ငါ့အကြောင်း(၃)

ငါ့အကြောင်း(၃)
Published 23 December 2021
နေမျိုး

ငါသီချင်းဆိုတယ်။ ငါလေချွန်တယ်။ငါဆိုတဲ့သီချင်းက လော်စပီကာက ကြားရလေ့ရှိတဲ့ သီချင်းတွေ။ ငါလေချွန်နေရင် “ဟဲ့ ကောင်လေး”လို့ အိမ်ရှင်မိန်းမကြီးက ငေါက်လေ့ရှိတယ်။ နောက်မှ ငါသိရတာက လေချွန် ရင် လာဘ်တိတ်တယ် ဆိုပေသကိုး။ ငါသီချင်းဆိုတာက မှတ်မိနေတဲ့ စာသားတွေပဲ။ ကောက်ရိုးပုံတွေကြား တူပုန်းကစားကြတယ်ဆိုတဲ့ စာသားမျိုးတွေပဲ။လူတစ်ယောက်မှာ ကနဦး မှတ်ဉာဏ်နဲ့ နှောင်းမှတ်ဉာဏ်ဆိုတာ ရှိတယ်။ ကနဦး မှတ်ဉာဏ်ဆိုတာ ကလေးဘဝမှတ် ဉာဏ်ပဲ။ မှတ်မိသမျှ အားလုံးဟာ အသစ် စက်စ‌က်တွေ။ မေမေ။ ဖေဖေ။ ကိုကြီး။ခဲတံ။ စာအုပ်။ သစ်ပင်။ ဆရာမ။ ပထမဆုံး မှတ်မိနေတာတွေ ဖြစ်သလို မြဲမြံတဲ့အဓိပ္ပာယ်လည်း ဖြစ်ပေါ်တယ်။ နှောင်းမှတ်ဉာဏ်ဆိုတာ ကတော့ ဟိုကလာနေတာ ငါ့သားကြီးနဲ့တူလိုက်တာ ဆိုတာမျိုး။ ဥပုသ်နေ့က ဘယ်နေ့ပါလိမ့် ဆိုတာမျိုး။ငါမနက်စာစားပြီးပြီလား ဆို တာမျိုး။ ငါ့ ကနဦး မှတ်ဉာဏ်ထဲမှာ သီချင်းစာသားတွေရှိတယ်။သူတို့က တစ်ခါတလေ အသံမြည်တာပဲ။ ကနဦးမှတ်ဉာဏ်နဲ့ နှောင်းမှတ်ဉာဏ်အကြားဟာ လှုပ်ရှားရှင်သန်နေတဲ့ လူမှုဘဝပဲ။ အဲဒီကာလဟာ ဆင်ခြင်တုံတရား စတင်ပေါ်ပေါက်တဲ့ အချိန်ပဲ။ အဲဒီကာလမှာ မှတ်ဉာဏ်ဟာ တချို့အကြောင်းအရာတွေကို လက်ခံပြီး တချို့အကြောင်းအရာတွေကို ငြင်းပယ်တယ်။ မိုးကုန်ပြီးစ တစ်နေ့ခင်း ငါတို့ နေတဲ့အိမ်ကနေ အနောက်တောင်ဘက်ထဲကို ငါနဲ့ငါ့ညီသွားတယ်။မြေပြင်က မညီမညာနဲ့ မိုးရေစပ်စပ်ထဲမှာ ခြေဦးတည့်ရာ သွားကြတာ တဖြည်းဖြည်းအိမ်နဲ့ဝေးဝေးသွားပြီး ရေစပ်စပ်ထဲမှာ ပုစွန်လုံးတစ်ကောင်ကို မြင်ရတယ်။ ပုစွန်လုံးဟာ ရေစပ်စပ်အောက်မှာ သွားနေတယ်။ ရေထဲမှာ မြက်ရိုင်းပင်တချို့နဲ့ ကျောက်တုံးကျောက်ခဲတွေ၊ တချို့နေရာမှာ ဖန်ပုလင်းကွဲတွေ၊ တချို့နေရာမှာ ဆူးတွေ။မြေသားပြင်တစ်ခုလုံးက မိုးရွာပြီးတာ ရက် သိပ်မကြာသေးတော့ စွတ်စိုလို့။ တချို့နေရာမှာ ရေတွေအိုင်လို့။ တစ်နေရာမှာ အိုဟောင်းတဲ့ စေတီတစ်ဆူကို တွေ့ရတယ်။ အုတ်ကျိုး အုတ်ပဲ့တွေက ဆူးခြုံတွေထဲမှာ ဖရိုဖရဲနဲ့။ငါခြေဦးတည့်ရာသွားနေမိတာက စေတီအိုဆီ ကို ရောက်လုလုပဲ။ အဲဒီအချိန် ဟေ့ကောင်တွေဆိုတဲ့ အသံကို ကြားရလို့  နောက်လှည့်ပြန် လာကြတာ။ ပုစွန်လုံးက ရှောင်ပြေးသွားတယ်။ ပုလင်းကွဲကို ငါမနင်းမိဘူး ရေစပ်စပ်ထဲမှာ ရော်ဘာဖိနပ်က တကျွိကျွိနဲ့။

