ကိုဗစ်ကပ်ရောဂါနှင့် အတူနေရမည့် အနာဂတ်

ကိုဗစ်ကပ်ရောဂါနှင့် အတူနေရမည့် အနာဂတ်
Published 9 January 2022
မိုးဧအောင်

၂၀၁၉ ခု နှစ်ကုန်ပိုင်းမှ စတင်ခဲ့သော ကိုဗစ်ကပ်ရောဂါသက်တမ်း နှစ်နှစ်ရှိလာသောအချိန်၌ ဥရောပနိုင်ငံ အများအပြားမှာ ကိုဗစ်-၁၉ အတွက် ရင်တမမ ရှိနေရဆဲဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် နောက်ဆုံးမျိုးကွဲ အိုမီခရွန်သည် ယခင်ပေါ်ထွက်ပြီး ဗိုင်းရပ်စ်မျိုးကွဲများကဲ့သို့ “အဆိပ်မပြင်း”စေရန်၊ တစ်နည်းဆိုရသော် နိုင်ငံတိုင်း ရင်ဆိုင်ခဲ့ရသော ကပ်ရောဂါလှိုင်းများအလိုက် ရောဂါပြင်းထန်သူ အရေအတွက်၊ သေဆုံးမှုနှုန်းထားများ ယခင်ကဲ့သို့ မြင့်တက်မလာစေရန် မျှော်လင့်လျက်ရှိသည်။ အမေရိကန်ပြည်ထောင်စုတွင် အိုမီခရွန်သည် တောမီးပမာ ပျံ့နှံ့လျက်ရှိသည်။ ခေါင်းဆောင်များကိုကြည့်ရသည်မှာ မည်သို့သော ကန့်သတ်ထိန်းချုပ်မှုမျိုးကို မိမိရရ ကိုင်တွယ်ရကောင်းမှန်း မဆုံးဖြတ်နိုင် သကဲ့သို့ စီးပွားရေးယိမ်းယိုင်မှုကို ပြန်လည် နာလန်ထူရန် လုံလောက်သော စွမ်းဆောင်ရည် မျိုးကိုလည်း စုစည်းနိုင်ခြင်းမရှိဘဲ ကစဉ့်ကလျားဖြစ်နေကြဆဲဟု ဆိုရပေမည်။

အထောက်အထားများအရ ပြန်လည် သုံးသပ်ရလျှင် ကိုဗစ်-၁၉ သက်တမ်း နှစ်နှစ်ရှိ လာသည့်တိုင် ကပ်ရောဂါကို ပိုင်ပိုင်နိုင်နိုင် မထိန်းချုပ်နိုင်သည့်အပြင် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်နိုင်သောမူဝါဒမျိုးကိုလည်း ထိထိ ရောက်ရောက် မချမှတ်နိုင်သေးပါ။ ဤပကတိအခြေအနေမှန်ကြားတွင် ယခင့်ယခင် ဗီဇထွန်းမျိုးကွဲသစ်များကဲ့သို့ပင် အိုမီခရွန်က မခေါ်ပင့်ချီ ရောက်လာခဲ့လေပြီ။ သို့သော် မျိုးကွဲသစ်များ ပေါ်ထွက်နိုင်စွမ်းမှာ ကြိုတင်ခန့်မှန်းမှုပြုနိုင်သကဲ့သို့ ဟောကိန်းထုတ်ထားသည်နှင့်အညီ ဗီဇထွန်းဗိုင်းရပ်စ်ကြောင့် ရောဂါပြန့်ပွားလာချိန်တွင် ကမ္ဘာကြီးသည် အဘယ်ကြောင့် မိမိရရ မကာကွယ်နိုင်ခဲ့ပါ သနည်း။

