လမ်းမတော်မြို့နယ် ၁၃ လမ်းထိပ် လမ်းမတော်ရဲစခန်းအနီးနှင့် စမ်းချောင်းမြို့နယ်တွင် ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ယင်းမြို့နယ်နေသူများထံမှ သိရသည်။
လမ်းမတော်မြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် ၁၃ လမ်းထိပ်၊ လမ်းမတော်ရဲစခန်းအနီးတွင် ယင်းနေ့ နံနက် ၈ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ထိခိုက်ဒဏ်ရာရသူ ရှိမရှိ မသိရှိရသေးပဲ စုံစမ်းနေဆဲဖြစ်သည်။
အဆိုပါရဲစခန်းရှေ့ မဟာဗန္ဓလလမ်းပေါ်နှင့် အနီးဝန်းကျင်တွင် လုံခြုံရေးတင်းကြပ်ထားကာ ဘယ်ရီဂိတ်အကာအရံများချထားကြောင်းသိရသည်။
ထို့ပြင် စမ်းချောင်းမြို့နယ်တွင်လည်း ပေါက်ကွဲသံအချို့ကြားရမှုများရှိခဲ့ပြီး မြေနီကုန်းခုံးကျော်တံတားအောက် ပြည်လမ်းနှင့် ဗားဂရာလမ်းထောင့်ရှိ ယာဉ်ထိန်းရဲကင်းအနီးတွင် ဇန်နဝါရီ ၈ ရက် နံနက်၁၁ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ယင်းနေရာအနီးတွင် လုံခြုံရေးတပ်ဖွဲ့သုံးယာဉ်ကြီးတစ်စီးရပ်ထားကာ သဲအိတ်အကာအရံများဖြင့် လုံခြုံရေးတပ်ဖွဲ့များ စောင့်ကြပ်နေကြောင်း သိရသည်။















