မော်တော်ယာဉ်အရောင်းပြခန်းနှင့် လုပ်ငန်းသုံးမော်တော်ယာဉ်အရောင်းစင်တာများအတွက် လုပ်ငန်းသုံးမော်တော်ယာဉ် တင်သွင်းခွင့်များ စတင်ခွင့်ပြုခြင်းနှင့် ဆေးဝါးကုန်ကြမ်းအချို့ အကောက်ခွန်လျှော့ချခြင်း

မော်တော်ယာဉ်အရောင်းပြခန်းနှင့် လုပ်ငန်းသုံးမော်တော်ယာဉ်အရောင်းစင်တာများအတွက် လုပ်ငန်းသုံးမော်တော်ယာဉ် တင်သွင်းခွင့်များ စတင်ခွင့်ပြုခြင်းနှင့် ဆေးဝါးကုန်ကြမ်းအချို့ အကောက်ခွန်လျှော့ချခြင်း
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
Published 26 December 2021

မော်တော်ယာဉ်အရောင်းပြခန်းနှင့် လုပ်ငန်းသုံးမော်တော်ယာဉ် အရောင်းစင်တာများအတွက် လုပ်ငန်းသုံးမော်တော်ယာဉ် တင်သွင်းခွင့်များ စတင်ဆောင်ရွက်ခွင့်ပြုမည်ဟု ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။

မော်တော်ယာဉ်အရောင်းပြ ခန်းနှင့် လုပ်ငန်းသုံးမော်တော်ယာဉ် အရောင်းစင်တာများမှ ၂၀၂၂ ခုနှစ်အတွက် လုပ်ငန်းသုံးမော်တော်  ယာဉ်တင်သွင်းခွင့်လျှောက်ထားခြင်းကို ဇန်နဝါရီ ၃ ရက်မှ စတင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ယင်းသို့တင်သွင်းခွင့်ပြုခြင်းကြောင့် လုပ်ငန်းသုံးမော်တော်ယာဉ်များ၏ စျေးနှုန်း များကျဆင်းလာနိုင်မည်ဟု ခန့်မှန်းရကြောင်း ရန်ကုန်မြို့ အခြေစိုက်မော်တော်ယာဉ်ရောင်းဝယ်သူများက သုံးသပ်ကြသည်။

“ဒါက Show Room သမားတွေအတွက် အဆင်ပြေတဲ့ သဘောပေါ့။အခုချိန်က Show Room အသစ်ဖွင့်ခွင့်မရသေးဘူးလေ။ အရင်လူဟောင်းတွေအတွက် ခွင့်ပေးလိုက်တဲ့သဘောပေါ့။ လုပ်ငန်းသုံးယာဉ်စျေးကတော့ ကျလာနိုင်တယ်” ဟု ရန်ကုန်မြို့အခြေစိုက် မော်တော်ယာဉ်ရောင်းဝယ်သူတစ်ဦးက သုံးသပ်ပြောကြားသည်။

ယင်းသို့ တင်သွင်းရာတွင် ကုန်သွယ်ရေးဦးစီးဌာန၏ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဘယ်မောင်းလုပ်ငန်းသုံးမော်တော်ယာဉ်များသာ တင်သွင်းခွင့်ရနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် မော်တော်ယာဉ် အဟောင်းစျေးကွက်အတွင်း အရောင်းအဝယ်အေးနေပြီး စျေးနှုန်းများမှာလည်း ငြိမ်သက်လျက်ရှိကြောင်း မော်တော်ယာဉ်ရောင်းဝယ်သူများထံမှ သိရသည်။

ဆေးဝါးကုန်ကြမ်း ၂၃ လိုင်း၏အကောက်ခွန်နှုန်းကို သုညရာခိုင်နှုန်းသို့ လျှော့ချ

ဆေးဝါးကုန်ကြမ်း ၂၃ လိုင်း၏ အကောက်ခွန်နှုန်းအား လက်ရှိအကောက်ခွန်နှုန်း သုံးရာခိုင်နှုန်းမှ အကောက်ခွန်နှုန်း သုညရာခိုင်နှုန်းသို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်အထိ လျှော့ချသတ်မှတ်လိုက်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးထုတ်လုပ်ရာတွင် အမှန်တကယ်လိုအပ်သည့် ပစ္စည်းများဖြစ်ပြီး ပြည်တွင်း၌ ပမာဏများစွာ ထုတ်လုပ်နိုင်ရန်၊ ပြည်တွင်းဆေးဝါး ထုတ်လုပ်မှုအား အကာအကွယ်ပေးရန်နှင့် ပြည်တွင်းဆေးဝါးများ အလွယ်တကူဝယ်ယူသုံးစွဲနိုင်ရေးအတွက် မြန်မာ့အကောက်ခွန်နှုန်းစာရင်း (၂၀၁၇)၏အခန်း(၂၉) နောက်ဆက် တွဲပါ ဆေးဝါးကုန်ကြမ်း  ၂၃ လိုင်း၏ အကောက်ခွန်နှုန်းကို လက်ရှိအကောက်ခွန်နှုန်း သုံးရာခိုင်နှုန်းမှ အကောက်ခွန်သုညရာခိုင်နှုန်းသို့ ၂၀၂၁  ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှ ၂၀၂၂ ခု နှစ် မတ် ၃၁ ရက်အထိ လျှော့ချသတ် မှတ်လိုက်ကြောင်း ၂၀၂၁ ခုနှစ် ဒီ ဇင်ဘာ ၁၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၅၄၄/ ၂၀၂၁ ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

