ရှိသည့် ဘာသာရပ်မှာ လုပ်ဆောင်ချက်သုတေသန (Operation Research) ဆိုသည့် ဘာသာရပ်တစ်ခုအနေဖြင့်သာ သီးခြားတည်ရှိပါသည်။ အဆိုပါ ဘာသာရပ်တွင် အများဆုံးပါဝင်သည့် အကြောင်းအရာများကိုလည်း ၀ါဏိဇ္ဇဗေဒဌာနနှင့် စီမံခန့်ခွဲမှုပညာဌာနက သင်ကြားပို့ချလျက်ရှိသည့် ဘာသာရပ်များထဲတွင် စီမံခန့်ခွဲမှုဆိုင်ရာ သိပ္ပံပညာ (Management Science) ဘာသာရပ်အဖြစ် ပြဋ္ဌာန်းထားရှိပါသည်။

စာရေးသူ အဓိကတင်ပြလိုသည့်အချက်မှာ စီးပွားရေးတက္ကသိုလ်များတွင် အမှန်တကယ် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အထူးပြုလေ့လာသည့် ဘာသာရပ်အများစုမှာ ၀ါဏိဇ္ဇ ဗေဒဌာနနှင့် စီမံခန့်ခွဲမှုပညာဌာနက သင်ကြားပို့ချလျက်ရှိသည့် ဘာသာရပ်များ ဖြစ်ကြပါသည်။

သို့သော်လည်း ယခုတင်ပြမည့် လုပ်ငန်းအစီအစဉ်လုပ်ငန်းအဆင့်ဆင့် (Processes) အကြောင်းအရာသည် အစိုးရ၊ ပုဂ္ဂလိက၊ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ၊ ကဏ္ဍမျိုးစုံ၊ နေရာမျိုးစုံ၊ အကြောင်းအရာမျိုးစုံတွင် ပါဝင်ပတ်သက်နေသည့်အပြင် တက္ကသိုလ်များရှိ ဘာသာရပ်အသီးသီးတွင်လည်း တည်ရှိနေသည့်အတွက် အဓိပ္ပာယ်ဖော်ပြထားချက်များမှာလည်း ကွဲပြားခြားနားလျက်ရှိနေပြီး စာဖတ်သူတို့အတွက် အလွယ်တကူရှင်းရှင်းလင်းလင်း သိမြင်နားလည်စေရေး ဖမ်းဆုပ်ဖော်ပြရန်ပင် အနည်းငယ် အခက်အခဲရှိပါသည်။ စာရေးသူအနေဖြင့် လူအများ လက်လှမ်းမီ ရရှိနိုင်စေမည့် အင်တာနက်စာမျက်နှာများမှ အဓိပ္ပာယ်ဖော်ပြချက်များနှင့် စာရေးသူ လေ့လာခဲ့ရသည့် စာရင်းအင်းပညာဘာသာရပ်တွင် တွေ့ရှိရချက်များ၊ အတွေ့အကြုံများအပေါ်တွင် အခြေခံပြီးရှင်းလင်းတင်ပြပါမည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ တိုင်းပြည်နိုင်ငံတော်ကို တည်ဆောက်နိုင်စေရေးအတွက် လုပ်ငန်းအစီအစဉ် လုပ်ငန်းအဆင့်ဆင့် (Processes) ကို အကောင်အထည် ဖော်ဆောင်ရွက်ကြရာတွင် အုပ်ချုပ်ရေးအာဏာကို ရယူထားသူများ၏ ကြုံရင်ကြုံသလို ပါးစပ်ဖြင့် ပြောကြားချက်များကို အခြေခံကာ အကောင်အထည်ဖော်ဆောင်ရွက်တတ်သည့် အလေ့အထ ယဉ်ကျေးမှုကို တတ်နိုင်သမျှလျော့နည်းပပျောက်စေပြီးလျှင် တိုင်းပြည်နိုင်ငံတော်၏ မျှော်မှန်းချက်ကို အခြေခံကာ သဘောတရားအရ ဖော်ဆောင်ထားရှိသည့် ဒီဇိုင်း (Conceptual Design) နှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ဆောင်ချက်ဒီဇိုင်း (Operational Design) များအပေါ် မူတည်ကာ စနစ်တကျ သတ်မှတ်ထုတ်ဖော်ထားရှိသည့် လုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများအရ လုပ်ငန်းအစီအစဉ်၊ လုပ်ငန်းအဆင့်ဆင့်ကို အပြည့်အဝ အစွမ်းကုန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေးကို ရည်ရွယ်ပါသည်။

