ကြောင် နှာစေးနေသည်

ကြောင် နှာစေးနေသည်
Published 28 December 2021
ထူး (Glory)

ဖြစ်ပုံမှာ အလုပ်မရှိရာကစသည်ဟု ပြောရ‌ပေလိမ့်မည်။ အလုပ်မရှိလျှင် အလုပ်ရှာပါဟု တချို့တက်ကျမ်းပညာရှိများက ပြောကြသည်။ သူတို့သည်လည်း အလုပ်မရှိ၍ အလုပ်ရှာမရသည့်အဆုံး တက်ကျမ်းရေးကာ စီးပွားရှာ‌နေကြကြောင်း ကြောင်တစ်ကောင်က ပြောပြဖူးသည်ကို သိရစဉ်က ပြုံးခဲ့ဖူးသည်။ ပျောက်သောသူသာ ရှာလျှင်တွေ့ကောင်းတွေ့မည်။ မရှိသောအလုပ်ကိုကား မည်သို့ရှာရှာမတွေ့နိုင်ပေဟု ကြောင် ပြန်ပြောလိုသော်လည်း ယခုအချိန်တွင် ကြောင်ကား ကျရှုံးသူတစ်ယောက်ဖြစ်နေ၍ ကြောင် ပြောလေသမျှ မည်သည့်စကားမျှ အရာထင်မည်မဟုတ်ကြောင်း ကြောင်ကောင်းကောင်းသိသည်။ ထို့ကြောင့် ကြောင် မည်သည့်စကားမျိုးကိုမျှမပြောဘဲ ရေငုံနှုတ်ပိတ်လုပ်နေလေသည်။ ခက်နေသည်က အလုပ်သည် ပျောက်နေခြင်းမဟုတ်။ မရှိတော့ခြင်းဖြစ်သည်။ မရှိလျှင် ရှိသည့်အလုပ်ကိုလုပ်ပါဟု တချို့က ပြောကြပြန်သည်။ ကြောင်သည် အလုပ်မရှိပါက ရေသာချိုးနေမည့်‌ ကြောင်ဖြစ်သည်။ ကြောင်လုပ်လေ့မရှိခဲ့သော အလုပ်မျိုးကိုတော့ ကြောင်ဘယ်တော့မှ မလုပ်။ ကြောင်သည် အလုပ်မာနရှိသူဖြစ်သည်။ တွေ့ရာအလုပ်မျိုးကို ကြောင်ဘယ်တော့မှ မလုပ်။ ကြောင်သည် ကြောင်ညံ့တစ်ကောင်မဟုတ်ဟု သူ့ကိုယ်သူခံယူသည်။ သူ့ကိုယ်သူ ခပ်ညံ့ညံ့ကြောင်တစ်ကောင်မဟုတ်ဟု ခံယူပြီးကတည်းက ခပ်ညံ့ညံ့အလုပ်မျိုးကို ကြောင်ဘယ်တော့မှ မလုပ်တော့ပါ။ ထို့ကြောင့် ကြောင် ရေချိုးသည်။ ထို့ကြောင့် ကြောင် အအေးမိနေသည်။ ထို့ကြောင့် ကြောင် နှာစေးနေသည်။

ကြောင် အလုပ်မရှိသည်မှာ နှစ်နှစ်နီးပါးရှိပြီ။ ဆိုခဲ့ပြီးသည့်အတိုင်း အလုပ်မရှိစေကာမူ တွေ့ရာအလုပ်မျိုးကို ကြောင်ဘယ်သောအခါမှ မလုပ်။ ဟိုတုန်းအချိန်အခါကလည်း မလုပ်။ အခုလည်း မလုပ်။ နောင်လည်း လုပ်လိမ့်မည်မဟုတ်ပါ။ နှစ်ရှည်လများ သင်ယူခဲ့ရသော လူမခိုးနိုင်သည့်‌ ကြောင်၏ပညာတို့သည် ဤတွေ့ရာအလုပ်မျိုးကို လုပ်ဖို့မဟုတ်ဟု ကြောင်ခံယူသည်။ ကြောင်မနက်ပြာကတော့ ကြောင်ပေါက်စကလေးများ၏ ရှေ့ရေးကိုတွေးရန် စကားစလာလေ့ရှိသည်။ ကြောင်သည် သူတို့၏အဖေကို တွေ့ရာအလုပ်လုပ်သည့်ကြောင်ဟု အထင်မခံနိုင်ပေ။ အဖေကိုယ်၌က တွေ့ရာအလုပ်မျိုးကို လုပ်ပါလျှင် ကြောင်ပေါက်စကလေးများမှာလည်း တွေ့ရာအလုပ်မျိုးကို လုပ်လိမ့်မည်။ ညံ့ဖျင်းသောအလုပ်ကိုလုပ်ပါက ညံ့ဖျင်းသောမျိုးဆက်ကို သယ်ဆောင်သွားကြလိမ့်မည်။ ယခုအခြေအနေမျိုးတွင် အစာငတ်လျှင်လည်း အစာငတ်ဒဏ်ကို ခံလိုက်မည်။ တွေ့ရာအလုပ်ကို လုပ်သည့်ကြောင်မျိုးဆက်ကိုတော့ ဘယ်တော့မှ မမွေးဖွားဟု ကြောင်က ယတိပြတ်ပြောထားသည်။ ထို့ကြောင့် ကြောင်မနက်ပြာသည် အလုပ်ကိစ္စနှင့်ပတ်သတ်၍ ကြောင့်ကို မည့်သို့သောစကားမျိုးကိုမျှ မဟတော့ပေ။

