မြဝတီမြို့တွင် တစ်ညတည်း ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွား

မြဝတီမြို့တွင် တစ်ညတည်း ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွား
Published 19 December 2021

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် (၄) ရပ်ကွက်ရှိ ဓိဋ္ဌာန်အောင်ဘုရားအနီး၌ ဒီဇင်ဘာ ၁၈ ရက် ည ၆ နာရီခွဲခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဓိဋ္ဌာန်အောင်ဘုရားပရဝဏ်အတွင်း စျေးရောင်းပွဲတော်ကျင်းပနေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စျေးရောင်းပွဲတော် ရပ်နားလိုက်ကြောင်းနှင့် ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိကြောင်း အဆိုပါ နေရာအနီးနေထိုင်သူတစ်ဦးက ပြောကြားသည်။

ထို့အတူ ည ၇ နာရီကျော်တွင် မြို့နယ်စု ပေါင်းရုံးအနီးတွင် ပေါက်ကွဲမှုတစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဓိဋ္ဌာန်အောင်ဘုရားလမ်းတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

“အစ်မက အိမ်အပြင်ထွက်ပြီး သားနဲ့ ဖုန်းပြောနေတာ။ “အုန်း” ဆို ခြေပါမြောက်တက် သွားသလားထင်ရတယ်။ လန့်လိုက်တာ။ ခဏကြာတော့ လူနာတင်ကားလာသံ ကြားလိုက်တယ်။ တာဝန်ရှိသူတွေ လာစစ်တယ်။ ဒဏ်ရာ ရတဲ့ရှိတယ်ထင်ပါတယ်” ဟု ဓိဋ္ဌာန်အောင် ဘုရားလမ်းတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

မြဝတီမြို့တွင်း၌ ပေါက်ကွဲမှုဖြစ်စဉ်နှင့် တဆက်တည်း လေးကေ့ကော်၊ မယ်ထော်သလေးဘက်တွင် လက်နက်ကြီးကျည်ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်ခဲ့သည်။

ထို့ပြင် ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းကလည်း မြဝတီမြို့အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးအပစ်ခံရပြီး ပေါက်ကွဲ မှုမရှိခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၇ ရက် ညကလည်း ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးရှေ့၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ယာဉ်တစ်စီးအနည်းငယ်ထိခိုက်မှု ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Most Read

Most Recent