ပထမဦးစွာ လုပ်ငန်း (Processes) နှင့်ပတ်သက်သည့် ဘာသာပြန်ချက်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို တင်ပြပါမည်။ စာရေးသူအနေဖြင့် (Process) ကို “လုပ်ငန်း” ဟု ဘာသာပြန်ဆိုပြီး Processes ကိုမူ လုပ်ငန်း အစီအစဉ် လုပ်ငန်းအဆင့်ဆင့်အဖြစ် အနီးစပ်ဆုံး အဓိပ္ပာယ်ကို ရရှိနိုင်စေရန် ဘာသာပြန်ဆိုထားပါသည်။ စာရင်းအင်းပညာ ဘာသာရပ်အရ ဥပမာပေးရပါလျှင် အခြေခံကိန်းဂဏန်းအချက်အလက်များ (Data) ကို ထည့်သွင်း (Input) ပြီးလျှင် ရလဒ် (Output) သို့မဟုတ် အဖြေ (Result) ရရှိစေရန် ပြုလုပ်သည့် ကြားအဆင့်အားလုံးကို (Process) ပြုလုပ်သည်ဟု ခေါ်ဆိုပါသည်။ ကွန်ပျူတာဘာသာရပ်တွင်မူ အဆိုပါကဲ့သို့ ပြုလုပ်ပေးသည့် အစိတ်အပိုင်းပစ္စည်းကို (Processor) ဟု ခေါ်ဆိုကြပါသည်။

ပရောဂျက် (Project) တစ်ခုအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများကိုလည်း (Process) ဟု ခေါ်ဆို အသုံးပြုကြပါသည်။ လုပ်ငန်းအစီအစဉ်လုပ်ငန်း အဆင့်ဆင့်အဖြစ် ဘာသာပြန်ဆိုမည်ဆိုပါက သင့်တော်အဆင်ပြေပါသည်။ သို့သော်လည်း (Peace Process) ကိုမူ “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်” အဖြစ် ဘာသာပြန်ဆိုထားသည်ကိုလည်း တွေ့ရှိရပါသည်။ စာရေးသူ၏ ကိုယ်ပိုင်အမြင်ဖြင့် ဘာသာပြန်တင်ပြရပါလျှင် “ငြိမ်းချမ်းရေး လုပ်ငန်းအစီအစဉ်လုပ်ငန်း အဆင့်ဆင့်” အဖြစ် ဘာသာပြန်ဆိုပါက အဓိပ္ပာယ်နှင့် ပိုမိုနီးစပ်သည်ဟု ထင်မြင်ပါသည်။

အင်တာနက်စာမျက်နှာတွင် တွေ့ရှိရသည့် Process ၏ အဓိပ္ပာယ်ဖော်ပြထားချက်ကို တင်ပြပါမည်။ “Process: a series of actions or steps taken in order to achieve a particular end.” (Internet) တင်ပြထားချက်အရ “Process ဆိုသည်မှာ သီးခြားသတ်မှတ်ပြဋ္ဌာန်းထားရှိသည့် ပန်းတိုင်တစ်ရပ်ကို ရရှိရောက်ရှိနိုင်စေရေး အလို့ငှာ အဆင့်ဆင့်ဆောင်ရွက်ခြင်း သို့မဟုတ် အစီအစဉ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းရပ်တစ်ခုဖြစ်ပါသည်။”