သို့ဖြစ်ရာ အဆိုပါအမိန့်ကြော်ငြာစာ အမှတ် ၅၄၄/၂၀၂၁ ဖြင့် အကျုံးဝင်သော ဆေးဝါးကုန်ကြမ်းများအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်အထိ MACCS စနစ်အသုံးပြု၍ သွင်းကုန်ကြေညာလွှာတင်သွင်းရာတွင် အကောက်ခွန်နှုန်း ကင်းလွတ်ခွင့် ရယူနိုင်ရန်အတွက် Customs Duty Exemption Code အဖြစ် ECMD-CD Exemption Code for COVID-19 အား အသုံးပြုရမည်ဖြစ်ကြောင်းနှင့် အကျိုးသက် ရောက်သည်နေ့ရက်နှင့် အမိန့်ကြော်ငြာစာပါ အကျိုးသက်ရောက်သည့် နေ့ရက်တို့အကြား တင်သွင်းထားသော သွင်းကုန်ကြေညာလွှာများအတွက် အခွန်ဆိုင်ရာ လျော့နည်း/ ပိုမိုကောက်ခံထားပါက ပြန်လည်ပေးအပ်ခြင်းနှင့် ထပ်မံကောက်ခံခြင်း လုပ်ငန်းစဉ်များအား သက်ဆိုင်ရာ ဌာနခွဲများသို့ ဆက်သွယ်မေးမြန်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲက ကြေညာချက်အမှတ် (၁၅/ ၂၀၂၁) ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်က ဒီဇင်ဘာလအတွင်း ခြောက်ကြိမ်ခွဲ၍ ဒေါ်လာ ၈၈ သန်း ရောင်းချ

၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း လက်ရှိအချိန်အထိ ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ခြောက်ကြိမ်ခွဲ၍ ဒေါ်လာ ၈၈ သန်းအထိ ရောင်းချထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒီဇင်ဘာ ၃ ရက်က ဒေါ်လာ ၁၅ သန်း၊ ၉ ရက်က ဒေါ်လာ ၁၃ သန်း၊ ၁၅ ရက်က ဒေါ်လာ ၁၅ သန်း၊ ဒီဇင်ဘာ ၁၇ ရက်က ဒေါ်လာ ၁၅ သန်းနှင့် ၂၂ ရက်က ဒေါ်လာ ၁၅ သန်း၊ ဒီဇင်ဘာ ၂၃ ရက်က ဒေါ်လာ ၁၅ သန်းဖြင့် စုစုပေါင်း ဒေါ်လာ ၈၈ သန်းအထိ ရောင်းချခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာရောင်းချခဲ့မှုအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဒေါ်လာ ၆ ဒသမ ၈ သန်းရောင်းချခဲ့ပြီး မတ်လအတွင်း ရောင်းချမှု မရှိခဲ့ပေ။

ဧပြီလအတွင်း ဒေါ်လာ ၁၂ သန်း၊ မေလအတွင်း ဒေါ်လာ ၂၄ သန်း၊ ဇွန်လတွင်း ဒေါ်လာ ၁၂ သန်း၊ ဇူလိုင်လအတွင်း ဒေါ်လာ ၃၉ သန်း ရောင်းချခဲ့သည်။

၂၀၂၁ ခုနှစ် သြဂုတ် ၂ ရက်တွင် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာသုံးသန်း၊ သြဂုတ် ၃ ရက်တွင် ဒေါ်လာနှစ်သန်း၊ သြဂုတ် ၄ ရက်တွင် ဒေါ်လာသုံးသန်း၊  ၉ ရက်တွင် ဒေါ်လာနှစ်သန်းခွဲ၊ ၁၂ ရက်တွင် ဒေါ်လာနှစ်သန်းခွဲ၊ သြဂုတ် ၂၃ ရက်တွင် ဒေါ်လာ ၁၀ သန်း၊ သြဂုတ် ၂၅ ရက်တွင် ဒေါ်လာငါးသန်း ရောင်းချခဲ့ခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် ဒေါ်လာ ၁၅သန်း၊ စက်တင်ဘာ ၁၅ ရက်တွင် ဒေါ်လာ ရှစ်သန်း၊ စက်တင်ဘာ ၂၀ ရက်တွင် ဒေါ်လာ ၁၅ သန်း၊ စက်တင်ဘာ ၂၂ ရက်တွင်ဒေါ်လာ ၁၀ သန်း၊ စက်တင်ဘာ ၂၇ ရက်တွင် ဒေါ်လာ ၁၅ သန်းရောင်းချခဲ့သည်။

