နွေရောက်မှာ ကြောက်တယ်

နွေရောက်မှာ ကြောက်တယ်
Published 22 December 2021
မောင်မြင့်ဝင်

နွေရောက်ပြီဆိုတဲ့ အသံလေးတွေများကြားရင် ရင်ထဲကို ဘယ်လိုကြီးဖြစ်သွားမှန်းကို တကယ်မသိတာ။ ဟုတ်တယ်လေ။ အဲဒီနွေဆိုတာကြီးက လူကိုအတော်လေး အခံရခက်စေတာ။ အလွမ်းအဆွေးတွေက ရင်ဝကို ပိဿလေးကြီးနဲ့ ဆွဲချီထားသလိုကို ဖြစ်သွားတာ။  မလွမ်းဘဲကိုမနေနိုင်ဘူး။ အဲဒီအထဲမှာ အလွမ်းဓာတ်ခံရှိနေသူတွေဆို ပိုဆိုးသေး။ မျက်ရည်ဝဲမတတ်လွမ်းနေရတာ။ မလွမ်းဘဲ နေနိုင်ရိုးလား။ နွေရာသီမှာ သစ်ပင်ပေါ်က ကြွေကျတဲ့ သစ်ရွက်လေးတွေရဲ့ အသံ၊ ဥသြငှက်ကလေးတွေရဲ့ လွမ်းလွမ်းဆွေးဆွေး အော်မြည်သံလေးတွေက ကြားရသူတိုင်းရဲ့ရင်ထဲမှာ ဆွေးဆွေးမြည့်မြည့်နဲ့ကိုဖြစ်လို့။ ပြောရရင် အဲဒီအထဲမှာ နွေရဲ့သရုပ်ကို အလွမ်း အဆွေးနဲ့ဖော်ထုတ်ပေးနေတဲ့ ဥသြငှက်လေးရဲ့ ဝေဒနာတေးတွေက အဆိုးဆုံး။ လွမ်းစရာဆိုတာ လူတိုင်းမှာရှိခဲ့ဖူးသလို ပုထုဇဉ်တွေ မှန်သမျှဟာ အလွမ်းအဆွေးတွေနဲ့ မကင်းနိုင်တာလည်း သဘာဝတစ်ခုလည်း ဖြစ်နေပြန်တယ်။

ပြီးတော့ လူတိုင်းဟာ အသက်အရွယ်ရလာတာနဲ့အမျှ အတိတ်မှာကျန်ခဲ့တဲ့ ငယ်ဘဝတွေကို လွမ်းတတ်ကြသေးတယ်လေ။ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် မိသားစုနဲ့ခွဲပြီးအဝေး တစ်နေရာ ရောက်နေကြသူများတိုင်းဟာ လွမ်းရေးထက်ဝမ်းရေးခက်လို့ အလွမ်းတွေကို မျိုသိပ် ကြိတ်မှတ်လို့ ခံစားနေကြရသူတွေ။

“တစ်ကိုယ်ထဲသာ ဖော်ကွာလို့အဝေး။ ကြင်သူကို  မျှော်ကာမှန်းလို့ လွမ်းရတယ်လေး။”

