ဗီဇပြောင်းကိုဗစ်၊ ဆင်းရဲမွဲတေမှု၊ ကိုယ်ဝန်ဆောင်နှင့် ကာကွယ်ဆေး

ဗီဇပြောင်းကိုဗစ်၊ ဆင်းရဲမွဲတေမှု၊ ကိုယ်ဝန်ဆောင်နှင့် ကာကွယ်ဆေး
Photo: radarlebong.rakyatbengkulu.com
Photo: radarlebong.rakyatbengkulu.com
Published 26 December 2021
ဒေါက်တာလွင်သန့်

၂၀၁၉ ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန်မြို့ကစခဲ့တဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ၂၀၂၀ ပြည့်နှစ် မတ် ၁ ရက်မှာ ကပ်ရောဂါလို့ ကြေညာခဲ့ပြီး မြန်မာနိုင်ငံမှာတော့ ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်မှာ ကိုဗစ်ကူးစက်သူနှစ်ဦးက စတင်ပြီး ယနေ့ အိုမီခရွန် (Omicron) ဗီဇပြောင်း ကိုဗစ်အန္တရာယ် ကြုံတွေ့လာနိုင်တဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံကို ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်းက လေကြောင်းကတစ်ဆင့် ကူးစက်ခဲ့ပြီး လူအသေအဆုံးများခဲ့တဲ့ဒယ်တာ (Delta) တတိယ ကိုဗစ်လှိုင်းမှာ လေကြောင်းလိုင်းနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကနေ ကူးစက်ပျံ့နှံ့စေခဲ့ပါတယ်။ ကိုဗစ်ဖြစ်ပွားမှု မြင့်တက်လာချိန် နယ်စပ်ကုန်သွယ်ရေး ပိတ်ခဲ့ပါတယ်။ နောက်ပိုင်း ကိုဗစ်ကူးစက်မှု နည်းပါးလာတော့ ကိုဗစ်စည်းမျဉ်းများနဲ့အညီ နယ်စပ်ကုန်သွယ်ရေး ဂိတ်များပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။

၂၀၂၀ ခုနှစ်က ကိုဗစ်ကြောင့် မြန်မာနိုင်ငံရဲ့စုစုပေါင်းထုတ်လုပ်မှု ၁ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းသွားပေမဲ့ ၂၀၂၁-၂၀၂၂ မှာ ခြောက်ရာခိုင်နှုန်းတိုးတက်မယ်လို့ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းထားပါတယ်။ နိုင်ငံရေး အပြောင်းအလဲနဲ့ ကိုဗစ်တိုက်ခိုက်မှုကြောင့် မြန်မာလူဦးရေရဲ့ထက်ဝက်ဟာ ၂၀၂၂ မှာ ဆင်းရဲသွားနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ဆင်းရဲနွမ်းပါးမှုဟာ ၂၀၁၅ ခုနှစ်မှာ ၄၈ ဒသမ ၂ ရာခိုင်နှုန်းရှိရာမှ ၂၀၁၇ မှာ ၂၄ ဒသမ ၈ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်နဲ့ (UNDP) က ပူးတွဲပြုစုတဲ့ ဆင်းရဲနွမ်းပါးမှုအစီရင်ခံစာအရ ၂၄ ဒသမ ၈ ရာခိုင်နှုန်းအထိ ကျဆင်းလာပေမဲ့ လူဦးရေအများ အပြားဆင်းရဲတွင်းထဲပြန်ဆင်းနိုင်တဲ့ ထိလွယ်ရှလွယ်အခြေအနေ ဆက်လက်ရှိနေပြီး ပြည်သူ ၁၁ ဒသမ ၈ သန်းမှာ ဆင်းရဲနွမ်းပါးသူအဖြစ် ရှိနေဆဲဖြစ်ပါတယ်။