နတ္ထိကိုဗစ် (Zero COVID) ကို စမ်းသပ်ကျင့်သုံးခဲ့သော နိုင်ငံမှာ များများစားစား မရှိသေးသည့်အတွက် တစ်ကမ္ဘာလုံးအတွက် အလုပ်မဖြစ်သေးဟု ဆိုရပါမည်။ တင်းကျပ်သော ကန့်သတ်မှု မဟာဗျူဟာကို ပြဋ္ဌာန်း ဆောင်ရွက်ခဲ့သည့် အစိုးရအချို့မှာ ကိုဗစ်- ၁၉ နှင့်ပတ်သက်သော ကိန်းဂဏန်းများကို မနာလိုဖွယ်ကောင်းလောက်သည်အထိ လျှော့ချနိုင်ခဲ့ပါသည်။ တစ်ဖန် စီးပွားရေးဆိုင်ရာအခက်အခဲမျိုး ကြီးမားစွာ ရင်ဆိုင်ရခြင်း မရှိသကဲ့သို့ ပြည်သူပြည်သားများ ပုံမှန်လှုပ်ရှားသွားလာမှု အခြေအနေမျိုး ပြန်လည် ရောက်ရှိရန်အတွက် ကူးစက်မှုနှုန်း မြင့်မားခဲ့သော နိုင်ငံများကဲ့သို့ အထူးတလည်အား ထုတ်ရခြင်းမျိုး မရှိခဲ့ကြပါ။

တိုင်းပြည်တစ်ခုအတွင်းရှိ လူ့အဖွဲ့အစည်းအကြား ရောဂါကူးစက်မှုလက္ခဏာ စတင်ပေါ်ပေါက်ချိန်၌ တင်းကျပ်သောအမိန့် အာဏာသုံးကာ ထိန်းချုပ်သည့်နည်းလမ်းက ကပ်ရောဂါမီးပွားကို အချိန်မကြာမီ လွယ်ကူ စွာငြိမ်းသတ်နိုင်သော်လည်း စီးပွားရေးလုပ်ငန်းများ မူလအတိုင်းလည်ပတ်နိုင်ရန် အချိန်ပိုကြာသည်။ သာဓကအားဖြင့် တောင်ကိုရီးယားနှင့် နယူးဇီလန်တို့သည် အမေရိကန် ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံတို့၏ အချို့ပြည်နယ်များထက် ပိုမိုပျော့ပျောင်းစွာ ထိန်းချုပ်ခဲ့သည်။ ဆွီဒင်နိုင်ငံကမူ ကပ်ရောဂါဆိုင်ရာ ကန့်သတ်မှုကို တင်းကျပ်ခဲ့၏။ နတ္ထိကိုဗစ် မဟာဗျူဟာ၏ အကြီးမားဆုံး ပေးဆပ်ရသော တန်ဖိုးအဖြစ် နယ်စပ်ဖြတ်ကျော်သွားလာမှု စည်းကမ်းချက်များ ပိုမိုတင်းကျပ်ရသည့်အတွက် သက်ဆိုင်ရာ ကျန်နိုင်ငံများ၏ ရောဂါ ကူးစက်မှုအပေါ် သည်းခံနားလည်တတ်ရန် အထူးလိုအပ်ပါသည်။ နတ္ထိကိုဗစ်နှင့် ပတ်သက်၍ ထင်ရှားသော အောင်မြင်မှုများ ရှိနေသည့်တိုင် ရေရှည်တွင် တစ်ကမ္ဘာလုံးက လိုက်နာကျင့်သုံးရန် ယုံကြည်ချက်မရှိကြသေးပါ။

