၂၀၂၁ ခုနှစ် ငါးသားပေါက်ရာသီကို ယခင်နှစ်များနှင့်မတူဘဲ မေ၊ ဇွန်၊ ဇူလိုင်လများအဖြစ် သတ်မှတ်လိုက်ပါတယ်။ ၂၀၂၁ ခုနှစ်မှ စတင်ပြီး ငါးသားပေါက်ရာသီကို တစ်နှစ်လျှင် တစ်လ ရှေ့တိုးပြီး သတ်မှတ်သွားမှာ ဖြစ်ကြောင်း သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ကြေညာလိုက်တာပါ။ ဒီနှုန်းအတိုင်း သတ်မှတ်သွားရင် လာမယ့် ၂၀၂၂ ခုနှစ်ဆိုရင် ငါးသားပေါက်ရာသီက ဧပြီ၊ မေ၊ ဇွန်လများအဖြစ် သတ်မှတ်မှာပါ။
၂၀၂၃ ခုနှစ်ကျရင် မတ်၊ ဧပြီ၊ မေလအဖြစ် သတ်မှတ်မည့် အနေအထား ဖြစ်နေပါတယ်။ ငါးသားပေါက်ရာသီက ၂၀၂၀ ပြည့်နှစ်အထိ ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လများအဖြစ် သတ်မှတ်ခဲ့တာပါ။ အဲဒီလများက ငါးသားပေါက်ရာသီ ဖြစ်တဲ့အပြင် လှိုင်းလေပြင်းထန်တဲ့မိုးရာသီဖြစ်ပြီး ငါးဖမ်းလှေအား လုံးရပ်နားကြကာလုပ်ငန်းရှင်များက လှေပြင်ဆင်ခြင်း လုပ်ကိုင်ကြသလို ရေလုပ်သားများကလည်း လယ်ယာလုပ်ငန်းခွင်သို့ဝင်ရောက်ပြီး မိသားစုလုပ်ငန်းများကို လုပ်ကိုင်ကြတဲ့ ကာလဖြစ်ပါတယ်။ ပင်လယ်ပြင်အတွင်း လှိုင်းလေ အပြင်းထန်ဆုံးအချိန်အခါဖြစ်တဲ့အတွက် ရေလုပ်သားများအတွက် လုပ်ငန်းရပ်နားရန် အသင့်တော်ဆုံးဖြစ်သလို ကုန်းပေါ်မှာရှိတဲ့ လယ်ယာလုပ်ငန်းခွင်များ စတင်တဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။
ရာသီအချိန်အခါအလိုက် ဟန်ချက်ညီညီ အလုပ်အကိုင် မပျက်ဘဲ လုပ်ကိုင်နိုင်ကြပါတယ်။
“ရေလုပ်သားအများစုက ငါးသားပေါက်ရာသီရောက်ရင် နေရပ်ကိုပြန်ကြပါတယ်။ နေရပ်မှာရှိတဲ့ လယ်ယာလုပ်ငန်းတွေမှာ ဝင်ရောက်ကူညီကြတယ်။ တချို့ကလည်း နေ့စားအဖြစ် လယ်ယာလုပ်ငန်း၊ ဥယျာဉ်လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ပြီး မိသားစုနဲ့ သုံးလတာ အချိန်ကုန်ကြတယ်။ အလုပ်လက်မဲ့မဖြစ်ကြတော့သလို မိသားစုနှင့်လည်း တွေ့ရတယ်။ အပိုဝင်ငွေလေးတွေလည်း ရှာဖွေနိုင်ကြတယ်။ အခုငါးသားပေါက် ရာသီပြောင်းလိုက်တော့ နွေရာသီမှာ လုပ်ငန်းနားပြီး မိုးရာသီမှာ ပင်လယ်ပြင်ထွက်ရတဲ့ ပုံစံဖြစ်သွားတယ်” လို့ ကမ်းဝေးရေလုပ်သားတစ်ဦးက ပြောကြားခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှာ ငါးသားပေါက်ရာသီကို မေ ၁ ရက်မှစတင်ပြီး ဇူလိုင် ၃၁ ရက်အထိသတ်မှတ်ခြင်းကို ပညာရှင်များက ဆွေးနွေးပွဲတွေ အများကြီး လုပ်ဆောင်ပြီး သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
“ငါးဖမ်းရာသီသတ်မှတ်မှုကို အလုပ်ရုံဆွေးနွေးပွဲတွေ၊ ပညာရှင်တွေ အကြိမ်ကြိမ်ဆွေးနွေးပြီးမှ သတ်မှတ်ခဲ့တာပါ။ ငါးဖမ်းရာသီကို တစ်နှစ်မှာ တစ်လစီ ရှေ့တိုးပိတ်သွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါက ပညာရှင်တွေ သုံးသပ်ပြီးမှ လုပ်ဆောင်ခဲ့တာပါ” ဟု မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်မင်းဦးက ပြောကြားသည်။
၂၀၂၁ ခုနှစ်တွင် မေ၊ ဇွန်၊ ဇူလိုင်လများကို ငါးသားပေါက်ရာသီအဖြစ် သတ်မှတ်လိုက်ခြင်းကြောင့် ငါးဖမ်းလှေများမှာ မေ ၁ ရက်တွင် ဆိပ်ကမ်းများသို့ အပြီးဝင်ရောက်ခဲ့ကြရပါတယ်။ ငါးဖမ်းလှေများဟုဆိုရာတွင် ကင်းမွန်ငါးဖမ်းလှေကြီးများလည်း အပါအဝင် ဖြစ်ပါတယ်။
သြဂုတ်လ ၁ ရက်မှ စတင်ပြီး ငါးဖမ်းရာသီ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည့်အတွက် လုပ်ငန်းခွင် ဝင်ရောက်နေကြသော်လည်း လှေအမျိုးအစားတချို့မှာ လုပ်ငန်း အခက်အခဲဖြစ်နေတယ်လို့ သိရတယ်။
“ဒီနှစ် ငါးဖမ်းရာသီစတင်တော့ မိုးရာသီက မပြတ်သေးဘူး။ သြဂုတ်လဆိုတာ မိုးရွာလို့ကောင်းတုန်းပါ။ ကျွန်တော်တို့လုပ်ငန်းတွေက ဘယ်လိုမှ ပင်လယ်ပြင်ကို မထွက်နိုင်ကြဘူး။ လှေကြီးတချို့တော့ စွန့်စားပြီးထွက်ကြတယ်။ ဒါပေမဲ့လည်း လှိုင်းလေခိုရင်းနှင့်ပဲ အချိန်ကုန်ကြတယ်။ ရာသီအချိန်အခါက မကိုက်ညီဘူး။ ကင်းမွန်လှေတွေက မိုးရွာနေရင်မီးထွန်းလို့ မရဘူး။ လှိုင်းလေငြိမ်ပြီး လမိုက် ညတွေမျိုးမှ လုပ်ငန်းလုပ်လို့ရတယ်။ လှေတွေ အရှုံးပေါ်တဲ့သူတွေရှိသလို တချို့အထွက်စရိတ် အရင်းလေးရရင်ပြီးရော ဆိုပြီး တောင့်ခံထားကြတယ်” လို့ ကင်းမွန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါတယ်။
