COVID-19 ရောဂါကာကွယ်ရေးနှင့် စပ်လျဉ်းသည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များကို ဇန်နဝါရီလကုန်အထိ ထပ်မံတိုးမြှင့်ခြင်း
COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ရန် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများ အားလုံးကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ် ကုသရေးဗဟိုကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများကို ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး အဆိုပါ ကန့်သတ်ချက်များအားလုံးကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ တိုးမြှင့်လိုက်ခြင်းကို ထပ်မံ၍ သက်တမ်းတိုးမြှင့်လိုက်ခြင်း ဖြစ်သည်။
သို့ရာတွင် အရေးပေါ် အစိုးရတာဝန်ဖြင့်ဖြစ်စေ၊ မလွှဲမရှောင်သာသော ကိစ္စရပ်များကြောင့် ဖြစ်စေ၊ ပြည်ပနိုင်ငံသားများ (သံတမန်များနှင့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများမှ ဝန်ထမ်းများအပါအဝင်) အနေဖြင့် မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲရန် ရှိမည့်ရေးလေယာဉ် (သို့မဟုတ်) အထူးလေယာဉ်များဖြင့် လာရောက်ရန်ရှိပါက ပြည်ဝင်ခွင့် ဗီဇာဆိုင်ရာ ကန့်သတ်မှုများမှ ကင်းလွတ်ခွင့် ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်အကူအညီတောင်း ခံရမည်ဖြစ်ကြောင်း သိရသည်။
လေကြောင်းခရီးသွားလာခြင်းမှတစ်ဆင့် မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့်ကာလကို၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ သက်တမ်းတိုးမြှင့်ထားခြင်းအား ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
၂၀၁၆ခုနှစ်မှ ၂၀၂ဝပြည့်နှစ် သြဂုတ်လအထိ e-Visa ဖြင့် မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံတကာမှ ခရီးသွား ၁ ဒသမ ရသန်း ကျော်ရှိပြီး ၎င်းတို့ e-Visa လျှောက်ထားမှုမှ ဝင်ငွေရရှိမှု အမေရိကန် ဒေါ်လာ ၆၉ ဒသမ ၂ သန်းရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၁၆ခုနှစ်မှ ၂၀၂ဝပြည့်နှစ် သြဂုတ်လအထိ မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံတကာမှ ခရီးသွားများ ဆိုက်ရောက်ဗီဇာ လျှောက်ထားမှုမှ ရရှိဝင်ငွေ အမေရိကန် ဒေါ်လာ ၇၁ ဒသမ ၅၂ သန်းရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ဝင် ဗီဇာ ၁၄မျိုးကို ခွင့်ပြုလျက်ရှိပြီး ဆိုက်ရောက်ဗီဇာ အမျိုးအစားအား ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်သုံးခုတွင် နိုင်ငံပေါင်း ၅၅ နိုင်ငံမှ နိုင်ငံသားများကို လုပ်ငန်းဗီဇာ၊ အလုပ်ရုံ၊ ဆွေးနွေးပွဲ အပါအဝင် ဗီဇာအမျိုးအစားများအား ဆိုက်ရောက်ဗီဇာစနစ်ဖြင့် ခွင့်ပြုထုတ်ပေးလျက်ရှိသည်။
ဗဟိုဘဏ်က ၂၀၂၂ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် ဒေါ်လာ ၁၅ သန်းရောင်းချခြင်း
ဗဟိုဘဏ်က ၂၀၂၂ ခုနှစ်တွင် ပထမဆုံးအကြိမ်ဖြစ် နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် ဒေါ်လာ ၁၅ သန်းကို ရောင်းချခဲ့ကြောင်း သိရသည်။
၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၇ ရက်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် အမေရိကန်ဒေါ်လာ ၁၅ သန်းအား ရောင်းချခဲ့ပြီး လေလံအတွက် ပျမ်းမျှ ငွေလဲလှယ်နှုန်းမှာ ၁၇၇၈ ကျပ် ဖြစ်ကြောင်း သိရသည်။
၂၀၂၁ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ကျပ်ငွေတန်ဖိုးကျဆင်းမှု အမြင့်ဆုံးအဖြစ် တစ်ဒေါ်လာ ကျပ် ၂၇၀၀ ဝန်းကျင်သို့ရောက်ရှိခဲ့ကြောင်း သိရသည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ နောက်ဆုံးပတ်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၇၀၀ ဝန်းကျင်ရှိနေပြီး ရန်ကုန်မြို့ရှိ ငွေလဲကောင်တာအချို့ အရောင်းအဝယ် ပြုလုပ်ခြင်းမရှိဘဲ ပိတ်သိမ်းထားသည်အထိ ဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။