သေချာသည့်အမှန်တရားအဖြစ် လက် တွေ့ရင်ဆိုင်ကိုင်တွယ်ရမည်မှာ ကိုဗစ်-၁၉ နှင့်အတူ နေထိုင်တတ်ရန်သာ ဖြစ်သည်။ ထိုအရှိတရားကို ရင်ဆိုင်ရန် ပြင်ဆင်မထားသော နိုင်င့ံခေါင်းဆောင်များအဖို့ အိုမီခရွန် ပေါ်ထွက်လာသည့်အခါ ပိုမိုမြင့်မားသော ကူးစက်မှုနှုန်းထားကြောင့် စဉ်းစားရကျပ်ပြီး တာဝန်ပိုပိလာခဲ့သည်။ နောက်ထပ်အန္တရာယ် တစ်ရပ်မှာ ဗီဇထွန်းသောဗိုင်းရပ်စ်၏ သဘောသဘာဝအရ သေဆုံးမှုမှာလည်း ပြန်လည်မြင့်တက်လာနိုင်ခြင်း ဖြစ်သည်။ သိပ္ပံပညာရှင်များသည် တိရစ္ဆာန်များမှ လူသား တို့ထံ ရောဂါကူးစက်တတ်ကြောင်း ပြောဆိုခဲ့ကြသည်မှာ နှစ်ရှည်လများ ကြာခဲ့ပေပြီ။ သို့သော် အရေးပါသော ထိုစကားကို အရာရောက်သူများ နားထောင်လိုက်နာရန် ပျက်ကွက်ခဲ့ကြ၏။ ထို့ကြောင့် ယခုကဲ့သို့ ကိုဗစ် နှင့်အတူ ရှင်သန်နေထိုင်ရန်တည်းဟူသော အစီအစဉ်သစ်အတွက် ပြင်ဆင်ခြင်းမှာ မလွဲမသွေ လျှောက်ရမည့်လမ်း ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲများကြောင့် နောက်ထပ် ကပ်ရောဂါလှိုင်းလုံးများ ဆိုက်ရောက်ခြင်း သို့မဟုတ် အခြားရောဂါသစ်တစ်မျိုးမျိုး ပေါ်ပေါက်လာခြင်းမျိုးမှာ လူသားတို့ ပုံမှန်ရင် ဆိုင်ရမည့် ဖြစ်မြဲဓမ္မတာဟု မှတ်ယူထားရ မည်။ ထို့ကြောင့် အရေးပေါ်ရင်ဆိုင်နိုင်မည့် စနစ်မျိုးလိုအပ်သကဲ့သို့ ပြဋ္ဌာန်းထားရမည့် ဥပဒေနှင့် လက်တွေ့အကောင်အထည်ဖော်မှုမျိုးလည်း ခိုင်မာစွာအမြစ်တွယ်ရန် လိုအပ်ပါ သည်။ ကမ္ဘာသူကမ္ဘာသားတိုင်း သတိတရားကို လက်ကိုင်ထားကာ ဤအချက်ကို သိမြင်နားလည်ပြီး အစပျိုးရန် လိုအပ်ပါသည်။ သို့မှသာ “ပုံမှန်အခြေအနေ’မှ အကျပ်အတည်းသို့ ဖျတ်ခနဲကူးပြောင်းပြီး ကူးစက်ရောဂါဖြစ်ပွားသည့်အခါတိုင်း အနာဂတ်ကို အကောင်းဆုံး ရင်ဆိုင်နိုင်သွားနိုင်မည်ဖြစ်သည်။

အရေးပေါ်အခြေအနေကို တုံ့ပြန်နိုင်ရေးအတွက် အဓိကအချက်သုံးချက်ကို အထူးပြုဖော်ပြလိုသည်။

ပထမအချက်အဖြစ် နေ့စဉ်လိုက်နာကျင့်သုံးရမည့် အပြုအမူများဖြစ်သည်။ နှာခေါင်းပါးစပ်စည်းများတပ်ခြင်း၊ လူချင်းထိစပ်မှုကို စိတ်ချရသော အကွာအဝေးထိ နေထိုင်ခြင်း၊ သီးသန့်ပုံစံ ဖန်တီးထားသော အလုပ်ခွင် နှင့် ရောဂါပိုးရှိမရှိ ပုံမှန်စစ်ဆေးခြင်းတို့ ပါဝင်သည်။

ဒုတိယအချက်မှာ ရောဂါကူးစက်မှုကို တွန်းအားဖြစ်စေသော ပွဲလမ်းသဘင်များကို အတိုင်းအတာဖြင့် ကန့်သတ်ခြင်းဖြစ်သည်။ ပုံစံပြရသော် ဧည့်ဝတ်ကျေပွန်မှုဆိုင်ရာ လုပ်ငန်းများနှင့် လူအုပ်စုလိုက် သွားလာနေကျ အပန်းဖြေ ပျော်ပွဲရွှင်ပွဲများကို သွားရောက်မည့်သူများ “ရောဂါပြီးမှု” ပေါ်မူတည်ကာ အဖွင့်အပိတ်ပြုပေးရန်ဖြစ်သည်။