အလုပ်မရှိဘဲ စားသောက်နေရ၍ကြောင့် ကိုယ်ကြောင် လိပ်ပြာမလုံဖြစ်နေသည်က‌တော့ အမှန်။ အချိန်ရှိသမျှ အလုပ်နှင့် လက်ပြတ်သည်မရှိသည့်ကြောင်က ယခုလိုအချိန်အကြာကြီး အနားယူရသည့်အဖြစ် မျိုးကိုရင်ဆိုင်တွေ့ကြုံလာရသောအခါ မနေတတ်၊ မထိုင်တတ်နှင့် ဟိုယောင်ယောင်သည် ယောင်ယောင်ဖြစ်နေသည်။ အလုပ်မရှိသောကြောင့် မငတ်ရုံတမယ် ခြစ်ကုတ်နေထိုင်စား သောက်နေရသည့်ကြားထဲ အစာမဖူလုံသည့် ကြောင်အချို့က အစာရေစာနှင့်ပတ်သတ်၍ အကူအညီတောင်းခံလာသောအခါမျိုးတွင် အကူအညီမပေးနိုင်၍ ကြောင်မျက်နှာပူမိသည်။ ကြောင်မျက်နှာပူသောကြောင့် မတတ်သာသည့်အဆုံးကြောင် မျက်နှာလွှဲနေလေ့ရှိသည်။ ကြောင်မျက်နှာလွှဲနေတတ်သော်လည်း မျက်နှာပြောင် မတိုက်တတ်။ တစ်နည်းတစ်ဖုံနှင့်တော့ အနည်းနှင်အများရအောင် ကူညီလေ့ရှိသည်။ ကြောင်၏မိတ်ဆွေတချို့ ကြီးပွားတိုးတက်နေသည်ကိုမြင်ရသောအခါ ကြောင်ပီတိဖြစ်ရသည်။ ကြောင် ပျော်ရသည်။ ကြောင် မုဒိတာပွားရသည်။ ကြောင်၏ မိတ်ဆွေအများစုကတော့ ကြောင်မွဲ၊ ကြောင်ဆင်းရဲများဖြစ်ကြသည့်အပြင် ကြောင်ပျင်းများ၊ ကြောင်အလေနတောများဖြစ်သည်ဟု ကြောင်မနက်ပြာက သုံးသပ်ပြောမှုဒဏ်ကို ခံရလေ့ရှိသည်။ ထိုအခါမျိုးတွင် ကြောင်က နားမခံသာ၍ မပြောရန်တားမြစ်လေ့ရှိသည်။ ဤသို့သောကာလမျိုးတွင် အလုပ်ရှိနေခြင်းကိုက လိပ်ပြာမလုံစရာဖြစ်ကြောင်း ကြောင်က ပြောပြသည့်အခါ ကြောင်မနက်ပြာက မျက်စောင်းထိုး၍ ရန်မူလေ့ရှိသည်။ ကြောင်နှင့်ဘဝတူ ကြောင်များ အခက်အခဲရှိနေကြ သော်လည်း အကူအညီကောင်းကောင်းပေးနိုင်သည့် မည်သည့်ကြောင်ကမှ ဟုတ်တိပတ်တိ ကူညီခြင်းမျိုးမရှိခဲ့။ “ကြောင်တို့မှာ ကြောင်ပဲရှိသည်”ဟု ပြောခဲ့ကြသောကြောင် သူတော်တို့လည်း ကြောင်ပျောက်မပျောက်ဘဲ ကြက်ပျောက်ငှက်ပျောက် ပျောက်နေကြသည်။ တချို့ ကြောင်ဖားတို့အကြောင်း တွေးမိလျှင် ကြောင်ဒေါသဖြစ်မိသည်။ ထိုကြောင် ဖားတို့၏မျက်နှာကို ကြောင်၏ရှိသမျှသော လက်သည်းခြေသည်တို့ဖြင့် အားရှိသမျှ ကုတ်ခြစ်ပစ်ချင်သည်။ ကြောင်သည် တွေးရင်း ဒေါသဖြစ်မိကာ နှာရည်တွေပါယိုလာသည်။

