မြိတ်အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဧရိယာအတွင်း ဝင်ရောက်နေထိုင်လျက်ရှိသော အိမ်ခြေ ၁၅၀ ကျော်မှ ဒေသခံများကို မြေနေရာအခမဲ့ ပြန်လည်ချထားပေးမည် ဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူများက ပြောကြားသည်။
မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု ရှောက်တခင်း (ဒေသအခေါ်) နေရာမှာ မြိတ်အနာ ဂတ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းပိုင် ဧရိယာဖြစ်ပြီး ပြီးခဲ့သည့် ခုနစ်နှစ်ခန့်မှစတင်ပြီး ရွှေ့ပြောင်း အခြေချသူတချို့က နေအိမ်များဝင်ရောက် ဆောက်လုပ်နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အခြေချနေထိုင်သူများကို ဦးဆောင် ခေါ်လာသူများနှင့် ကုမ္ပဏီအကြား တရားရင်ဆိုင်ပြီးနောက် တိုင်းဒေသကြီးနှင့် ခရိုင်တရား ရုံးများက ကုမ္ပဏီပိုင်ဖြစ်ကြောင်း သတ်မှတ် ဆုံးဖြတ်လိုက်သည့်အတွက် နေအိမ်များကို ဒီဇင်ဘာ ၂၃ ရက်တွင် အပြီးသတ်ပြောင်းရွှေ့ရန် အကြောင်းကြားထားကြောင်း သိရသည်။
ကုမ္ပဏီပိုင်အတွင်း ဝင်ရောက်နေထိုင်သည့် အိမ်ခြေများတွင် အမှန်တကယ် နေထိုင်နေသည့်သူများကို စိစစ်ပြီး မြေကွက်များကို အခမဲ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ကုမ္ပဏီပိုင်ဧရိယာ အတွင်းမှာ အိမ်ခြေ ၁၅၇ လုံး ဝင်ရောက်နေထိုင်ထားတာ တွေ့ရတယ်။ တခြားတိုးချဲ့ဆောက်လုပ်နေဆဲအိမ်တချို့လည်း ရှိပါသေးတယ်။ စီမံကိန်းဧရိယာအတွင်းမှာ ၂၀၁၄ ခုနှစ် စက် တင်ဘာလမှာ အိမ်လေးလုံး စတင်ဝင်ရောက် ဆောက်လုပ်လာတယ်။ ဒေါ်အေးမူအပါအဝင် ရှစ်ဦးက ဦးဆောင်ပြီး အဲဒီဧရိယာအတွင်းမှာ လာရောက်နေထိုင်မယ့်သူတွေကို မြေနေရာ အခမဲ့ပေးမယ်ဆိုပြီး သတင်းလွှင့်လိုက်တော့ လူတွေအများအပြားရောက်ရှိလာတော့တယ်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလလောက် ကစတင်ပြီး ကျူးကျော်ဝင်ရောက်သူတွေ အများအပြားဖြစ်လာတယ်။ ကျွန်တော်တို့ တားမြစ်ပေမဲ့ ရပ်နားပေးခြင်းမရှိဘဲ ဆက်လက်ဝင်ရောက်နေတဲ့အတွက် တရားရုံးမှာ တရားရင် ဆိုင်ခဲ့ကြရတယ်။ အခု ၂၀၂၁ ခုနှစ် ဧပြီလမှာ အမှုအပြီးသတ်နိုင်ခဲ့ပြီး ခရိုင်တရားရုံးက ကုမ္ပဏီမြေနေရာဖြစ်ကြောင်း ဆုံးဖြတ်ပေးလိုက် တယ်။ သူတို့ဘက်က ပြင်ဆင်ချက်ထပ်တက်ပေမဲ့လည်း တိုင်းဒေသကြီးတရားရုံးက ကုမ္ပဏီပိုင်ဖြစ်ကြောင်း ထပ်မံအဆုံးဖြတ်ပေးလိုက်တာပါ။ ကျွန်တော်တို့ အခုဝင်ရောက်နေထိုင်ကြတဲ့ ဒေသခံတွေကို ရှင်းပြတော့ သူတို့လည်း ကျွန်တော်တို့ သတ်မှတ်ပေးတဲ့မြေနေရာကို ပြောင်းရွှေ့နေပါပြီ။ ကုမ္ပဏီဧရိယာအနီးက ဗလပ်တောင်တစ်ဝိုက်မှာ မြေနေရာအခမဲ့ပြန် လည်ချထားပေးမှာပါ” ဟု မြိတ်အနာဂတ်ဖွံ့ ဖြိုးတိုးတက်ရေး (MFD) မှ လုံခြုံရေးတာဝန်ခံ ဦးသူရက ပြောကြားသည်။
ဒေသခံများက ရှောက်တခင်းဟုခေါ်သော ပလရှောင်နေရာမှာ ကွင်းအမှတ် ၂၄၆၊ ဦးပိုင် ၃၅/၃၆ တွင် ပါဝင်ပြီး စီမံကိန်းဧရိယာ၏ ၆၂ ဒသမ ၇၁ ဧက ပါဝင်နေကြောင်း သိရသည်။
“ဒီဇင်ဘာ ၂၃ ရက်နေ့အမီ ပြောင်းရွှေ့ပေးနေတယ်။ အတော်များများကတော့ ကုမ္ပဏီစီစဉ်ပေးတဲ့နေရာကို ရွှေ့ပြောင်းနေကြပါပြီ။ မြေကွက်တစ်ကွက် အခမဲ့ရရှိမှာဖြစ်ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
မြိတ်အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမှာ ဧက ၇၀၀ ကျော်ရှိပြီး ဆိပ်ကမ်းများ၊ လူနေအိမ်ရာများ၊ ကစားကွင်းများ၊စျေးများ၊ဆိုင်ခန်းများ၊ စက်ရုံ/အလုပ်ရုံများ၊ငါးတင်ငါးချဆိပ်ခံတံတားများပါဝင်သည့် ဘက်စုံစီ မံကိန်းတစ်ခုဖြစ်သည်။















