ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အိုမီခရွန်ပိုးတွေ့ရှိခြင်းနှင့် ရခိုင်ပြည်နယ် ကုန်သွယ်ရေးဆိပ်ကမ်းများ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အိုမီခရွန်ပိုးတွေ့ရှိခြင်းနှင့် ရခိုင်ပြည်နယ် ကုန်သွယ်ရေးဆိပ်ကမ်းများ
  စစ်တွေရွှေမင်းဂံ နယ်စပ်ကုန်သွယ်ရေးဆိပ်ကမ်း၌ စက်လှေသမားများကို အပူချိန်တိုင်းနေစဉ် ( Photo:RSCCI)
စစ်တွေရွှေမင်းဂံ နယ်စပ်ကုန်သွယ်ရေးဆိပ်ကမ်း၌ စက်လှေသမားများကို အပူချိန်တိုင်းနေစဉ် ( Photo:RSCCI)
Published 19 December 2021
ဝင်းကျော်အောင်

ကိုဗစ်နှင့် နယ်စပ်ကုန်သွယ်ရေး

ရခိုင်ပြည်နယ်သို့ ကိုဗစ်ကူးစက်လာသည့် လမ်းကြောင်းများတွင် ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းလည်း တစ်ခု အပါအဝင် ဖြစ်သည်။ ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း အားလုံးတွင် ဘင်္ဂလားဒေ့ရှ်မှ ဝင်ရောက်လာသူများထံမှ ကိုဗစ် စ,တွေ့ခဲ့ခြင်းဖြစ်သည်။ သို့အတွက် နယ်စပ်ကုန်သွယ်ရေးဖွင့်လျှင် ဒေသခံလူထုက စိုးရိမ်မကင်းဖြစ်ကြရသည်။

သို့အတွက် ကိုဗစ်ဖြစ်ပွားမှုမြင့်လာချိန်တိုင်းတွင် နယ်စပ်ကုန်သွယ်ရေးကို ပိတ်ခဲ့ရသည်။ ကိုဗစ်တတိယလှိုင်းကြောင့် ဇူလိုင် ၁၅ ရက်မှစ၍ သုံးလကြာပိတ်ထားခဲ့သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးကို  အောက်တိုဘာလ ဒုတိယပတ်အတွင်း ပြန်လည် ခွင့်ပြုခဲ့သည်။ စစ်တွေနယ်စပ်ကုန် သွယ်ရေးစခန်းမှ အောက်တိုဘာ ၁၆ ရက်မှ စတင်ကာ ကုန်သွယ်မှုဆောင်ရွက်ခဲ့ပြီး မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ အောက်တိုဘာ ၂၀ ရက်တွင်စ၍ ကုန်သွယ်မှုပြုခဲ့ခြင်း လည်း ဖြစ်သည်။

 

ဘင်္ဂလားဒေ့ရှ်က ပြန်လာသူတွင် ကိုဗစ်တွေ့

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ် ရေးစခန်းများကို ပြန်လည်ဖွင့်လှစ်ခဲ့သဖြင့် စစ်တွေ၊ မောင်တောအပြင် တောင်ကုတ်ဆိပ် ကမ်းကလည်း ကုန်တင်ပို့မှုများရှိခဲ့သည်။ထို့ပြင် ဘင်္ဂလားဒေ့ရှ်သို့ ကုန်ပို့သင်္ဘောများတွင် လိုက်ပါမည့်သူ စက်လှေသမားများမှာလည်း COVID-19 ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံ ပြီးသူများကိုသာ လိုက်ပါခွင့်ပြုခဲ့သည်။

ယင်းသို့ ကုန်တင်ပို့မှုအားကောင်းလာပြီးနောက် တစ်လခွဲခန့်အကြာ နိုဝင်ဘာ ၃၀ ရက်တွင် ဘင်္ဂလားဒေ့ရှ်မှ ကုန်တင်ပို့ပြီးပြန်လာ သူ ကိုးဦးတွင် ကိုဗစ်ပိုး စတင်တွေ့ရှိခဲ့ပြန်သည်။

စစ်တွေ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ ကုန်တင်ပို့သွားသည့် စက်လှေများတွင် လိုက်ပါလာသူများကို အပြန်တွင် သီးခြား ကွာရန်တင်းထားရှိပြီး ကိုဗစ်ပိုးရှိ မရှိ စစ်ဆေးရာမှ ကိုဗစ်ပိုးတွေ့ရှိသူများ တွေ့ရှိလာခဲ့ခြင်းလည်းဖြစ်သည်။

