မြောက်ဥက္ကလာပမြို့နယ်၊ (စ) ရပ်ကွက်၊ သုနန္ဒာလမ်းမကြီး သုနန္ဒာလမ်းသွယ် (၅)လမ်းထောင့်အနီးတွင် အငြိမ်းစား ကျောင်းဆရာမတစ်ဦး ဒီဇင်ဘာ ၂၀ ရက် နံနက် ၇ နာရီခန့်က သေနတ်ဖြင့်ပစ်ခတ်ခံရကာ သေဆုံးသွားကြောင်း အဆိုပါမြို့နယ်နေသူများထံမှ သိရသည်။
ပစ်ခတ်သေဆုံးသွားသည် အဆိုပါအငြိမ်းစားကျောင်းဆရာမသည် နံနက်ပိုင်း ဆိုက္ကားဖြင့် စီးနင်းလာစဉ် အမည်မသိသေနတ်ပစ်ခတ်သူမှ ဆိုင်ကယ်ဖြင့်လိုက်ပါလာကာ ၉ ချက်ခန့် ပစ်ခတ်သွားကြောင်း ကနဦးသိရသည်။
မြောက်ဥက္ကလာပမြို့နယ်နေသူတစ်ဦးက " မနက်က သုနန္ဒာ လမ်းပေါ်မှာ အမျိုးသမီးတစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ သိရတယ်။ အရင်ကတော့ ကျောင်းဆရာမ တစ်ဦးလို့ သိရတယ် " ဟု ပြောကြားခဲ့သည်။
အဆိုပါ အငြိမ်းစား ကျောင်းဆရာမသည် သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ရင်ညွှန့်ထိမှန်ဒဏ်ရာ၊ ဝဲရင်အုံထိမှန်ဒဏ်ရာ၊ညာရင်အုံထိမှန်ဒဏ်ရာ၊ ဝမ်းဗိုက်ထိမှန်ဒဏ်ရာ၊ကျောကုန်းထိမှန်ဒဏ်ရာများ ရရှိကာ ဆေးရုံပို့စဉ်သေဆုံးသွားကြောင်း ကနဦးသိရသည်။
ထို့ပြင် အရှေ့ဒဂုံမြို့နယ်၊ (၁၅၆) ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းနှင့် မင်းရဲကျော်စွာလမ်းသွယ် (၂)လမ်းထောင့်တွင် ဒီဇင်ဘာ ၁၉ ရက် ည ၈ နာရီခွဲက ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအနီး ဝန်းကျင်တွင် အိမ်ဆောက်ပစ္စည်းဆိုင်နှင့် အရှေ့ဒဂုံမြို့နယ်ရဲစခန်းတို့ တည်ရှိကြောင်း သိရသည်။