ဘဒွေးကြီးတို့အိမ်

အဲဒီနေ့က ဘဒွေးကြီးတို့ အိမ်ကို ငါတို့ သွားကြတယ်။ မိသားစု အကုန်လုံးပဲ။ဘဒွေးကြီးဆိုတာ အဖေ့ရဲ့အစ်ကို။ ဘ‌ဒွေးကြီးတို့က နန်းတော်ရှေ့ပြည်တော်သာ တိုက်တန်းမှာ နေကြတယ်။ ငါတို့ ဘ‌ဒွေးကြီးက မန္တလေးပန် တျာကျောင်းက ဆိုင်းနည်းပြဆရာ တစ်ယောက်ပဲ။ ဘဒွေးကြီးက ငါတို့ကို ဂီတပညာ သင်ပေးဖို့ အဖေ့ကို မကြာခဏ တိုက်တွန်းလေ့ရှိတယ်။ အဖေကတော့ သင်မပေးဘူး။သဘင်သည်ဖြစ်မှာစိုးလို့ သင်မပေးတာ။အ ဖေ့တို့ ညီအစ်ကို ပတ္တလားတီးကြတယ်။ငါတို့အစ်မကလည်း ပတ္တလားတီးတယ်။ သူ က ဘဒွေးကြီးရဲ့တစ်ဦးတည်းသော သမီးပဲ။ဘဒွေးကြီးတို့ တိုက်ခန်းအပေါ်ထပ်ကို ငါတို့ တက်ဆော့ကြတယ်။ ငါတို့အစ်မ သနပ်ခါးလိမ်း အလှပြင်တဲ့နေရာကို တွေ့တော့ တစ်ခုချင်း ယူဆော့ကြတာပဲ။ နှုတ်ခမ်းနီဘူး။ မိတ် ကပ်ဘူးကလေးတွေက မွှေးကြိုင်နေတာပဲ။ ကျောက်ပျဉ်နဲ့ သနပ်ခါးတုံးလည်း ရှိတယ်။မှန်တစ်ချပ်က ထောင်လျက်သား။ ပေါင်ဒါမှုန့် ဘူးလည်း ရှိတယ်။ ကျောက်ပျဉ်ဘေးမှာ ရေခွက်။ ငါ့ညီက နှုတ်ခမ်းနီဘူး ယူဆိုးတယ်။ နှုတ်ခမ်းတစ်ခုလုံး နီရဲလို့။ ဂျိုကာလိုပဲ။ ငါက ပေါင်ဒါမှုန့်ကို ရေနဲ့ဖျော်ပြီး မျက်နှာတစ်ခုလုံး ကို လိမ်းတယ်။ လိမ်းလို့လည်းပြီးရော အပေါ်ထပ်လှေကားကနေ အရှိန်လွန်ပြီး ငါအောက်ကို လျောကျသွားရော။ ငါ့ပုံစံကိုကြည့်ပြီး ရယ်ကြတယ်။ သူက Joker ငါက White Monkey ။ ငါ့အစ်မက  စိတ်ပျက်နေတဲ့ကြားက ရယ်တယ်။