ဒုတိယအနေဖြင့် အထက်တွင် ဖော်ပြခဲ့သည့် လုပ်ငန်းနှင့် ပတ်သက်သည့် သဘောတရားများကို ပုံတွင် ဖော်ပြထားပါသည်။ ပုံတွင် ပါရှိသည့် သတင်းအချက်အလက်အားလုံးကို ယခုဆောင်းပါး အဆင့်ဖြင့် ပြည့်စုံစေရန် ရှင်းလင်းတင်ပြခြင်း မပြုလုပ်နိုင်သည့် အခြေအနေဖြစ်ပါသည်။ စာဖတ်သူတို့အတွက် သတိပြုစေလိုသည့်အချက်မှာ သဘောတရားအရ ဖော်ဆောင်ထားရှိသည့် ဒီဇိုင်း (Conceptual Design) ၏ အခန်းကဏ္ဍနှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ဆောင်ချက်ဒီဇိုင်း (Operational Design) ၏ အခန်းကဏ္ဍ နှစ်ခုတို့ကို တာဝန်နှင့် လုပ်ပိုင်ခွင့်များအတွက်ပါ ထည့်သွင်းစဉ်းစားစေလိုပါသည်။

တတိယအနေဖြင့် မိမိတို့ တိုင်းပြည်နိုင်ငံတွင် တည်ရှိဖြစ်ပေါ်ခဲ့သည့် သို့မဟုတ် ဖြစ်ပေါ်နေဆဲဖြစ်သည့် အခြေအနေများကို စာရေးသူ တွေ့မြင်သိရှိ ကြုံဆုံခဲ့ရသည့် အဖြစ်အပျက်ဖြစ်စဉ်များကို အခြေခံကာတင်ပြပါမည်။ စာရေးသူကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်သည့်အချိန် စာရေးသူ၏ မူရင်း စိတ်စေတနာအရ မိမိတို့ တိုင်းပြည်နိုင်ငံတော်ကြီးကို ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိစွာ မားမားမတ်မတ် ရပ်တည်နေစေလိုပြီး ပြည်သူပြည်သား နိုင်ငံသားများသည်လည်း ဂုဏ်သိက္ခာရှိစွာ အသက်ရှင် ရပ်တည်နေထိုင်စေလိုသည့် အခြေအနေကို ရရှိရောက်ရှိစေရန် ဆန္ဒများဖြစ်ပေါ်မိပါသည်။

အထက်တွင် ဖော်ပြခဲ့သည့် ဆန္ဒများအရ စာရေးသူအနေဖြင့် မိမိသင်ယူတတ်မြောက်ခဲ့သည့် အသိပညာ၊ အတတ်ပညာ၊ နည်းပညာများကို အခြေခံပြီး ဆရာကြီးများထံ မေးခွန်းမေးမြန်းခဲ့ပါသည်။ အဆိုပါ မေးခွန်းမှာ ပုံတွင် ဖော်ပြထားချက်များအရ ဝန်ကြီး၊ ဝန်ကလေးများမှာ သဘောတရားအရ ဖော်ဆောင်ထားရှိသည့် ဒီဇိုင်း (Conceptual Design) ၏ အခန်းကဏ္ဍနှင့် ပတ်သက်သည့် မူများ၊ မူဝါဒများအတွက် အဓိကတာဝန်ရှိသူများ ဖြစ်ကြပါသော်လည်း မိမိတို့၏ မူလတာဝန်များကို ကျေပွန်စေရန် ထမ်းဆောင်ခြင်းမပြုဘဲ ထိုကဲ့သို့သော တာဝန်များ ထမ်းဆောင်လျက်ရှိသည်ကို သတင်းစာ၊ ရေဒီယို၊ တယ်လီဗေးရှင်း စသည့် မီဒီယာများတွင် မတွေ့ရှိရဘဲ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများတွင်သာ စိတ်ဝင်စားပြီး ကိုယ်တိုင် ပါဝင်ဆောင်ရွက်လျက်ရှိနေကြသည်ကို တွေ့ရှိနေကြရပါသည်။