အလုပ်သမားစရိတ်၊ လှေအထွက်စရိတ်အတွက် ငါးအချို့ ဖမ်းဆီးရမိမှုနှင့်တောင့်ခံထားပြီး လုပ်ကိုင်နေကြရပါတယ်။ ပြီးခဲ့တဲ့နှစ်များက ကင်းမွန်လှေကြီးတစ်စင်း အထွက်စရိတ်မှာ သိန်းတစ်ရာကျော် ကုန်ကျသော်လည်း ယခုအခါလောင်စာဆီ စျေးနှုန်းအပြောင်းအလဲများ၊ ကုန်စျေးနှုန်းအပြောင်းအလဲများနှင့် အခြားကုန်ကျစရိတ်များကြောင့် လှေတစ်စင်းအထွက်စရိတ်မှာ ကျပ်သိန်းနှစ်ရာကျော်အထိ ဖြစ်လာပါတယ်။
“ဒီနှစ်ရာသီဥတု အပြောင်းအလဲကလည်း အတော်ဆိုးတယ်။ နိုဝင်ဘာလအထိ မိုးရွာနေတယ်။ ပင်လယ်ပြင်ရေစီးကြောင်းတွေ၊ ရာသီဥတု အပြောင်းအလဲတွေကြောင့် ငါး၊ ပုစွန်၊ ကင်းမွန်တွေလည်း စားကျက်နေရာ ရွှေ့သွားကြတယ်။ ကင်းမွန်တွေကမိုးရွာတော့ ရေပေါ်မတက်လာတော့ဘူး။ ကျွန်တော်တို့လုပ်ငန်းက ရေပေါ် ငါးဖမ်းနည်းဆိုတော့ ကင်းမွန်တွေ ရေပေါ်မတက်လာရင် ဒုက္ခရောက်ပြီပေါ့။ ပေါင်းကျေးလိုငါးမျိုးလေးတွေပဲဖမ်းပြီး အထွက်စရိတ်၊ အလုပ်သမားစရိတ်လေးရအောင် လုပ်နေရတယ်” လို့ ကင်းမွန်လှေပိုင်ရှင် ဦးစိုးစိုးက ပြောကြားခဲ့ပါတယ်။
ယခုနှစ်တွင် ပင်လယ်ပြင်အတွင်း ကင်းမွန်ရှားပါးနေကာ ငါးငယ်အမျိုးအစား တချို့ပိုမိုပေါများနေကြောင်း ရေလုပ်သားများက ပြောကြားခဲ့ပါတယ်။
“ပင်လယ်ရဲ့သဘောသဘာဝက ဒီအတိုင်းပဲ။ ငါးပေါများလာရင် ကင်းမွန်တွေ ပျောက်သွားတယ်။ ငါးပေါတဲ့နေရာကို ကင်းမွန်တွေ ရှောင်သွားတယ်။ ကင်းမွန်ပေါတဲ့ နေရာဆိုရင် ငါးအုပ်တွေ နည်းသွားတယ်” လို့ ရေလုပ်ငန်းအတွေ့အကြုံများသူ ဦးခင်မောင်က ပြောကြားပါတယ်။
ယခုနှစ် ငါးဖမ်းရာသီအစတွင် ကင်းမွန်ရှားပါးမှုကြောင့် ကင်းမွန် ၁၀ ပိဿာဝင် တစ်ဗန်းကို ကျပ် တစ်သိန်းခုနစ်သောင်းအထိ စျေးကွက်ရရှိခဲ့ပြီး ယခုဒီဇင်ဘာလတွင် တစ်ဗန်းလျှင် ကျပ် တစ်သိန်းသုံးသောင်းစျေး ရှိနေတယ်လို့ လုပ်ငန်းရှင်များက ပြောကြားခဲ့ပါတယ်။ ငါးသားပေါက်ရာသီအတွင်း ငါးလုံးဝမဖမ်းရ (သုည ရာခိုင်နှုန်း) သတ်မှတ်ခြင်းကို ၂၀၁၉ ခုနှစ်တွင် စတင်သတ်မှတ်ခဲ့ပြီး ပင်လယ်ပြင်အတွင်း လုံခြုံရေးတာဝန်ယူထားသည့် မြန်မာ့တပ်မတော် (ရေ) က တင်းကျပ်စွာ စောင့်ကြည့်ခဲ့တယ်။