ကဗျာလေးထဲကလို အဖော်မစုံကွာဝေးနေကြတဲ့ တစ်ကိုယ်ထဲသမားတွေဟာလည်း အလွမ်းတွေကိုအဖော်ပြုကာ အသက်ဆက်နေရသူတွေလို့ သတ်မှတ်လိုက်မိတယ်။ ပြီးတော့ အတိတ်ကိုပြန်တွေးပြီး တသသနဲ့လွမ်းကြသလို အနာဂတ်ကို ကြိုတွေးပြီး ပစ္စုပ္ပန်မှာ ဆွေးဆွေးမြည့်မြည့်လွမ်းရသူတွေလို့လည်း တွေးမိပါရဲ။ အဲဒီလို လွမ်းချင်ချင်ဖြစ်နေရာက ကိုရွှေဥသြလေးကလည်း တဆွေးဆွေးမြည့်မြည့်နဲ့ “ဥသြ...ဥသြ...” ဆိုပြီး ငိုသံပါအောင် တဆာဆာ တွန်ကျူးနေတဲ့ အသံကြောင့်လည်း အလွမ်းပေါ်အလွမ်းဆင့်လို့ တဟင့်ဟင့်နဲ့ ရှိုက်ငင်ကာ လွမ်းလိုက်ရပါလေရော။ အချို့များကျတော့လည်း အလွမ်းတွေကို သက်သေပြုမျက်ရည်ထုနဲ့ ဖော်ပြစိတ်လို လက်ရလွမ်းခွင့်ရသူလည်း မဟုတ်တော့ မျက်ရည်ကိုချုပ်ထိန်း လူမသိသူမသိနဲ့ အလွမ်းတွေကို မျိုသိပ် ကြိတ်မှိတ်ကာ လွမ်းရသူတွေကလည်း ရှိသေးရဲ့။ အဲလိုလူတွေအတွက်ကတော့ ဥသြလေးက တရားခံ ဖြစ်သွားရပြန်တယ်။ တကယ်တော့  ခံစားတတ်တဲ့ နှလုံးသားကိုယ်စီနဲ့မို့ လွမ်းခွင့်ကတော့ ကိုယ်စီရှိ တတ်ကြပါတယ်လေ။ အဲဒါကြောင့် မင်းလည်း လွမ်းခွင့်ရှိပါတယ် ဥသြလေးရယ်လို့ ဥသြလေးဘက်က ဝင်ပြောပေးမိသွားတယ်။ ဒါပေမဲ့ အလွမ်းတွေကတော့ထပ်တူကျချင်မှ ကျမှာပေါ့။

တကယ်ပြောတာ။ နွေရာသီဟာ လွမ်းတတ်သူအတွက်ကတော့ လွမ်းမောစရာတွေက အပြည့်ကို ဖြစ်နေတာ။  ရပ်ရှစ်ခွင်မှာမြူတွေဆိုင်းလို့ တံလျှပ်တွေ တရိပ်ရိပ်တက်လာတာ ကြည့်မိရင်လည်း ရင်ထဲမှာအပူလုံးကြီးစို့ လာပြန်ရော။ တဟူးဟူးနဲ့အရှေ့က လာလိုက်၊ အနောက်ကို ဝေ့သွားလိုက်လေရူးလေးတွေ နောက်လွင့်ပါနေတဲ့ ဖုန်စလေးတွေ၊ သစ်ရွက်ခြောက်လေးတွေ ကြည့်ရင်းနဲ့လည်း  သည်းခြေတွေမခိုင် မျက်ရည်တွေဖြိုင်ဖြိုင်ကျပြီး အလွမ်းတွေကို စိတ်လွတ်ကိုယ်လွတ် ရွက်လွှင့်ချင်စိတ်တွေက ဖြစ်မိပြန်ရော။ တောင်လေက တဖြူးဖြူး၊ မြောက်လေကတသုန်သုန် လေရူးတဟုန်ဟုန်ကြားထဲမှာ လူမသိသူမသိအကြွေဘဝနဲ့ မြေခသွားကြပြီး ညှိုးရော် ခြောက်သွေ့နေတဲ့ သစ်ရွက်ကလေးတွေကို ကြည့်ပြီးတော့လည်း သနားကရုဏာဖြစ်ပြီး လွမ်းခဲ့ရတာကလည်း အခါခါ။

တရားသဘောလေးနဲ့ ကြည့်ရင်တော့ အပူဒဏ်ကို အံတုရင်းရွက်ဟောင်းလေးတွေ ကြွေကျနေတဲ့ သစ်ပင်တွေကလည်း သံဝေဂရချင်စရာကောင်းပါရဲ့။ အပွင့်အရွက်အသီးတွေဝေနေတုန်းကတော့ သာယာလှပ ကြည်နူးစရာကောင်းခဲ့ပေမဲ့ အခုအချိန်မှာတော့ အားလုံးက စွန့်ခွာထွက်သွားလို့ လွမ်းမောစရာကြီးအဖြစ်သာ ကျန်ခဲ့ရတယ်။