တစ်နေ့က ကြောင်၏ မိတ်ဆွေ ကြောင်တစ်ကောင် အိမ်ကိုရောက်လာသည်။ သူအိမ်ကို‌ ရောက်မလာသည်မှာ နှစ်ချီ၍ ကြာပြီ။ သူသည် အိမ်ကို အကြောင်းမဲ့သက်သက် လာသည်‌တော့မဟုတ်။ ငွေကြေးဆိုင်ရာအကူအညီများတောင်းရန်လာခြင်းမျိုးတော့ မဖြစ်တန်ရာ။ ဤရပ်ကွက်တွင် သူ့အကြောင်း ကိုယ်သိ၊ ကိုယ့်အကြောင်းသူသိသည့်ကြောင်များဖြစ်သောကြောင့် တစ်ယောက်မရှိသည် ကိုတစ်ယောက်ကသိသည်။ မည်သည့်အကြောင်းထူးများကြောင့် လာရောက်ပါသနည်းဟု စကားလမ်းကြောင်းစ၍ မေးကြည့်ရာ ကြောင်များအလုပ်အကိုင်အခွင့်အရေးရရှိရန် ကြောင်များကူညီရေးအဖွဲ့ ဖွဲ့ကာ ကြောင်အစည်းအဝေးတစ်ရပ်ကျင်းပရန် စီစဉ်လျက်ရှိကြောင်း၊ ကြောင့်ကိုလည်း တတ်နိုင်သမျှ ၀ိုင်းဝန်းကူညီဆောင်ရွက်စေချင်ကြောင်း ပြောလာသည်။ ကြောင် တစ်ချက်ပြုံးမိသည်။ ကြောင်ကိုယ်၌ကမှ အလုပ်မရှိ၍ မကြာခဏ ရေချိုးနေရသည့်အထဲ ကြောင်များကူညီရေးအဖွဲ့ဖွဲ့ကာ ကြောင်အလုပ်အကိုင် ရှာဖွေမည်ဟု ပြောလာသောအခါ ကြောင်မနေနိုင်၍ပြုံးလိုက်မိခြင်းဖြစ်သည်။ ကြောင် သိပ်စိတ်မပါသော်လည်း ကြောင်မှုရေးအရ ထိုအစည်းအဝေးသို့ ကြောင်မငြင်းဖြစ်ပါ။ မပျက်မကွက် ဆက်ဆက်တက်ရောက်ပါမည်ဟု ကြောင် ကတိပေးလိုက်သည်။ ကတိပေးလိုက်သည့်အတိုင်း ကြောင်များ အစည်းအဝေးသို့ ကြောင် တက်ရောက်သည်။