အဘယ့်ကြောင့် ထိုကဲ့သို့ တည်ရှိဖြစ်ပေါ်နေပါသလဲဆိုသည့် မေးခွန်းကို မေးမြန်းခဲ့ရာ အောက်ဖော်ပြပါ အဖြေများမှာ စိတ်ဝင်စားစရာကောင်းလှပါသည်။ ဆရာကြီးများထံမှ အဖြေပေါင်း မြောက်မြားစွာ ရရှိခဲ့ပါသော်လည်း စာရေးသူအနေနှင့် အရေးကြီးသည်ဟု ထင်မြင်ရသည့် အဖြေနှစ်ရပ်ကိုသာ စာဖတ်သူများ အတွက် တင်ပြပါမည်။ ပထမ အဖြေတစ်ရပ်မှာ ဝန်ကြီး၊ ဝန်ကလေးများအဖြစ် ခန့်အပ်ခံရသည့် လူပုဂ္ဂိုလ်များအနေဖြင့် မိမိတာဝန်ယူဆောင်ရွက်ရမည့် ဝန်ကြီးဌာနနှင့် ပတ်သက်သည့် အသိပညာ၊ အတတ်ပညာ၊ နည်းပညာများကို ကျွမ်းကျင်စွာ တတ်မြောက်ထားရှိရန် လိုအပ်ပြီး သို့မဟုတ် အသိပညာ၊ အတတ်ပညာ၊ နည်းပညာများကို ကျွမ်းကျင်စွာ တတ်မြောက်ထားသူများအား ရှာဖွေရရှိထားရန် လိုအပ်ပြီး သို့မှသာလျှင် သဘောတရားအရ ဖော်ဆောင်ထားရှိသည့် ဒီဇိုင်း (Conceptual Design) ၏ အခန်းကဏ္ဍနှင့် ပတ်သက်သည့် မူများ၊ မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ မိမိတို့ တိုင်းပြည်နိုင်ငံတွင် ခန့်အပ်ထားရှိသည့် ဝန်ကြီး၊ ဝန်ကလေးများမှာ အထက်ပါကဲ့သို့သော အရည်အချင်းများ ရှိကြပါသလား ဆိုသောမေးခွန်းကို ပြန်လည် အမေးခံခဲ့ရပါသည်။

ဒုတိယအနေဖြင့် အထက်တွင် ဖော်ပြထားသည့် သဘောတရားအရ ဖော်ဆောင်ထားရှိသည့် ဒီဇိုင်း (Conceptual Design) ၏ အခန်းကဏ္ဍနှင့် ပတ်သက်သည့် မူများ၊ မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်နေရမည်ဆိုပါက “ပိုက်ဆံ” မရရှိနိုင်ကြောင်း၊ သိသာမြင်သာသည့်ရလဒ် ပေါ်ထွက်လာစေရန်မှာလည်း လွန်စွာခက်ခဲကြောင်း၊ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေသည့် နေရာများမှာသာ ဝန်ကြီး၊ ဝန်ကလေးတို့၏ လုပ်ပိုင်ခွင့်အာဏာနှင့် ဂွင် (ခွင်) များကို ဖန်တီးပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဆိုပါက “ပိုက်ဆံ” အများကြီးရရှိနိုင်ကြောင်း၊ အထက်ဖော်ပြပါ အကြောင်းများကြောင့် သတင်းစာ၊ ရေဒီယို၊ တယ်လီဗေးရှင်းစသည့် မီဒီယာများတွင် ဝန်ကြီး၊ ဝန်ကလေးများကို လက်တွေ့အကောင်အထည်ဖော်သည့် အလုပ်ခွင်၊ နေရာများတွင် တွေ့ရှိနေကြရခြင်းဖြစ်ကြောင်း လေ့လာသိရှိခဲ့ရပါသည်။ စာဖတ်သူများအနေနှင့်လည်း ကိုယ်တိုင်လေ့လာကြည့်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

နောက်ဆုံးအနေဖြင့် အချက်နှစ်ရပ်ကို စာရေးသူအနေနှင့် အဆိုပြုတင်ပြလိုပါသည်။ ပထမအချက်မှာ “ဆင်အလုပ် ဆင်လုပ်၊ မြင်းအလုပ် မြင်းလုပ်၊ ခွေးအလုပ် ခွေးလုပ်” ဆိုသည့် သဘောတရားကို လက်ကိုင်ထား ကျင့်သုံးနိုင်ကြစေရန် အကြံပြုပါသည်။ စာဖတ်သူတို့အနေဖြင့် ဆင်အလုပ်ကို ခွေးက လုပ်ခဲ့လျှင် ဘာဖြစ်ပါမည်လဲ။ မြင်းအလုပ်ကို ခွေးကလုပ်ခဲ့လျှင် ဘာဖြစ်ပါမည်လဲ။