ဝင်ငွေနည်းပါးတဲ့မိသားစုတွေ နေထိုင်ရာမြို့ပြဒေသက အမျိုးသမီးနဲ့ကလေးတွေဟာ ကိုဗစ်နဲ့မြန်မာ့ နိုင်ငံရေး အပြောင်းအလဲကြောင့် ဆင်းရဲမှုဒဏ်အခံရနိုင်ဆုံးပဲဖြစ်ပါတယ်။ ကလေးသူငယ်တွေ ဆင်းရဲနွမ်းပါးမှု ဆက်လက်မြင့်မားနေမယ်လို့ မျှော်လင့်ရပြီး အဆိုးဆုံးအနေအထားမှာ ကလေးထက်ဝက်ကျော် ဟာဆင်းရဲနွမ်းပါးမှုမှာ နေထိုင်နေကြရပါတယ်။ ကျောင်းတွေမတက်တော့တာ လာမယ့်မျိုးဆက်သစ် လူသားအရင်းအနှီးကို ထိခိုက်စေတယ်လို့ (UNDP) ကဆိုပါတယ်။ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးမူဝါဒတွေ အလျင်အမြန် ပြင်ဆင်ခြင်းမရှိရင် ၂၀၃၀ ပြည့်မှာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် မြန်မာနိုင်ငံရဲ့ အားထုတ်မှုတွေ ထိခိုက်စေမှာဖြစ်တယ်လို့ (UNDP) ဆိုပါတယ်။

အရွယ်ရောက်သူတစ်ဦးတစ်ရက် စားသုံးမှုနဲ့ညီမျှတဲ့ တန်ဖိုးကျပ် ၁၅၉၀ ကို (၂၀၁၇) နိုင်ငံရဲ့ဆင်းရဲ နွမ်းပါးမှုမျဉ်းလို့ သတ်မှတ်ထားပါတယ်။ ဆင်းရဲနွမ်းပါးမှုမျဉ်းဟာ လူတစ်ဦးကို အလွန်အမင်းဆင်းရဲ နွမ်းပါးတယ်လို့ သတ်မှတ်နိုင်ခြင်းမရှိစေဖို့ လိုအပ်တဲ့အနိမ့်ဆုံးလူမှုဘဝ ပြည့်စုံမှုအဆင့်ကို သတ်မှတ်ပေးတဲ့ မျဉ်းဖြစ်ပါတယ်။ ရောဂါကြောင့်၊ နိုင်ငံရေးကြောင့် ငွေကြေးဖောင်းပွမှု မြင့်မားလာတဲ့အခါ လူတစ်ဦးအတွက် တစ်နေ့ကုန်ကျငွေကျပ်၂၀၀၀ ရှိလာပါတယ်။ လူတစ်ဦးရဲ့ စားသောက်မှုတစ်နေ့ ကျပ် ၁၅၉၀ ထက်နည်းရင် အိမ်ထောင်စုမှာနေထိုင်သူ ဖြစ်ရင် ဆင်းရဲနွမ်းပါးသူလို့ ယူဆကြောင်း (UNDP) အစီရင်ခံစာမှာဆိုပါတယ်။ (UNDP) အစီရင်ခံစာအရ နိုင်ငံရေး အပြောင်းအလဲနဲ့ ကိုဗစ်ကြောင့် မြန်မာနိုင်ငံအောက်ခြေ လူတန်းစားအခြေအနေဟာသည် အတိုင်းဆက်ရှိနေမယ်ဆိုရင် ၂၀၂၂ ခုနှစ်အစမှာ ဆင်းရဲနွမ်းပါးမှု နှစ်ဆ တိုးသွားမှာပဲဖြစ်ပါတယ်။ ဒါကြောင့် လူဦးရေ ၄၈ ဒသမ ၂ သန်းဟာ ဆင်းရဲနွမ်းပါးစွာ နေထိုင်ရမှာဖြစ်တယ်လို့ (UNDP) က ဆိုပါတယ်။