၂၀၂၁ ခုနှစ်တွင် ငါးသားပေါက်ရာသီကို ရှေ့တိုးသတ်မှတ်ခြင်းကို စတင်ခဲ့ရာ ရာသီပြောင်းလဲသတ်မှတ်နှင့် ရာသီဥတု ပြောင်းလဲမှုများအကြား ငါးဖမ်းလှေအမျိုးအစားတချို့မှာ အခက်အခဲများစွာ ဖြစ်လာနေတယ်လို့ ရေလုပ်ငန်းရှင်တွေအဆိုအရ သိရပါတယ်။
“ဒရွတ်ဆွဲ ငါးဖမ်းလှေကြီးတွေက အကြောင်းမဟုတ်ဘူး။ သူတို့ကို ၁၂ ရာသီစလုံး ငါးဖမ်းခွင့်ပေးထားရင် ဖမ်းနေကြမှာပဲ။ အင်ဂျင်ပါ၀ါ အားကောင်းပြီး လှေကြီး ဖြစ်တဲ့အတွက် ပင်လယ်ထဲနဲ့ ကမ်းနီးတွေမှာ ဒရွတ်တိုက်ဆွဲနေလို့ရတယ်။ ကျွန်တော်တို့က ရေပေါ်ရေလယ် ငါးဖမ်းနည်းတွေဖြစ်တယ်။ ကမ်းနီးမှာလည်း လုပ်လို့မရဘူး။ မိုးရာသီမှာလည်း လုပ်ငန်းလုပ်လို့ မရဘူး။ လပြည့် လသာတဲ့ရက်တွေမှာလည်း လုပ်လို့မရဘူး။ တစ်လမှာ လပြည့်၊ လကွယ်ရက်တွေ တွက်ချက်ပြီးလုပ်ရတယ်။ မိုးရာသီ၊ ငါးသားပေါက်ရာသီတွေ ထပ်နုတ်လိုက်ရင် ကျွန်တော်တို့လုပ်ငန်းက ပင်လယ်ပြင်ထဲမှာ ရက်နည်းနည်းပဲ နေလို့ရတယ်။ အခုငါးသားပေါက် ရာသီသတ်မှတ်လိုက်တဲ့ ပုံစံမျိုးနဲ့ဆိုရင် ပွင့်လင်းရာသီမှာ ကျွန်တော်တို့က လုပ်ငန်းရပ်နားပြီး မိုးရာသီမှာ ပင်လယ်ပြင်အတွင်း ထွက်ရမယ့်ပုံစံဖြစ်နေတယ်။ ကြာလာရင် ဒီလုပ်ငန်းအမျိုးအစားက ပျောက်ကွယ်ပြီး လူတွေလည်း အလုပ်လက်မဲ့ပိုများလာလိမ့်မယ်” လို့ ကင်းမွန် မီးထွန်းလှေပိုင်ရှင်တစ်ဦးက ပြောကြားခဲ့ပါတယ်။
ကိုဗစ်ကပ်ရောဂါ အခြေအနေများကြောင့် ငါးစျေးကွက်အနေအထားများမှာ အာမခံချက်မရှိဘဲ ဝယ်သူပေးသည့်စျေးဖြင့် ရောင်းချနေရသည့် ကာလဖြစ်နေပါတယ်။ ငါးစျေးကွက်မှာလည်း မြန်မာနိုင်ငံတွင် မရှိသေးတဲ့အပြင် ရာသီပြောင်းလဲသတ်မှတ်မှုများကြောင့် ရေလုပ်ငန်းများမှာ အခက်အခဲ ဖြစ်နေပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ရာသီဥတု၊ ရာသီသတ်မှတ်မှု၊ စျေးကွက်အပြောင်းအလဲ စသည်အပြောင်းအလဲများ စွာကြားမှာ ချည့်နဲ့လာတဲ့ ရေလုပ်ငန်းကို ကုစားဖို့ ဒေသအလိုက်၊ လုပ်ငန်းအမျိုးအစားအလိုက်၊ ရာသီအလိုက် ချိန်ခွင်လျှာညှိနိုင်ဖို့က အရေးကြီးနေပြီလားဆိုတာ ကိုဖြင့်…။