ကာလတိုအတွင်း နိုင်ငံခြား ငွေလဲလှယ်နှုန်းအတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့် အရန်ငွေ ဖြည့်တင်းရန် ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံ ဖွင့်လှစ် ဆောင်ရွက်နေသည်။

ဗဟိုဘဏ်စျေးပြိုင်လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များ ချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင်လေလံတွင် ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း လိုင်စင် (Authorized Dealer-AD) ရ ဘဏ်များဖြစ်သော နိုင်ငံပိုင် ဘဏ် သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိက ဘဏ် ၁၉ ဘဏ် နှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေ ဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေလုပ်ငန်းဆောင်ရွက်ချက်များမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းအတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန် တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်းနှင့် ယခင်ရက်ရည်ညွှန်းငွေလဲလှယ်နှုန်း တို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းသည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာရောင်းချရန် စျေးပြိုင်လေလံ ကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေကို ဖြည့်တင်းရန် အလုပ်လုပ်ရက် တစ်ရက်၏ ငွေလဲလှယ်နှုန်းအား ပြီးခဲ့သည့် ရက်ပေါင်း ၂၀ အတွင်း၌ ဖြစ်ပေါ်သည့် ပျမ်းမျှမြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာလဲလှယ်နှုန်းနှင့်နှိုင်းယှဉ်ခြင်း၊ ယင်းသို့ နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ  သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ စျေးပြိုင်လေလံတွင် ဗဟိုဘဏ်က ကြေညာထားသည့် အမြင့်ဆုံးလဲလှယ်နှုန်းနှင့် အနိမ့်ဆုံးလဲလှယ်နှုန်းအကြား AD ဘဏ်များက တင်ပြသည့် နိုင်ငံခြားငွေဝယ်ယူရန်၊ ရောင်းချရန် တင်ပြချက်များကို Refinitiv (ယခင် Thomson Reuters) ၏ လေလံအရောင်းအဝယ်စနစ်ကို အသုံးပြု၍ ဗဟိုဘဏ်က ဝယ်ယူ၊ ရောင်းချခြင်း ဖြစ်သည်။ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျ ကြီးမားခြင်းကို လျော့နည်းစေရန် ဖြစ်သည်။

ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကျန်ရှိနေသောကုမ္ပဏီ ၃၅၆ ခုအား ဘဏ်နှင့်ဆက်သွယ်စာရင်း ရှင်းလင်းရန် ဗဟိုဘဏ်အသိပေး

၂၀၁၉ ခုနှစ်အတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကျန်ရှိသော ကုမ္ပဏီ ၃၅၆ ခုစာရင်းထုတ်ပြန်ထားပြီး ယင်းကြေညာချက်ထုတ်ပြန်သည့် နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း ပို့ကုန်ရငွေဝင်ရောက်ခဲ့သည့်ဘဏ်နှင့် ဆက်သွယ်စာရင်း ရှင်းလင်းရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးချက်ထုတ်ပြန်ထားသည်။

၂၀၁၉ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီများအနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ ပို့ကုန်ရငွေများအား မိမိပို့ကုန်ရငွေဝင်ရောက်ခဲ့သည့် ဘဏ်များနှင့် ဆက်သွယ်စာရင်းရှင်းလင်းရန် ကုန်သည်စက်မှုအသင်းချုပ်မှတစ်ဆင့် အကြောင်းကြားထားပြီးဖြစ်သည်။

ဘဏ်များနှင့် ဆက်သွယ်စာရင်းရှင်းလင်းရန် ကျန်ရှိသည့် ကုမ္ပဏီများ(အသေးစိတ်စာရင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် website- www.cbm.gov.mm တွင် ကြည့်ရှုနိုင်သည်) အနေဖြင့် ယင်းကြေညာချက်ထုတ်ပြန်သည့်နေ့မှစ၍ သတ်မှတ်ကာလ ရက်ပေါင်း ၃၀ အတွင်း စာရင်းရှင်းလင်းခြင်းမရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ပို့ကုန်/သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အရလည်းကောင်း၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲ မှုဥပဒေပါ ပြဋ္ဌာန်းချက်များအရ လည်းကောင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။

၂၀၂၁ ခုနှစ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့် ၂၀၁၅ ခုနှစ် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေအခန်း(၁၁)၊ ပုဒ်မ ၃၈- ခတွင် မည်သူမျှပို့ကုန် ရငွေအားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့်ထည့်သွင်းရန် ပျက်ကွက်ခြင်းမရှိစေရေဟု ပြဋ္ဌာန်းခဲ့သည်။

Most Read

Most Recent