တတိယအချက်အဖြစ် အဆိုပါ အရေးပေါ်အခြေအနေမျိုး ရင်ဆိုင်ရသည့်အခါ နားနေခွင့်နှင့် ထောက်ပ့ံကြေးကဲ့သို့ စီးပွားရေးပ့ံပိုးမှုများ ဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။ ယခုအချက်များကို ကြံဆရေးဆွဲသည့် အခါ အခြားဆောင်ရွက်နေကျ အရေးပေါ်လေ့ကျင့်မှုများဖြစ်သော မီးဘေးကာကွယ် တားဆီးရေးနှင့် ငြိှမ်းသတ်ရေး၊ စစ်ပွဲပုံစံ သရုပ်ပြလေ့ကျင့်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ရဲလုပ်ငန်းစဉ်များကဲ့သို့ တိတိ ကျကျ ရှိနေရပါမည်။ သမိုင်းကို ပြန်လှန်သည့်အခါ အတိတ်နိမိတ်အရ မကောင်းဟုဆိုသည့်တိုင် ဗုံးကြဲတိုက်ခိုက်မှု၊ နျူကလီးယား တိုက်ခိုက်မှုများမှ အထိအခိုက်အနည်းဆုံး ရှောင်ရှားနိုင်စေရန် လူသားတို့ကို လေ့ကျင့်ပေးခဲ့ဖူးပါသည်။

ကပ်ရောဂါကျရောက်မှုနှင့်ပတ်သက်သေ ာ ကြိုတင်အစီအမံများကို ကဏ္ဍအလိုက် သုံးပိုင်းခွဲနိုင်သည်။

ပထမပိုင်းမှာ စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သည်။ ကပ်ရောဂါအစပျိုး၍ အရေး ပေါ်အခြေအနေပေါ်ပေါက်သည်နှင့်တစ်ပြိုင်နက် စီးပွားရေးထိခိုက်မှုကို အနည်းဆုံးအဖြစ် လျှော့ချနိုင်ရန်အလို့ငှာ မည်သို့သော ထိန်းချုပ်ကန့်သတ်မှုကို မည်သည့်ပုံစံဖြင့် ပြုလုပ်ကာ မည်သူတို့ကို ပ့ံပိုးရမည်ဟူသော “စံပြုစီးပွားရေးလုပ်ငန်းပုံစံ”နှင့် အာမခံစနစ်များကို အချိန်နှင့်တစ်ပြေးညီ အနာဂတ်အတွက် မျှော်မှန်းရေးဆွဲရပါမည်။

ဒုတိယအပိုင်းမှာ အစိုးရ၏ ဆုံးဖြတ်ချက် ချမှတ်နိုင်ရေးအတွက် လိုအပ်သော ကြိုတင်ညှိနှိုင်းမှုကိစ္စများကို ချောမွေ့အောင် ဆောင်ရွက်ထားခြင်းဖြစ်သည်။ ရောဂါကျရောက်လာသော မည်သည့်အချိန်တွင်မဆိုု “ခလုတ်စ,နှိပ်လိုက်သည်”နှင့် ဖြစ်ပွားပေါ်ပေါက်သော အတိုင်းအတာနှင့်လျော်ညီစွာ တစ်ဆင့်ပြီးတစ်ဆင့် လည်ပတ်နိုင်သည့် အဆင်သင့်အစီအစဉ် ရှိနေရမည်။ ထိုအစီ အမံသည် အရေးကြုံမှ ဆုံးဖြတ်ချက်ကို ကမန်းကတန်း ချရသည့် အမှားအယွင်းမျိုး အနည်းဆုံးဖြစ်စေလိမ့်မည်။ အရေးပေါ်အခြေအနေဟူသည် အချိန်မဆိုင်း ပေါ်ပေါက်နိုင်ကြောင်း စိတ်တွင်စွဲမှတ်ကာ သုံးစွဲရန်လျာထားထားသော ပစ္စည်းကိရိယာများကို  နေ့စဉ်စစ်ဆေးခြင်း၊ စားပွဲပေါ်သို့ ရောက်ရှိလာသော စာရင်းအချက်အလက်များထက် လက်တွေ့ကာကွယ်ဆေးလွှမ်းခြုံမှုကို စဉ်ဆက်မပြတ် ခြေရာခံခြင်းတို့ ပါဝင်သည်။