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလကုန်ကစပြီး ဆန်နဲ့ဆီစျေး ၅၁ ရာခိုင်နှုန်းနဲ့ ၁၈ ရာခိုင်နှုန်းစီ တက်သွားလို့ ရန်ကုန်မြို့မိသားစုအချို့ဟာ အစားလျှော့စားခြင်းနဲ့ အာဟာရဓာတ် မပြည့်ဝတဲ့အစာတွေ စားရတာကြုံ တွေ့ကြရသလို အကြွေးတင်လာကြပါတယ်။ ဆင်းရဲနွမ်းပါးမှု ရုတ်တရက် အလျင်အမြန်တိုးလာခြင်း၊ ရိက္ခာဖူလုံမှု အန္တရာယ် မြင့်မားလာခြင်းနဲ့ ဆင်းရဲနွမ်းပါးပြီးသူတွေအတွက် ပိုမိုနက်ရှိုင်းတဲ့ အစစအရာရာ ပိုင်ဆိုင်မှုတွေ၊ ဆုံးရှုံးမှုတွေဖြစ်စေတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။ နိုင်ငံရေးအပြောင်းအလဲက မြန်မာ့စီးပွားရေးကို ၁၀ ရာခိုင်နှုန်း လျော့ကျသွားစေနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံဟာ လက်ခစားစနစ်(CMP) နဲ့အထည်ချုပ်လုပ်ငန်းများမှာ လူဦးရေသိန်းသန်းနဲ့ချီ မှီခိုနေကြရာ စက်ရုံများ အမြဲပိတ်နဲ့ ယာယီပိတ်ခြင်း၊ စက်ရုံများနိုင်ငံခြား ရွှေ့ပြောင်းဖွင့်လှစ်ခြင်း၊ အလုပ်သမားများ အလှည့်ကျဆင်းစေခြင်း၊ အိုဗာတိုင်မရှိတော့ခြင်း၊ အလုပ်အကိုင် မတည်ငြိမ်ခြင်းတို့က အမျိုးသမီးများ၊ မှီခိုနေရတဲ့ လုပ်သားများအပေါ် အကြီးအကျယ် ရိုက်ခတ်စေပါတယ်။ ဥရောပသမဂ္ဂရဲ့အော်ဒါ လျှော့မှာခြင်း၊ အော်ဒါပယ်ဖျက်ခြင်းတို့က အထည်ချုပ်လုပ်ငန်းကို အထိနာစေပါတယ်။ ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေ အလုပ်မလုပ်နိုင်တော့တာဟာလည်း မိသားစုဝင်ငွေ လျော့ကျစေကာ ဆင်းရဲမွဲတေမှု ပိုများစေပါတယ်။ ကိုဗစ်ကာလလည်းဖြစ်လို့ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်တို့ ကိုဗစ်ကူးစက်မှုခံကြရပါတယ်။

အမျိုးသမီးတို့ကိုယ်ဝန်ဆောင်နေချိန် ကိုဗစ်ဒယ်တာ (Delta) ကူးစက်ခံရတာကြောင့် နာမကျန်းဖြစ်သူတွေမှာ ကလေးအသေမွေးဖွားနိုင်ခြေ သုံးဆပိုများနိုင်တယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) က ထုတ်ပြန်ခဲ့တယ်။ ၅၀ ရာခိုင်နှုန်းမျှရှိနိုင်တယ်လို့ လေ့လာမှုအရ သိရတယ်။ အမေရိကန်မှာ၂၀၂၀ ပြည့်နှစ်မတ်လမှ ၂၀၂၁ ခုနှစ်စက်တင်ဘာလကုန်အထိ မွေးဖွားတဲ့ကလေး ၁ ဒသမ ၂၅ သန်းရှိကာ အသေမွေးဖွားလာသူ ၈၂၁၁ ဦးရှိခဲ့တယ်လို့ (CDC) က ဆိုပါတယ်။

ကပ်ရောဂါကာလမှာ ကိုဗစ်ကူးစက်ခံရတဲ့ မိခင်တွေကနေ ကလေး ၂၂၀၀၀ မွေးဖွားခဲ့တဲ့အထဲမှာ အသေမွေးဖွားတဲ့ကလေးဦးရေ ၂၇၃ ဦးရှိခဲ့ပြီး ၁ ဒသမ ၃ ရာခိုင်နှုန်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒယ်တာ (Delta) မျိုးကွဲကူးစက်မှု အများဆုံး အချိန်ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအကြား ရောဂါကူးစက်ထားတဲ့ မိခင်တွေထံမှ ကလေးအသေမွေးဖွားမှု ၁၂၀၀ ဦးရှိခဲ့ပြီး သုံးရာခိုင်နှုန်းဖြစ်တယ်ဆိုပါတယ်။