ဆင်အလုပ်ကို မြင်းက လုပ်ခဲ့လျှင် ဘာဖြစ်ပါမည်လဲဆိုသည့် မေးခွန်းများကိုမူ စာဖတ်သူများကိုယ်တိုင် အဖြေထုတ်စဉ်းစားကြစေလိုပါသည်။

ဒုတိယအချက်အနေဖြင့် လွတ်လပ်ရေး ရရှိပြီးချိန်ကတည်းက တိုင်းပြည်နိုင်ငံတော်၏ အုပ်ချုပ်ရေးတာဝန်၊ နိုင်ငံတော်၏ အာဏာကို ရယူခဲ့ကြသူများအနေဖြင့် ရှက်တတ်ကြစေလိုပါသည်။ ယနေ့အချိန် မိမိတို့တိုင်းပြည်နိုင်ငံတော်ကြီးမှာ ဖွံ့ဖြိုးမှု ရှုထောင့်အရ ကြည့်ပါကလည်း ကမ္ဘာ့အလယ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC)၊ လူသားချင်းစာနာထောက်ထားမှု ရှုထောင့်အရကြည့်ပါလျှင်လည်း ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာရသူ၊ အိုးအိမ်စွန့်ခွာရသူများ တည်ရှိဖြစ်ပေါ် လျက်ရှိနေသည့်နိုင်ငံအဖြစ်သို့ ရောက်ရှိနေရသည်မှာ ခေတ်အဆက်ဆက် နိုင်ငံတော်၏ အာဏာကို ရယူခဲ့ကြသူများ၊ တိုင်းပြည်နိုင်ငံတော်ကို အုပ်ချုပ်ခဲ့ကြသူများတွင် တာဝန်ရှိပါသည်။ တိုင်းပြည် နိုင်ငံတော်ကြီးမှာ မြန်မာ့သမိုင်းတွင် ဆိုးရွားသည့် အခြေအနေအဖြစ် မှတ်တမ်းဝင်နေပြီဖြစ်ပါသည်။

စာရေးသူအနေဖြင့် “ဘယ်သူ သေသေ ငတေမာလျှင်ပြီးရော” စိတ်ထားရှိသူများအတွက် အကြံမပြုလိုပါသော်လည်း တိုင်းပြည်နိုင်ငံတော်ကို ချစ်မြတ်နိုး တန်ဖိုးထားသူများအတွက်မူ ရှက်တတ်ကြစေလိုပါသည်။

နိဂုံးချုပ်အနေနှင့် တင်ပြလိုသည်မှာ မိမိတို့ တိုင်းပြည်နိုင်ငံတော်ကြီးကို ကမ္ဘာ့အလယ်တွင် အဆင့်အတန်းမီ တည်ဆောက်နိုင်စေရေးအတွက် လုပ်ငန်းအစီအစဉ် လုပ်ငန်းအဆင့်ဆင့် (Processes) ကို အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် အုပ်ချုပ်ရေးအာဏာကို ရယူထားသူများ၏ ကြုံရင် ကြုံသလို ပါးစပ်ဖြင့် ပြောကြားချက်များကို အခြေခံကာ အကောင်အထည် ဖော်ဆောင်ရွက်တတ်သည့် အလေ့အထ ယဉ်ကျေးမှုကို တတ်နိုင်သမျှ လျော့နည်းပပျောက်စေပြီးလျှင် တိုင်းပြည် နိုင်ငံတော်၏ မျှော်မှန်းချက်ကို အခြေခံကာ သဘောတရားအရ ဖော်ဆောင်ထားရှိသည့် ဒီဇိုင်း (Conceptual Design) နှင့် လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ဆောင်ချက်ဒီဇိုင်း (Operational Design) များအပေါ်မူတည်ကာ စနစ်တကျ သတ်မှတ်ထုတ်ဖော်ထားရှိသည့် လုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများအရ လုပ်ငန်း အစီအစဉ် လုပ်ငန်းအဆင့်ဆင့်ကို အပြည့်အဝ အစွမ်းကုန် အကောင်အထည် ဖော်ဆောင်ရွက်နိုင်စေရေးကို ဦးတည်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

Most Read

Most Recent