ကြောင်များအစည်းအဝေးတွင် အလုပ်မရှိသည့်ကြောင်များဖြစ်သောကြောင့် စကားမရှိစကားရှာကာ ထင်ရာပေါက်ကရစကားများ ပြောနေကြသည်။ ထိုစဉ် ကြောင်သဘာပတိကြီးက ငြိမ်သက်ရန်အချက်ပေးလိုက် သည်။ ထို့နောက် ‘မိမိ’ဟုအမည်တွင် နေသော ကြောင်အတွင်းအရေးမှူးချုပ်ကြီးသည် ကြောင်များ၏ရှေ့သို့အသာကြွလာပြီး စကားစသည်။ “မိမိကတော့ ကြောင်များအလုပ်အကိုင်ရှာဖွေရေးအဖွဲ့စည်းရဲ့ အတွင်းရေးမှူးချုပ်ပဲဖြစ်ပါတယ်။ မိမိတို့ကြောင်တွေ အလုပ် အကိုင်မရှိဘဲနေလာကြတာ အခုဆိုရင် နှစ်နှစ်တင်းတင်းတောင်ရှိခဲ့ပြီဆိုတာ ကြောင်များလည်း သိရှိခံစားပြီးဖြစ်ပါလိမ့်မယ်။ ဆိုတော့ကာ မိမိတို့ကြောင်အကြီးအကဲတွေဟာ တစ်နည်းနည်းနဲ့ အလုပ်ကိုင်ရှာဖွေဖို့ တိုင်ပင်စဉ်းစားဆုံးဖြတ်ခဲ့ရာမှာ အချက်သုံးချက်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ တစ်အချက်အနေနဲ့ မိမိတို့ အလုပ်တကယ် လုပ်လိုစိတ်အပြည့်ရှိရပါမယ်။ ဒါဘာလို့ပြောရသလဲဆိုရင် မိမိတို့ဟာ အလုပ်မရှိဘဲနေလာကြတာ အားလုံးသိကြတဲ့အတိုင်း တော်တော့်ကို ကြာခဲ့ပါပြီ။ ဒီတော့ အလုပ်တကယ်ရခဲ့ရင် အလုပ်မလုပ်ဘဲ ဟိုယောင်ယောင် သည်ယောင်ယောင် ဖြစ်နေတတ်ပါတယ်။ အဲဒီလို ဟိုယောင်ယောင် သည်ယောင်ယောင် လုပ်နေခဲ့မယ်ဆိုရင် အရင်းအနီးစိုက်ထားရတဲ့ အလုပ်ရှင်အတွက်လည်း မကောင်း၊ မိမိတို့ရေရှည်အလုပ်အကိုင်အတွက် မတည်မငြိမ်ဖြစ်ကာ မိမိတို့ပဲ အလုပ်လက်မဲ့ပြန်ဖြစ်သွားမှာ စိုးရိမ်တဲ့အတွက် ဒီလိုပြောရခြင်း ဖြစ်ပါတယ်။

နှစ်အချက်အနေနဲ့ အလုပ်အကိုင်အတည်တကျရပြီဆိုရင် မိမိတို့အနေနဲ့ တည်ငြိမ်ဖို့လိုပါတယ်။ မိမိတို့မှာ အလုပ်ရှိနေပါလျက်နက် ဒီအလုပ်ပြီး ဟိုအလုပ်ပြောင်းချင်လို့ မရပါဘူး။ အဲဒီလို ဟိုပြောင်းဒီပြောင်း လုပ်မယ်ဆိုရင် မိမိတို့ကြောင်များ အလုပ်အကိုင်ရှာဖွေရေးအဖွဲ့အတွက် နာမည်ပျက်စရာကိစ္စတွေ ပေါ်ပေါက်လာပါလိမ့်မယ်။ ဒါကြောင့် အလုပ်အကိုင်တစ်ခုရခဲ့ပြီဆိုရင် အနည်းဆုံးတစ်နှစ်တိတိ အလုပ်မပြောင်းဘဲ တည်တည်ငြိမ်ငြိမ်လုပ်စေချင်ပါတယ်။ မိမိတို့ကလည်း ဝင်ငွေကောင်းတဲ့အလုပ်ကို ရဖို့ ကြိုးစားအားထုတ်သွားမှာပါ။ တတိယအချက်‌အနေနဲ့ကတော့ မိမိတို့အဖွဲ့အတွက် ရန်ပုံငွေသဘောမျိုးနဲ့ အကျိုးဆောင်ခပေးသွင်းရမှာ ဖြစ်ပါတယ်။ အကျိုးဆောင်ခပေးသွင်းရာမှာ မိမိတို့အလုပ်အကိုင်ရသည်ဖြစ် စေမရသည်ဖြစ်စေ ဒီအဖွဲ့ထဲမှာဝင်တာနဲ့ အကျိုးဆောင်ခကိုအရင် ပေးသွင်းရမှာဖြစ်ပါတယ်။ ‘မိမိ’ဆိုသော ကြောင်ကြီး၏စကားပင် မဆုံးလိုက်ပါ။ ကြောင်အားလုံးထပြန်ကုန်ကြသည်။ “အလုပ်မရှိလို့မှ အလုပ်ရှာခိုင်းပါ တယ်ဆို အလုပ်မရသေးခင် အကျိုးဆောင်ခက ပေးရမယ်ဆိုတော့ မရေမရာပဲနဲ့ ငါတို့က ပေးစရာလား” စသည်ဖြင့် ဗျစ်တောက်ဗျစ်တောက်ပြောကာ ထွက်သွားကြလေသည်။ ကြောင်လည်း မည်သည့်စကားတစ်ခွန်းမျှ မပြောလိုက်ရ။ အလုပ်ရမည်ဟူသောမက်လုံးသည် တစ်ရက်တည်းတွင်ပဲ ပြန်ပြားသွားသည်။ ထိုကြောင့် ဘိုနေမြဲ ကြောင်နေမြဲ ပြန်ဖြစ်သွားသည်။