“နေပူပြင်းပြင်းအောက်မှာ အရိုးတံတွေ ပြိုင်းပြိုင်းကျ ခြောက်သွေ့ပြနေတဲ့ သစ်ပင်အိုကြီးရယ်၊ မင်းကိုလည်း ငါမကယ်နိုင်၊ လက်မှိုင်ချလို့ အသာငေး ခပ်လှမ်းလှမ်းကပဲဆွေးနေရတယ်။ မင်းရင်ခွင်ဆီကို နောက်ထပ်ရောက်လာမဲ့ အဖူးအနုအသစ်လေးတွေကို ကမ်းလင့်လို့သာ ဆီးကြိုနေပါတော့ကွယ်”။

သရဖီအင်ကြင်းဖွေးဖွေးနဲ့ ပေါက်လက်ပံနီဆွေးဆွေး၊ ပင်ယံအဝေးကငှက်ကလေးတွေဟာ ဆူဆူညံသံပြိုင်ပေးရင်း မြူးထူးပျော်ပါး ကာဘုံဗိမာန်အလား ကူးလူးကာပျံ သန်းနေကြပြန်တယ်။ ငှက်ကလေးတွေရဲ့ ကြည်နူးသံတွေကြားလို့ တစ်ချက်ချက်ဝှေ့တိုက်လာတဲ့ လေပွေနောက်မှာ လက်ပံပွင့် လေးတွေ တဖြုတ်ဖြုတ်နဲ့ မြေပြင်မှာပြန့်ကျဲ ကမ္ဗလာခင်းထားသလို ရဲရဲနီနေလေရဲ့။ သူတို့ ကြားကိုတိုးဝှေ့ကာ အပွင့်ကြွေလေးတွေအတူ ကောက်ခဲ့ကြတဲ့ ငယ်ငယ်က ကစားဖော်သူငယ်ချင်းတွေကိုလည်း အလိုလိုတမ်းတမှန်းဆလို့ လွမ်းရပြန်ပါရော။

 “ရွာကျောင်းကို ပြေးမြင်မိရင်...သတိရနေတယ်သူငယ်ချင်းရေ၊ တို့များငယ်ငယ်တုန်းက ရွာအဝင်လမ်းဆီကနေ လက်ချင်းယှက်ကာ ပြေးကာလွှားကာ ကျောင်းတက်လာကြတာတွေ... မေ့နိုင်ပါ့မလား မင်းတို့ငါတို့ငယ် ငယ်တုန်းကလေ” ဆိုတဲ့ တွံတေးသိန်းတန်ရဲ့ အသီးတစ်ရာအညှာတစ်ခု သီချင်းလေးကိုအလိုလို ညည်းမိရင်းကလည်း မျက်ရည်တွေက ဝဲဖြာတက်လာရပြန်တယ်။