ကိုယ်ဝန်ဆောင်ကာလအတွင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ပြီး မိသားစုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ နို့တိုက်မိခင်တွေမှာလည်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံခွင့်ရှိရင် တုံ့ဆိုင်းမနေဘဲ ချက်ချင်း သွားရောက်ထိုးနှံသင့်ပါတယ်။ ကာကွယ်ဆေးထိုးနှံအပြီး ရရှိလာတဲ့ ပဋိပစ္စည်းဟာ နို့တိုက်မိခင်ကို ကာကွယ်ပေးနိုင်သလို မိခင်နို့ရည်မှတစ်ဆင့် ကလေးထံလည်း ရောက်ရှိနိုင်ပြီး အလိုအလျောက် ကိုဗစ်ကာကွယ်ပေးနိုင်မှာဖြစ်တယ်။

ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးချိန်မှာ ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်မိခင်တွေမှာ ခုခံအားစနစ်တုံ့ပြန်မှု ပေါ်ထွက်ပုံက မိခင်လောင်းဘဝ မရောက်သေးတဲ့ သာမန်အမျိုးသမီးတွေထက် ပိုနှေးကွေးကြောင်း အမေရိကန် ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ဆေးရုံကြီးမှသုတေသီများက ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၈ ရက်က အတည်ပြု ပြောကြားထားပါတယ်။

အဆိုပါသုတေသနအရ ကိုဗစ်ရောဂါ ကာကွယ်ဆေးအပြည့်အဝထိုးနှံထားပြီး ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ၊ မိခင်လောင်း မဟုတ်သူများ၊ အုပ်စုသုံးစုခွဲနှိုင်းယှဉ်လေ့လာရာမှာ ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးချိန် နို့တိုက် မိခင်များနဲ့ ကိုယ်ဝန်ဆောင် မိခင်လောင်းများရဲ့ ပဋိပစ္စည်းပေါ်ထွက်မှုဟာ ပုံမှန်အမျိုးသမီးထက် နည်းပါးကြောင်းဆိုပါတယ်။ ဒုတိယအကြိမ် ထိုးနှံပြီးချိန်မှာ မိခင်များနဲ့ မိခင်လောင်းများရဲ့ ပဋိပစ္စည်းပေါ်ထွက်မှုဟာ သာမန်အမျိုးသမီးများနဲ့ တန်းတူ (အားလုံးတန်းတူ) ရသွားတတ်ကြောင်း သုတေသီက အတည်ပြုထားပါတယ်။ ကိုယ်ဝန်ဆောင်ဖို့ အစီအစဉ်ရှိသူများ၊ လက်ရှိ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တို့ဟာ ကိုဗစ်ကာကွယ်ဆေး မဖြစ်မနေထိုးသင့်ပါတယ်။

ကိုဗစ်ကာကွယ် ဆေးထိုးနှံပြီးသူများလည်း ကိုဗစ်ကူးစက်နိုင်ခြေရှိပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံး ထိုးနှံခွင့်ရခဲ့တဲ့ ကိုဗစ်ရှီး (Covishield) ထိုးဆေးရဲ့ကာကွယ်နိုင်မှု စွမ်းအား ၇၀-၉၀ ရာခိုင်နှုန်းသာ ရှိပြီး တရုတ်နိုင်ငံထုတ် ဆိုင်နိုဖမ်း (Sinopharm) ရဲ့ ကာကွယ်ဆေးက ၇၄ ရာခိုင်နှုန်းရှိရာ ကာကွယ်ဆေးရဲ့ အာနိသင်နဲ့ သက်ဆိုင်နေသလို ကိုယ့်ရဲ့ခုခံအားစနစ်နဲ့လည်း သက်ဆိုင်နေပါတယ်။ ကမ္ဘာတစ်ဝန်းကို ဗစ်မျိုးကွဲသစ်များ ထပ်ခါထပ်ခါ ပိုမိုပေါ်ထွက်နေတဲ့အတွက် ဆေးကိုအကြိမ် ပြည့်ထိုးနှံပြီးပေမယ့် ရောဂါကူးနိုင်ပါတယ်။ ခုဆိုရင်အိုမီခရွန် (Omicron) ဗီဇပြောင်း ကိုဗစ် ကူးစက်ပျံ့နှံ့နေပါတယ်။