ယခု ကြောင် နှာပြန်စေးနေပြန်သည်။ ကြောင်များအစည်းအဝေးမှ ပြန်အလာတွင် ကြောင်သည်ရေကို အကြာကြီး စိမ်ချိုးလိုက် ခြင်းကြောင့် နှာစေးသွားရခြင်းဖြစ်သည်။ ကြောင်သည် အမြဲရေချိုးသူဖြစ်၍ အမြဲနှာ စေးနေတတ်သူဖြစ်သည်။ အခြားဘဝတူကြောင်များ အလုပ်မရှိသည့်အခါ မည်သို့လုပ်ကြသနည်း။ ကြောင်ပေါက်စကလေးများနှင့် ပြေးတန်းလိုက်တန်းဆော့နေမည်လား။ သို့မဟုတ် တုတ်ချောင်းတစ်ချောင်းကို အသားတုံးအမှတ်ဖြင့် ကိုင်နည်းခုတ်နည်းကို သင်ပေးနေမည်လား။ သို့မဟုတ် အခြားကြောင်မိတ်ဆွေများထံ တစ်နေကုန်တစ်နေခမ်း လည်ပတ်နေမည်လား။ သို့မဟုတ် နိုင်ငံရပ်ခြားက အစာရေစာပေါ‌ကြွယ်ဝသော အဆင့်မြင့်မြင့် နေထိုင်ရသည့် ကုသိုလ်ကံထူးသည့်ကြောင်များအကြောင်း တွေးတောနေကြမည်လား။ သို့မဟုတ် ဤရပ်ကွက်တွင် ကြောင်ဖြစ်ရသည်မှာ ကြောင်ဖြစ်ကျိုးမနပ်၊ ကြောင်ဖြစ်ရှုံးသည်ဟု တွေးရင်း ညည်းညူနေကြမည်လား။ သို့မဟုတ် ခြူသံတမြိုင်မြိုင်ဖြင့် ရပ်ကွက်တကာ ‌လှည့်လည်လျှောက်သွားနေသော ကြောင်မကလေးများအကြောင်း တွေးတောနေကြမည်လား။ အခြားကြောင်များ အလုပ်မရှိလျှင် မည်သည့်အလုပ်ကို လုပ်ကြသနည်း။ ကြောင်ကတော့ ရေသာ‌ချိုးနေလေ့ရှိသည်။

ကြောင်သည် နှာတစ်ချက် ချေလိုက်သည်။ သည်တစ်ခါ နှာချေပုံက အားပါးတရ ရှိလှသည်။ နှာချေပြီးနောက် အာရုံများ ပွင့်ထွက်လာသကဲ့သို့ရှိလာသည်။ ကြောင်လောကသားများကို ကူညီရန်အမြဲတွေးနေသူပီပီ လမ်းစတစ်ခုကို ရလာသောကြောင့် ကြောင်အပျော်ကြီးပျော်သွားသည်။ ဟုတ်ပြီ။ ကြောင်တို့မှာ ကြောင်ပဲရှိသည်။ ကြောင်များကို ကူညီဖို့ ကြောင်ကြိုးစားရမည်။ ကြောက်ကြိုးစားမှ ကြောင်များ၏အခွင့်အလမ်းများ တိုးတက်လာမည်။ ဟုတ်ပြီ။ ကြောင်တက်ကျမ်းရေးမည်။ အခြားကြောင်များရေးသော တက်ကျမ်းများနှင့်မတူသော တက်ကျမ်းကို ကြောင်ရေးမည်။ အလုပ်လက်မဲ့ကြောင်များအား ကူညီရန် သည်တစ်ခုသာရှိတော့သည်။ ထိုကြောင့် ကြောင်သည် ကလောင်တံကို တံတွေးဆွတ်၍ စာရွက်တစ်ရွက်အပေါ်၌ ခေါင်းစဉ်တစ်ခုကို ချရေးလိုက်သည်။ ‘မန်ချက်စ တာမှာ အချမ်းသာဆုံးကြောင်’ ဟူ၍ ဖြစ်၏။