ဒါတင်မကသေးပါဘူးလေ။ လှည်းလမ်းမှာဖုန်တွေတဖွေးဖွေးနဲ့ ပင်ညိုရိပ်အောက်မှာ ခွေးရူးလိုက်တမ်းကစားခဲ့ကြတဲ့ ငယ်ဖော်တွေကို ယောင်ယမ်းကာ ရှာဖွေမိတဲ့အခါတွေလည်း ဖြစ်ရလို့။ ကျောင်းတော်သာမှာစာတွေ အတူတူကျက်၊ မုန့်တွေအတူခွဲဝေစားခဲ့ကြတဲ့ ပြောမနာဆိုမနာသူငယ်ချင်းတွေကို တသသ လွမ်းလာရပြန်တယ်။ အခုများတော့ဖြင့် မင်းတို့တွေ ဘယ်ဆီကိုများရောက်လို့ နေကြပြီလဲကွယ်။  တိုက်ဆိုင်မှုကြောင့်ပဲဆိုဆို အလွမ်းအဆွေးတေးသံလေးတွေကြားမိရင်ကိုပဲ ရင်ထဲမှာ သိမ့်ခနဲလှိုက်ခုန်ပြီး တဒင်္ဂလေးအလွမ်းအဆွေးမှာ မေ့မျောဖူးပါရဲ့။ သီချင်းအရမ်းကြိုက်တဲ့ သူငယ်ချင်းတစ်ယောက်ဆိုရင် ဆိုလိုက်သမျှ သီချင်းတွေက အလွမ်းအသီချင်းတွေချည်းပဲ။ ပြီးရင် မျက်ရည်တွေပါ ကျလာရော။ ဘာလို့အဲ့လောက်ခံစားရတာလဲလို့သူ့ ကို မေးရင်သူက တွေတွေငေးငေးလေးနဲ့ “ခံစားရလို့ပေါ့” ဆိုပြီး ရိုးရိုးလေးပဲပြန်ဖြေတတ်တယ်။ တစ်ယောက်နဲ့တစ်ယောက် အလွမ်းဓာတ်ခံချင်းမတူနိုင်တာလည်း ဖြစ်နိုင်ပါတယ်လေ။ အဲဒီသူငယ်ချင်းကိုတော့ အလွမ်းဓာတ်ခံများပြီး နှလုံးသားက ခံစားလွယ်သူတစ် ယောက်လို့ သတ်မှတ်မိလိုက်တယ်။ ကိုယ်လည်း ဘာထူးလဲ။ အခုပဲကြည့်လေ အလွမ်းအကြောင်း တွေးနေမိတာနဲ့ အလွမ်းသီချင်းတစ်ပုဒ်က စိတ်ထဲအလိုလို ပေါ်လာပြန်တယ်။

  “ကြာပြီဆိုတော့...မေ့လောက်ပါပြီ...စိတ်မှာယုံခဲ့တယ်...အချစ်ဦးမို့ ယနေ့ထက် ထိတိုင် ကိုယ်မမေ့နိုင်သေးတယ်”

ရင်ခုန်တတ်စအရွယ် အချစ်ကိုအရူးအမူးကိုးကွယ်ခဲ့ချိန်က အတော်လေးကြိုက်ခဲ့မိတဲ့ သီချင်းလေး။ အခု နွေရာသီအကြောင်း စဉ်းစားမိတာနဲ့ စိတ်ထဲ အလိုလိုပြန်ပေါ်လာတာ။ အဲဒါက ငယ်ချစ်ဦးဆီ။ အလွမ်းတွေက ဖြန့်ကြက်သွားတော့ ရင်ထဲမှာလည်း တဆစ်ဆစ်နဲ့နာကျင်လာရပြန်တယ်။ အလွမ်းအဆွေးနဲ့ မကင်းနိုင်တဲ့ လူသားတစ်ယောက်မို့ လွမ်းခွင့်မရှိလည်းလွမ်းပါရစေ။ လွမ်းခွင့်ရှိလည်း လွတ်လွတ်လပ်လပ်ကြီးလွမ်းလိုက်ပါ ရစေ။

 ခင်ဗျားတို့ကရော သစ်ရွက်လေးတွေ ကြွေတာကြည့်ပြီးလွမ်းဖူးရဲ့လား။ ဥသြငယ် လေးရဲ့သနားစရာအသံလေးကြားရင်ရော၊ လေရူးလေးတွေနဲ့အတူ လက်ပံရဲရဲနီတွေ ကောက်ရင်း ကစားဖော်သူငယ်ချင်းတွေကိုရော အမှတ်တရတမ်းတလွမ်းတနေဆဲပဲလား။ တက္ကသိုလ်ရဲ့စိန်ပန်းရဲရဲ ကံ့ကော်တောထဲတုန်းက ရင်ခုန်ဘက်ကလေးကိုရော တမ်းတနေမိတုန်းပဲလား။ အလွမ်းဓာတ်ခံရှိတဲ့ ကျွန်တော်ကတော့ အဲဒီလိုအလွမ်းတွေပြည့်နှက်နေတဲ့ နွေရောက်မှာ တကယ်ကြောက်နေမိတယ်ဗျာ။

Most Read

Most Recent