နိုင်ငံခြားငွေ ရောင်းစျေးနှုန်းနှင့် ဝယ်စျေးနှုန်းအကြား အများဆုံးထားရှိရမည့် ကွာဟချက် သတ်မှတ်ခြင်းကို ပယ်ဖျက်ပြီးနောက် နိုင်ငံခြားငွေလဲကောင်တာများတွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ကျပ် ၂၀၀၀ ဝန်းကျင်ဖြင့် စတင်ရောင်းချခဲ့ကြောင်း နိုင်ငံခြားငွေလဲ ကောင်တာများမှ သိရသည်။
ယင်းသို့ ကျပ်ငွေတန်ဖိုး ကျဆင်းမှုအားဖြေလျှော့နိုင်ရန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာ ၄၄၃ ဒသမ ၈ သန်းအထိ ရောင်းချထားပြီး ဒီဇင်ဘာလတွင် ဒေါ်လာ ၁၁၈ သန်းအထိ စံချိန်တင် ရောင်းချခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ဗဟိုဘဏ်က ဒေါ်လာ ၁ ဒသမ ၈ သန်း ဝယ်ယူခဲ့သည်။ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လအလိုက် ဒေါ်လာ ရောင်းချခဲ့မှုအနေဖြင့် ဖေဖော်ဝါရီလတွင် ဒေါ်လာ ၆ ဒသမ ၈ သန်း၊ မတ်လတွင် ရောင်းချမှုမရှိခဲ့ပေ။ ဧပြီလတွင် ဒေါ်လာ ၁၂ သန်း၊ မေလတွင် ဒေါ်လာ ၂၄ သန်းနှင့် ဇွန်လတွင် ဒေါ်လာ ၁၂ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၃၉ သန်း၊ သြဂုတ်လတွင် ဒေါ်လာ ၂၈ သန်း၊ စက်တင်ဘာလတွင် ဒေါ်လာ ၆၃ သန်း၊ အောက်တိုဘာလတွင် ဒေါ်လာသန်း ၁၁၀၊ နိုဝင်ဘာလတွင် ဒေါ်လာ ၃၁ သန်းနှင့် ဒီဇင်ဘာလတွင် ဒေါ်လာ ၁၁၈ သန်းဖြင့် စုစုပေါင်းဒေါ်လာ ၄၄၃ ဒသမ ၈ သန်းအထိ ရောင်းချခဲ့သည်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ ဒီဇင်ဘာလအထိ လအလိုက် ရောင်းဝယ်မှုပမာဏများမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ဒေါ်လာ ၃၉ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီတွင် ဒေါ်လာ ၃၁ ဒသမ ၅ သန်း၊ မတ်တွင် ဒေါ်လာ ၂၁ သန်း၊ မေတွင် ဒေါ်လာ ၁၆ ဒသမ ၇ သန်း၊ ဇွန်တွင် ၃၉ ဒသမ ၁ သန်း၊ ဇူလိုင်တွင် ဒေါ်လာ ၃၁ ဒသမ ၁ သန်း၊ သြဂုတ်တွင် ဒေါ် လာ ၃၅ ဒသမ ၆ သန်း၊ စက်တင်ဘာတွင် ဒေါ်လာ ၄၄ ဒသမ ၂ သန်း၊ အောက်တိုဘာတွင် ဒေါ်လာ ၄၃ သန်း၊ နိုဝင်ဘာတွင် ဒေါ်လာ တစ်သိန်း၊ ဒီဇင်ဘာလတွင် ဒေါ်လာ ၇ ဒသမ ၈ သန်း ဝယ်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီတွင် ဒေါ်လာ ၂ ဒသမ ၇ သန်း၊ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာတွင်ဒေါ်လာသုံးသန်း ပြန်လည်ရောင်းချခဲ့သည်။
၂၀၂၁ ဒီဇင်ဘာလ နောက်ဆုံးပတ်မှ စ၍ ကျပ် ၁၈ သိန်းကျော်သို့ ရောက်ရှိလာသည့့် မြန်မာ့ရွှေစျေးနှုန်း
မြန်မာ့ရွှေစျေးနှုန်းသည် ၂၀၂၁ ဒီဇင်ဘာလ နောက်ဆုံးပတ်မှ စတင်ကာ ၁၈သိန်းကျော်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
၂၀၂၁ ဒီဇင်ဘာ ၂၆ရက်မှစတင်ကာ မြန်မာ့ရွှေစျေးနှုန်းသည် ၁၈ သိန်းကျော်သို့ ရောက်ရှိခဲ့ပြီး ၁၈၀၂၆၀၀ ဝန်းကျင်ရှိခဲ့ခြင်းဖြစ်သည်။
ကျပ် ၂၂၅၀၀၀၀ ဝန်းကျင်အထိ စံချိန်တင်ရောက်ရှိခဲ့သည့် ပြည်တွင်းရွှေစျေးနှုန်းမှာ စက်တင်ဘာ ၂၉ရက်တွင် ပြန်လည်ကျဆင်းခဲ့ပြီး ကျပ် ၂၀၇၀၀၀၀ သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။ စက်တင်ဘာ ၂၉ ရက်တွင် ပြည်တွင်းရွှေစျေးနှုန်းများမှာ ၁၆ ပဲရည် အခေါက်ရွှေစျေးနှုန်းမှာ ၂၀၇၀၀၀၀ ဝန်းကျင်နှုန်းဖြင့် စျေးပိတ်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၂၈ ရက်တွင် ကမ္ဘာ့ရွှေစျေး ဒေါ်လာ ၁၇၅၁ ဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးနှုန်းမှာ တစ်ရက်အတွင်း ကျပ်နှစ်သိန်းကျော် ခုန်တက်ကာ ကျပ် ၂၂၅၀၀၀၀ ဝန်းကျင်သို့ စံချိန်တင် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။ စက်တင်ဘာ ၂၈ ရက်တွင် ပြည်တွင်းရွှေစျေးနှုန်းများမှာ ၁၆ ပဲရည် အခေါက်ရွှေစျေးနှုန်းမှာ ၂၂၅၀၀၀၀ ဝန်းကျင်ရှိနေပြီး ၁၅ ပဲရည် ရွှေစျေးနှုန်းမှာ ၂၀၁၄၀၀၀ ဝန်းကျင်ရှိနေခြင်း ဖြစ်သည်။
၂၀၁၆ ခုနှစ်မှစ၍ ၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင် စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါ ရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။
ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့သည်။