ပြစ်မှုကျူးလွန်သော်လည်း ပြစ်ဒဏ်မခံရခြင်း

ပြစ်မှုကျူးလွန်သော်လည်း ပြစ်ဒဏ်မခံရခြင်း
Published 27 December 2021
ဒီဇင်ဘာ ၂၈ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အဘော်

“တရားမျှတမှုဆိုတဲ့ အမည်နာမမှာ ဖိနှိပ်ခြင်းဆိုတာ မရှိနိုင်သလို ငြိမ်းချမ်းခြင်းဆိုတဲ့ အမည်နာမမှာ ပြစ်မှုကျူးလွန်သော်လည်း ပြစ်ဒဏ်မခံရခြင်း (Impunity) ဆိုတာ မရှိနိုင်ပါဘူး”

အယ်လ်ဗာရို အူရီဘေး  (၁၉၅၂ ခုနှစ်- ဖွား)

ကိုလံဘီယာသမ္မတဟောင်း

ပြစ်မှုကျူးလွန်သော်လည်း အရေးယူမခံရခြင်း (Impunity) ဟူသည် အပြစ်ပေးခံရမှု သို့မဟုတ် ဆုံးရှုံးမှုမှ ကင်းလွတ်ခွင့် သို့မဟုတ် ငွေဒဏ်ချမှတ်ခံရမှုမှ လွတ်မြောက်ခြင်းကို ဆိုလိုသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွင် ယင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်သော ပြစ်မှုကျူးလွန်သူများကို အရေးယူရန် ပျက်ကွက်ခြင်းကို ရည်ညွှန်းသည်။ ယင်းသည် သဘောသဘာဝအရကိုက ကျူးလွန်ခံရသူ၏ အခွင့်အရေးဖြစ်သည့် တရားမျှတမှု ပေါ်ပေါက်ရေးနှင့် တရားမျှတမှုရရှိရေးကို ငြင်းဆိုရာရောက်သည်။ Impunity ကို အထူးသဖြင့် တရားဥပဒေစိုးမိုးမှု အစဉ်အလာ ကင်းမဲ့သော၊ အဂတိလိုက်စားမှုရှိသော၊ အခွင့်အာဏာရှိသူများကို အကာအကွယ်ပေးသည့် စနစ်များရှိသော၊ တရားစီရင်ရေး စနစ်အားနည်းသောနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အထူးတရားစီရင်မှုများ သို့မဟုတ် ကင်းလွတ်ခွင့်များဖြင့် အကာအကွယ်ပေးထားသော နိုင်ငံများ၌ အတွေ့ရများသည်။

၂၀၀၅ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်သို့ တင်သွင်းသော “Impunity ကို တိုက်ဖျက်ရန် အရေးယူခြင်းမှတစ်ဆင့် ဆောင်ရွက်ခြင်းဖြင့် လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ခြင်းဆိုင်ရာ စည်းမျဉ်းများ”တွင် Impunity ကို “တရားဝင် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ ပြစ်မှုကြောင်းဆိုင်ရာ၊ အရပ်ဘက်ဆိုင်ရာ၊ အုပ်ချုပ်ရေးဆိုင်ရာ သို့မဟုတ် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် စွဲချက်တင်ခြင်း၊ ဖမ်းဆီးခြင်း၊ ရုံးတင်စစ်ဆေးခြင်း၊ ပြစ်မှုထင်ရှားပါက ထိုက်သင့်သည့် အပြစ်ဒဏ်ချမှတ်ခြင်းနှင့် ကျူးလွန်ခံရသူများကို လျော်ကြေးပေးခြင်းတို့ ပြုလုပ်ရန်အတွက် မည်သည့် စုံစမ်းစစ်ဆေးမှုမျှ မခံရသောကြောင့် ပြစ်မှုကျူးလွန်သူများကို အရေးယူရန် မဖြစ်နိုင်ခြင်း”ဟု ဖော်ပြထားသည်။

အဆိုပါ စည်းမျဉ်းများ၏ ပထမဆုံးစည်းမျဉ်းအဖြစ် “Impunity သည် နိုင်ငံများအနေဖြင့် ပြစ်မှုကျူးလွန်မှုများကို စုံစမ်းစစ်ဆေးရန်၊ ပြစ်မှုအတွက် တာဝန်ရှိသည်ဟု မသင်္ကာသူများကို တရားစွဲဆိုလျက် ရုံးတင်စစ်ဆေးပြီး ထိုက်တန်သည့် ပြစ်ဒဏ်ချခြင်းတို့အား သေချာအောင် လုပ်ဆောင်ခြင်းဖြင့် ပြစ်မှုကျူးလွန်သူများနှင့် ပတ်သက်သော ထိုက်သင့်သည့် နည်းလမ်းများကို ဆောင်ရွက်ရန်၊ ကျူးလွန်ခံရသူများကို ထိရောက်သည့် ကုစားချက်ပေးရန် နှင့် ခံစားခဲ့ရသည့် ဒဏ်ရာများအတွက် အစားပြန်လျော်မှု ပြန်လည်ရရှိရေး သေချာရန်၊ ပြစ်မှုကျူးလွန်မှုများနှင့် ပတ်သက်၍ အမှန်တရားကို သိပိုင်ခွင့်ရရှိရေး သေချာစေရန်နှင့် ပြစ်မှုကျူးလွန်မှုများ ပြန်လည်ခေါင်းမထောင်လာရေးကို ကာကွယ်ရန်အတွက် အခြားသော လိုအပ်သည့် ခြေလှမ်းများ လှမ်းရန်ဟူသည့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ပျက်ကွက်ခြင်းမှနေ၍ ဖြစ်ပေါ်လာသည်”ဟု ဖော်ပြထားသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အာဏာသိမ်းမှုများ၊ အာဏာရှင်စနစ်များနှင့် ပြည်တွင်းစစ်များ အစရှိသည်တို့ လွှမ်းမိုးခဲ့သော ကာလများမှနေ၍ ပြန်လည်နိုးထလာသည့် နိုင်ငံများက အတိတ်မှ ဖြစ်ရပ်များနှင့်ပတ်သက်၍ ပြန်လည်ဖော်ထုတ်ရန် အမှန်တရားနှင့် ပြန်လည်သင့်မြတ်ရေးကော်မရှင်များကို ထူထောင်လေ့ရှိသည်။ ယင်းကဲ့သို့သော လုပ်ငန်းစဉ်များက ပြစ်မှုများကို တရားစွဲဆိုရေးနှင့် ပြစ်ဒဏ်ချမှတ်ရေးတို့အား အထောက်အကူ ပြုနိုင်သော်လည်း ကျူးလွန်သူများအနေဖြင့် တစ်ပြိုင်နက်တည်း ပြဋ္ဌာန်းလိုက်သည့် လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေများ၏ အကာအကွယ်ပေးမှုကို ရှာဖွေရန် ဖြစ်နိုင်သွားစေခြင်း အားဖြင့် Impunity ကို ဖန်တီးသည်ဟု ဝေဖန်ခံရလေ့ရှိသည်။

မည်သို့ပင်ဆိုစေကာမူ ပြစ်မှုကျူးလွန်ပြီး အရေးယူမခံရမှုများ ပို၍ပို၍ များပြားလာသည်နှင့်အမျှ တရားဥပဒေစိုးမိုးရေးသည်လည်း တိုး၍တိုး၍ ပျက်ယွင်းလာလိမ့်မည် ဖြစ်ပါကြောင်း The Daily Eleven  သတင်းစာက ရေးသားအပ်ပါသည်။

ဒီဇင်ဘာ ၂၈ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အဘော်

Most Read

Most Recent