ကာကွယ်ဆေးထိုးပြီး ပေါ့ပေါ့ဆဆမနေသင့်ဘဲ ကိုဗစ်စည်းကမ်းချက်များနဲ့အညီ နှာခေါင်းစည်းတပ်ခြင်း၊ လက်ကိုဆပ်ပြာ၊ ရေတို့နဲ့ စက္ကန့်၂၀ ကျော်ကြာဆေးကြောခြင်း၊ လူတစ်ဦးနဲ့တစ်ဦး လူမှုအကွာအဝေး ခြောက်ပေကွာခြင်း၊ လူစုလူဝေးရှောင်ခြင်းများ ဆက်လက်ဆောင်ရွက်သင့်ပါတယ်။ ကာကွယ်ဆေးက ရာနှုန်းပြည့် မကာကွယ်နိုင်ပေမဲ့ ရောဂါလက္ခဏာပြင်းထန်မှုအပေါ် လျှော့ချပေးပါတယ်။ ဆေးရုံမတက်ရခြင်း၊ အောက်ဆီဂျင်မရှူရခြင်း၊ ရောဂါကူးစက်လို့  မသေဆုံးနိုင်ခြင်း၊ ကူးစက်နိုင်မှုနည်းပါးခြင်း၊ ကျူ (Q-Quarantine) ဝင်စရာမလိုခြင်း စတဲ့ပြင် ရောဂါလက္ခဏာ လျော့ပါး ခြင်းကြောင့် သာမန်အအေးမိ တုပ်ကွေး ကူးစက်သလောက်သာ ခံစားရမှာဖြစ်ပါတယ်။ ကိုဗစ်နောက် ဆက်တွဲလက္ခဏာတွေဖြစ်တဲ့ မောပန်းလွယ်တာ၊ အသက်ရှူမဝတာ၊ ရင်ဘတ်အောင့်တာ၊ အာရုံမစူးစိုက်နိုင်တာ၊ အိပ်မပျော်တာ၊ မူးဝေတာတွေတော့ ရှိနိုင်ပါတယ်။ ဖြစ်နိုင်ခြေနည်းပါတယ်။

ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံထားတာက ပိုမိုကောင်းမွန်ပြီး အချိန်ပိုမိုကြာမြင့်စွာ ကာကွယ်ပေးနိုင်တယ်လို့ သုတေသနသစ်မှာ ဖော်ပြထားတယ်။ မျိုးမတူတဲ့ တတိယအကြိမ် ကာကွယ်ဆေး ထိုးတာက ရောဂါကူးစက်ခံရပြီး ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားသူတွေထက် ပိုမိုကောင်းမွန်နေတယ် ဆိုပါတယ်။ ဆိုလိုတာက ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီး ခြောက်လအကြာမှာ ပဋိပစ္စည်း ပမာဏ ၁၀ ဆ လျော့နည်းသွားရာ တတိယအကြိမ် ထပ်ဆေးမြှင့်ဆေး ထိုးနှံတာက မထိုးနှံသူထက် ၂၅ ဆ မြင့်တက်လာခဲ့ကြောင်း တွေ့ရှိထားတယ်။ ရောဂါကူးစက်ခံရပြီးရရှိတဲ့ ပဋိပစ္စည်းထက် အဆ ၅၀ ပိုမိုကောင်းမွန်နေတယ် ဆိုတယ်။