တတိယပိုင်းအဖြစ် အထက်တွင်ဖော်ပြခဲ့သော ကဏ္ဍနှစ်ရပ်ကို ပိုင်နိုင်စွာဆောင်ရွက်ထားခြင်းဖြင့် နိုင်ငံရေးအရ အလောတကြီး စိတ်စောဆောင်ရွက်မှုများကို လျှော့ချနိုင်ခြင်း ဖြစ်သည်။ လုပ်သင့်လုပ်ထိုက်သည်များကို တင်ကြိုဆောင်ရွက်ခြင်းမပြုဘဲ အချိန်ဆွဲ နှောင့်နှေးစေခြင်းသည် ကြောက်စရာအ ကောင်းဆုံးရန်သူပင်ဖြစ်သည်။ ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်များက ညွှန်ပြနေသည်မှာ ကူးစက်ရောဂါကို ထိန်းချုပ်နိုင်ရေးအတွက် လိုအပ်သည်ထက် ပိုလွန်သောကန့်သတ်မှုများကို ချမှတ်ခဲ့ခြင်းဖြစ်၏။ ယခုအပိုင်းကဏ္ဍများအရ ယခင်တွေးခေါ်ပြုမူပုံများနှင့် ကွဲပြားခြားနားပြီး “ရောဂါပြန်လည်ဖြန့်ဖြူးနိုင်သော လူနာဦးရေ”(R number)ကို အနည်းဆုံးဖြစ်အောင် လျှော့ချရန် ရည်ရွယ်ရင်းဖြစ်သည်။R number ကို “တစ်”အောက်သို့ မလွဲမသွေလျှော့ချလျက် ထိုအခြေအနေကို ကာလရှည်ထိန်းသိမ်းနိုင်ရန် စီမံဆောင်ရွက် ခြင်းသည် ကပ်ရောဂါကူးစက်မှ “တောင်မင်းကို မြောက်မင်းမကယ်နိုင်သည့်အဖြစ်”ထက် ပိုမိုလိုလားဖွယ်ဖြစ်ပါသည်။

နိုင်ငံရေးသမားများ၏စိတ်ထဲ၌ အယူ မှားစွဲမြဲနေကြသည်မှာ လွတ်လပ်ခွင့် သို့မဟုတ် စီးပွားရေးတိုးတက်မှုကို အပြင်ပန်းအကြောင်းပြသည်ဟု မှတ်ယူလျက် ကန့်သတ် ထိန်းချုပ်မှုဘက် အားသန်နေသော အစွန်း တစ်ဘက်ဖြစ်သည်။ လက်ရှိဆောင်ရွက်နေသော ရောကောသောကော ထိန်းချုပ်မှုများထက် အရေးပေါ်အခြေအနေပေါ်ပေါက်သော နယ်မြေအခြေအနေအလိုက် ရက်သတ္တပတ်အနည်းငယ် ထိန်းသိမ်းခြင်းက ပို၍ထိရောက်ကောင်းမွန်ပါသည်။ စစ်ပွဲများ၊ ကပ်ရောဂါများနှင့်ပတ်သက်၍ “နဂို မစခဲ့မိသော စီမံကိန်းများအတွက် ယခုမှ ထလုပ်သော စီမံကိန်းများက ဒဏ်ပေးလိုက်၏” (Plan beats no plan)ဆိုသော ဆိုရိုးစကားရှိပါသည်။ ထိုအရေးကို ရှောင်ရှားနိုင်ရန်အတွက် နောက်ဆုံးသိရှိရမည့် ဗဟုသုတနှင့် သတင်း အချက်အလက်များကို တစ်နေ့မပြတ် ဆည်း ပူးကောက်ယူနေခြင်း၊  ရောဂါကူးစက်မှု အတိုင်းအတာပေါ် မူတည်ကန့်သတ်ခြင်း အားဖြင့် “အနာနှင့်ဆေး၊ တည့်အောင်ပေး”နိုင်ပါလိမ့်မည်။

ကာလရှည်ကြာ တည်တ့ံနေဦးမည့် ကပ်ရောဂါအတွက် ပျောက်လိုပျောက်ငြား ဟန်ဆောင်တွက်ချက်နေသည်ထက်စာလျှင် ဗိုင်းရပ်စ်များနှင့်တကွ မည်သို့တွဲဖက် ခရီးဆက်ကြမည်ကို စီမံကိန်းချမှတ်လျက် ယနေ့ စတင် အကောင်အထည်ဖော်ခြင်းက ပိုမိုလက်တွေ့ကျပါလိမ့်မည်။