မုန့်ပဲသွားရည်စာ

ငါတို့ငယ်ငယ်က ဖွဲနုနဲ့ သကာရည်ကို ရောစပ်ပြီး ပြုလုပ်ထားတဲ့ မုန့်ကို ရောင်းကြတယ်။ အလယ်မှာ ဖွဲနုနဲ့ သကာရည်ရောထားတဲ့အချိုခဲ။ အ‌ပေါ်မှာ ဆန်မှုန့်ကို ကျက်အောင်လုပ်ပြီး မံထားတယ်။ အဲဒီမုန့်ကို ငါကြိုက် တယ်။ ပြီးတော့ ငရုတ်သီးမှုန့်နဲ့ နယ်ထားတဲ့ ဆီးသီးပေါင်း။ ဝယ်စားရင် ဖက်ထဲထည့် ပေးတယ်။ ပွဲတော်ညတွေရောက်ရင် ပွဲစျေးမှာ မုန့်သည်တွေ စုံတယ်။ ကြံပန်းခိုင်။ မုန့်လေ ပွေ။ကောက်ညင်းကျည်တောက်။ မုန့်သိုင်းခြုံ အဲဒီစျေးသည်တွေကို ပွဲစျေးမှာတွေ့ရတယ်။ နောက်ထပ်ပွဲစျေးမှာ တွေ့ရတာက ကစား စရာကျူရိုးပိပီတွေပဲ။ ကျူရိုးထဲကို ၀ါးဖတ် ထည့်ထားပြီး မှုတ်လိုက်ရင် အသံမြည်တယ် လေ။ ငါတို့ အဲဒီပိပီကို တစ်ညနေလုံးမှုတ်ကြတယ်။ ပိပီကို လက်ဖဝါးထဲငုံပြီး အဖွင့်အပိတ်လုပ်မှုတ်ရင် အသံအမျိုးမျိုးမြည်တော့တယ်။တကယ်တော့ ပိပီဟာ ကမ္ဘာဦးတူရိယာပဲ။ပိပီကိုအခြေခံပြီး နှဲ၊ ထရမ်းပက်၊ ကလယ်ဒီနက်၊ ဆိုက္ကဆိုဖုန်းတို့ အဆင့်ဆင့်ပေါ်ပေါက်လာရတာ မဟုတ်လား။ ပွဲစျေးမှာ ပူဖောင်းသည်လည်း ရှိတယ်။ ပူဖောင်းသည်က မိုးပျံ ပူဖောင်းရောင်းတယ်။ ကလေးတစ်ယောက် လက်ထဲက လွတ်သွားတဲ့ မိုးပျံပူဖောင်းအ‌ပေါ်ကို တက်သွားရင် လူတွေမော့ပြီးအပေါ်ကို ကြည့်ကြတယ်။ အရာဝတ္ထုတစ်ခုအပေါ်ကို တက်သွားတယ်ဆိုတာ ထူးဆန်းတယ်။ ပူဖောင်းဟာ အာကာသထဲအထိရောက်သွားတော့ မလိုလို။

တာယာကွန်ပေါင်းစက်

ငါတို့ငှားနေတဲ့ အိမ်ရှင်က ကိုကျော်ရွှေ တဲ့။ တာယာကွန်ပေါင်း လုပ်တယ်။ စက်ဘီး တာယာ၊ ဆိုင်ကယ်တာယာ၊ ကားတာယာတွေကို ကွန်ပေါင်းလုပ်ပြီး ပန်းပြန်တင်တာပဲ၊ စက်ဘီးမှာ နန်းတာယာနဲ့ လျှာတာယာ နှစ်မျိုးရှိတယ်။ နန်းတာယာက ခွေမှာပါတဲ့ နန်းကြိုးပြတ်နေရင် ကွန်ပေါင်းပြန်တင်လို့မရဘူး။ လျှာတာယာမှာလည်း တာယာကပေါက်ပြဲနေရင် ကွန်‌ပေါင်းပြန်တင်လို့ မရဘူး။ ငါတို့ သိတတ်စအရွယ်က စက်ဘီးကို တာယာကွန်ပေါင်း ပြန်တင်ပြီးစီးကြတယ်။ စက်ဘီးလက်ကိုင်၊ စက်ဘီးခွေတွေ သံချေးတက်ရင် နီကယ် ပြန်စိမ်ကြတယ်။ စက်ဘီးကျွတ်အဟောင်း နှစ်ခုကို  ဂျွိုင်းဆက် ဆက်ပြီး စီးကြတယ်။ ခြေနင်းကွင်းနတ်၊ ဘောလ်ကျွတ်နဲ့ စပုတ်တံ ကအစ တန်ဖိုးရှိမှန်း သိကြတယ်။ ရော်ဘာဖိနပ် သဲကြိုးပြတ်ရင် သဲကြိုးချည့်ဝယ်ပြီး ဖိနပ် ဟောင်းမှာ တပ်စီးကြတာပဲ။ဘောင်းဘီတွေ မျှော့ကြိုးပြတ်ရင်လည်း ထည့်ဖို့ ဘောင်းဘီ မျှော့ကြိုးတွေလည်း သပ်သပ်ဝယ်လို့ရတယ်။