ကာကွယ်ဆေးထိုးနှံပြီးနောက် ခုခံအားကရောဂါ မဖြစ်ခင် (သို့မဟုတ်) ရောဂါဖြစ်ပြီး ခုခံအားစနစ်ထက် ပိုမြင့်ပါတယ်။ နှစ်မျိုးပေါင်း ပေါင်းစပ်ခုခံအား ထွက်ရှိလာပါတယ်။ အဆိုပါပေါင်းစပ်ခုခံအားက သဘာဝခုခံအား သီးသန့်နဲ့ကာကွယ်ဆေးခုခံအား သီးသန့်တို့ထက် ပိုမိုအစွမ်းထက်မြက်လှပါတယ်။ ကိုဗစ်ဖြစ်ပြီးသူများ သတ်မှတ်ကာလ (၃-၆) လအတွင်းကာကွယ်ဆေး မဖြစ်မနေ ထိုးနှံထားသင့်ပါတယ်။

ယခုအခါ အိုမီခရွန်မျိုးကွဲ ကိုဗစ်ကူးစက်မှုနဲ့အတူ ရာသီတုပ်ကွေးပါ ဖြစ်ပွားနေပါတယ်။ အိုမီခရွန်က တောင်အာဖရိက၊ ဘော့ဆွာနာ၊ ဗြိတိန်၊ ပြင်သစ်၊ နယ်သာလင်၊ အမေရိကန်၊ ကနေဒါ၊ အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်စတဲ့နိုင်ငံ ၉၀ ခန့်ပျံ့နှံ့နေပြီပဲဖြစ်တယ်။ကိုဗစ် နဲ့ရာသီတုပ်ကွေး ကွာခြားမှုရှိပါတယ်။

ကိုဗစ်ရောဂါက လည်ချောင်း နာခြင်း၊ ချမ်းတုန်ခြင်း၊ မျက်စိနီခြင်း၊ အသက်ရှူကျပ်ခြင်း၊ ဖျားခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း ခံစားရပါတယ်။ ရာသီတုပ်ကွေးက ခေါင်းကိုက်ခြင်း ၊နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ တစ်ကိုယ်လုံး အဆစ်အမြစ်ကိုက်ခဲ နာကျင်ခြင်းတို့ဖြစ်ပြီးကိုယ်အပူချိန် ၁၀၀-၁၀၂ ဒီဂရီဖာရင်ဟိုက် အထိ အဖျားကြီးပါတယ်။ သွေးစစ်ကြည့် ရင် ဗိုင်းရပ်ဝင်ရောက်ခြင်း (A/H1N1) တွေ့ရပေမဲ့ အဆုတ်ထိခိုက်ခြင်း မရှိပါဘူး။ (၃-၅) ရက်ကြာမှာ ရောဂါ ပျောက်ကင်းသွားနိုင်ပါတယ်။ ကိုဗစ်က ပိုကြာပါတယ်။

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တို့ ဖျားနာခြင်းခံစားရတဲ့အခါ ကိုယ့်သဘောနဲ့ စပ်ဆေး၊ လမ်းဘေး ဆေးဆိုင်က ဆေးဝယ်မသောက်သင့်ဘဲ ကျန်းမာရေးဝန်ထမ်းများနဲ့ ပြသကာ ကုသမှုခံယူသင့်ပါတယ်။ ယခုအခါ အိုမီခရွန် ကိုဗစ်မျိုးဗီဇ ဗိုင်းရပ်ဟာ စတုတ္ထလှိုင်းဖြစ်ပွားနိုင်ခြေရှိလာလို့ သတိကြီးစွာ စောင့်ကြည့်နေပါတယ်။ အိုမီခရွန်မှာ အယ်လ်ဖာ၊ ဘီတာ၊ ဒယ်တာ၊ လမ်ဘဒါမျိုးကွဲများမှ ပြောင်းလဲမှုဖြစ်နိုင်ကာ ကူးစက်နိုင်ခြေ ပိုမိုမြင့်မားပါတယ်။ ဒယ်တာမျိုးဗီဇရဲ့ စပိုက်စ် ပရိုတင်း (Spike Protein)ဗီဇထက် ငါးဆအထိ ပိုများနေပြီး အိမ်နီးချင်း၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှားတို့မှာ တွေ့ရှိထားပြီဖြစ်ပါတယ်။

မိသားစုဘဝနောင်ရေး စိတ်အေးရအောင် ကိုယ်ဝန်ဆောင်ဖို့ အစီအစဉ်ရှိသူများ၊ လက်ရှိကိုယ်ဝန်ဆောင် မိခင်လောင်းများ၊ နို့တိုက်မိခင်များဟာ ကိုဗစ်ကာကွယ်ဆေးကို ကြိမ်ရေပြည့်ထိုးနှံကြဖို့နဲ့ ကိုယ်ဝန်မရှိတဲ့ ပုံမှန်အမျိုးသမီးများလည်း ကာကွယ်ဆေးထိုးနိုင်မယ့်နေ့မှာ (ဓမ္မတာလာချိန်ဖြစ်ပါစေ) နောက်ဆက်တွဲဆိုးကျိုးမရှိ စိတ်ချလက်ချ ကာကွယ်ဆေး ထိုးနှံသင့်ပြီပဲဖြစ်ပါတယ်။

အမေရိကန်မှာ ၂၀၂၁ ခုနှစ် ကိုဗစ်ကြောင့်သေဆုံးမှုဟာ ၂၀၂၀ ပြည့်နှစ်တစ်နှစ်လုံး သေဆုံးမှုထက် ပိုမိုများပြားနေတယ်။ ၂၀၂၁ ခုနှစ်မှာ လူဦးရေရဲ့ ၅၉ ဒသမ ၁ ရာခိုင်နှုန်းကာကွယ်ဆေးထိုးနှံပြီး ကျန် ၄၀ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးထိုးနှံထားခြင်း မရှိသေးတာကြောင့် အိုမီခရွန်မျိုးဗီဇကွဲလှိုင်း အသွင်ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။ အမေရိကန် သမ္မတဂျိုးဘိုင်ဒင်ကလည်း တတိယအကြိမ် ထပ်မြှင့်ကာကွယ်ဆေးထိုးနှံကြဖို့ ဆော်သြတာရှိပါတယ်။ ဖိုင်ဇာကုမ္ပဏီက ရက်ပေါင်း ၁၀၀ အတွင်း အိုမီခရွန်မျိုးကွဲ ကာကွယ်ဆေးထုတ်လုပ်နိုင်မယ်လို့ ကြေညာခဲ့သလို မိုဒါနာကုမ္ပဏီကလည်း ၂၀၂၁ ခုနှစ်မတ်လကုန်မှာ အိုမီခရွန် ကာကွယ်ဆေး ထုတ်လုပ်နိုင်မယ်ဆိုပါတယ်။

လက်ရှိပြဿနာမှာ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးတဲ့လူဦးရေက အာရှနဲ့ အာဖရိကမှာ အများအပြား ကျန်ရှိနေပါသေးတယ်။ တရုတ်နိုင်ငံက အာဖရိကပြည်သူတွေအတွက် ကိုဗစ်ကာကွယ်ဆေး တစ်ဘီလျံ လှူဒါန်းသွားမယ်လို့ ကြေညာထားပါတယ်။ ကိုဗစ်ဗိုင်းရပ်က ကမ္ဘာမြေပြင်မှာ ၄-၅ နှစ်ကြာရှိနေဦးမယ်ဆိုတော့ တုပ်ကွေးကာကွယ်ဆေးလို နှစ်စဉ်ဗီဇပြောင်းဖွယ် ရှိပါတယ်။

နှစ်စဉ်ကိုဗစ်ကာကွယ်ဆေး ထိုးနှံရမယ့်အခြေအနေဖြစ် လာနေပါတယ်။ မိခင်လောင်းများ၊ ကိုယ်ဝန်သည်နဲ့ နို့တိုက်မိခင်များပါ ကိုဗစ်ကာကွယ်‌ဆေး ထိုးနှံသွားရမှာဖြစ်ပါတယ်။ ဆိုရရင် နိုင်ငံဆင်းရဲတာမှာ မိခင်‌လောင်းများ စနစ်တကျ‌ ဘေးကင်းလုံခြုံစွာမွေးဖွားနိုင်ရေးပါဝင်နေလို့ ကိုဗစ်ကာလ ကလေးအသေ မွေးဖွားမှု လျှော့ချနိုင်ရေး၊ ကိုဗစ်ကာကွယ်ဆေး အပြည့်ထိုးနှံပေးဖို့ လိုအပ်လို့နေပါတယ်။