ကိုကျော်ရွှေရဲ့တာယာကွန်ပေါင်းစက်ကို ငါသွားကြည့်ဖူးတယ်။ တာယာပုံစံအချိုင့် ထွင်းထားတဲ့ သတ္တုခွက်ဆိုက်စုံနဲ့ အနက်ရောင် ရော်ဘာအရည်တွေ တွေ့ရတယ်။သတ္တုခွက် အကြီးကြီးတွေလည်း ရှိတယ်။ သုံးတန်ကား တာယာပုံစံခွက်ဖြစ်မှာပေါ့။ ငါမှတ်မိတာက သုံးတန်ကားဟာ အဲဒီတုန်းကအကြီး ဆုံးပဲ။ နောက်ဘီးက နှစ်ထပ်နဲ့။

ထင်ပေါ်ရောက်လာခြင်း

ကိုကျော်ရွှေတို့အိမ်မှာနေစဉ်က ငါတို့မိသားစုဟာ တော်တော်ဆင်းရဲခဲ့တယ်။ ငါ့အမေက ငါတို့နေတဲ့အိမ်ရဲ့အနောက်ဖက်ထဲက ကုန်စုံဆိုင်ကို စျေးဝယ်ခိုင်းတတ်တယ်။ တင်တင်စုဆိုတဲ့ စျေးသည်မိန်းမကြီးနာမည်ကိုစွဲပြီး တင်တင်စုဆိုင်လို့ခေါ်ကြတယ်။ အမေက နောက်မှပိုက်ဆံပေးမယ်လို့မှာ လိုက်တယ် စသည်ဖြင့်ပြောပြီး အမေမှာတာ ဝယ်ရတယ်။အမေ့ကို သိကြချစ်ခင်ကြတော့ ရတာချည့်ပါပဲ။ ငါတို့ညီအစ်ကိုတွေက မီးသွေးငါးမူးဖိုးဆို ဘယ်သူမှမဝယ်ချင်ကြဘူး။ အဲဒီအခါအမေ က ငါ့ကိုပဲ ခိုင်းတယ်။ ငါကောင်းကောင်းမှတ်မိနေတာကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ကိုသွားဆော့ရင်း ကာတွ န်းစာအုပ်တွေ အများကြီးတွေ့လို့ ထိုင်ဖတ်နေခဲ့တာပဲ။ ကာတွန်းဇာတ်လမ်းတွေကို ပထမဆုံးအကြိမ် ဖတ်ဖူးခြင်းပဲ။ ငါ့အဖို့ သိပ်စိတ်ဝင်စားစရာ ကောင်းလှတယ်။ ငါက ပထမတန်းကျောင်းသားကိုး။ စာဖတ်တတ်စကိုး။ ကမ္ဘာ‌လောကသစ် တစ်ခုထဲ‌ရောက်‌နေသလိုပဲ။ လျှို့ဝှက်ဆန်းကြယ်တဲ့ စိတ်ဝင်စားဖွယ် ကမ္ဘာသစ်ပါ။ငါစာဖတ်နေတာကို သူငယ်ချင်းရဲ့ အိမ်ကမိန်းမကြီးက ကြည့်နေတယ်။ ငါနောက်ထပ် အဲဒီအိမ်ကိုမရောက်တော့ဘူး။ ငါ့အဖေကို ကာတွန်းစာအုပ်ဝယ်ပေးဖို့ ပြောတော့တာပေါ့။ တစ်ရက်မှာ ငါတို့အိမ်ဆွမ်းခံကြွတဲ့ ဦးဇင်းက ကလေးတစ်ယောက် လက်ကဆွဲပြီး ရောက်လာတယ်။ နယ်က မိဘမဲ့ ကလေးတစ်ယောက်တဲ့။ မွေးစားချင်ရင် မွေးစားနိုင်အောင် ခေါ်လာတာတဲ့။ အိမ်မှာ အဖေ မရှိဘူး။ အမေ က လက်ခံစကားပြောပြီး အဖေဆိုင်းပွဲ ထွက်သွားတယ်။ ပြန်ရောက်တဲ့အချိန်လောက် နောက်တစ်ခေါက်လာခဲ့ပါလို့ ဦးဇင်းကို လျှောက်တယ်။ ကောင်ကလေးက ငါတို့နဲ့ မတိမ်းမယိမ်းပဲ။ သူ့ပုံစံက ဘာမဆို လက်ခံရ မယ်ဆိုတဲ့ပုံစံမျိုးလို့ ငါ အခု စဉ်းစားကြည့်မိတယ်။ သူ့နာမည်ကို ဘယ်သူပါလဲဘုရားလို့ အမေကမေးတော့ ဦးဇင်းက ဟဲ့ကောင်ပြောလိုက်ဆိုတယ်။ကောင်ကလေးက ပြောတယ် “ထင်ပေါ်”တဲ့။

Most Read

Most Recent