နိုဝင်ဘာ ၃၀ ရက်တွင် ကိုးဦး၊ ဒီဇင်ဘာ ၇ ရက်တွင် ခုနစ်ဦး၊ ဒီဇင်ဘာ ၁၀ ရက်တွင် နှစ်ဦး၊ ဒီဇင်ဘာ ၁၄ ရက်တွင် ခြောက်ဦး စုစုပေါင်း ၂၄ ဦးအထိရှိလာခဲ့ပြီဟု ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

 

ဘင်္ဂလားဒေ့ရှ်တွင် Omicron မျိုးကွဲဗိုင်းရပ်စ်တွေ့

ရခိုင်နှင့် နေ့စဉ် ကုန်သွယ်မှုရှိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် Omicron မျိုးကွဲဗိုင်းရပ်စ်ပိုးရှိသူ နှစ်ဦးကို ဒီဇင်ဘာ ၁၁ ရက်က ပထမဆုံး စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်သတင်းဌာနများတွင် ဖော်ပြခဲ့သည်။

ခရစ်ကက်ပြိုင်ပွဲဝင်ခဲ့ပြီးနောက် ဇင်ဘာဘွေနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော အမျိုးသမီး ခရစ်ကက်အားကစားသမား နှစ်ဦးထံတွင် စစ်ဆေးတွေ့ရှိခြင်းဖြစ်သည်ဟု သတင်းများက ဆိုသည်။

လွန်ခဲ့သည့်လက သန္ဓေပြောင်းမှု အများအပြားရှိသည့် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် ကို တောင်အာဖရိက က လေ့လာတွေ့ရှိခဲ့ပြီးနောက် ဘော့ဆွာနာ၊ နယ်သာလန်၊ ပေါ်တူဂီ၊ ယူကေ၊ သြစတြေးလျ၊ ဂျာမနီ၊ အီတလီ၊ ဟောင်ကောင်၊ ကနေဒါ၊ အစ္စရေး၊ ဒိန်းမတ်၊ သြစတြီးယား၊ ဆွီဒင်၊ ဘယ်လ်ဂျီယမ်၊ ချက်၊ စပိန်တို့ပါဝင်သည့် ကမ္ဘာတစ်ဝန်းနိုင်ငံဒေသ ပေါင်း ၁၇ ခုကို ပျံ့နှံ့ ရောက်ရှိခဲ့သည့်အပြင် အာရှဒေသအတွင်း နိုင်ငံများတွင်လည်း ကူး စက်ခံရသူများ ရှိလာခဲ့သည်။

ယခုဆိုလျှင် ရခိုင်နှင့် နေ့စဉ်ကူးလူးဆက်သွယ်မှုရှိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ပင် အိုမီခရွန် ကူးစက်ခံရသူ တွေ့ရှိလာပြီဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၎င်းရောဂါပိုးကို ထိန်းချုပ်မှုမလုပ်နိုင်လျှင် မြန်မာနိုင်ငံသည် လည်း တစ်နေ့နေတွင် ကူးစက်ခံရလာနိုင်သည်။

ဒီဇင်ဘာ ၁၁ ရက်အထိ စာရင်းအရ နိုင်ငံပေါင်း ၆၃ နိုင်ငံတွင် အိုမီခရွန်ကို တွေ့ရှိနေရပြီး မြန်မာနိုင်ငံတွင် COVID-19 အိုမီခရွန်ပိုးတွေ့ရှိခြင်း မရှိသေးဘဲ Delta အမျိုးအစားသာ တွေ့ရှိသေးကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

COVID-19 မျိုးကွဲသစ် အိုမီခရွန်သည် ဒယ်တာမျိုးကွဲဗိုင်းရပ်စ်ထက် ပိုမိုကူးစက်မြန်ပြီး ကာကွယ်ဆေး၏ ထိရောက်မှုကို လျော့ကျစေသော်လည်း အစောပိုင်းရရှိသည့် အချက်အလက်အရ ယင်းမျိုးကွဲသည် ပြင်းထန်ရောဂါ လက္ခဏာများ ဖြစ်ပွားနိုင်ခြေနည်းပါးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ဒီဇင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရခိုင်တွင် ကိုဗစ်ကြောင့်သေဆုံးသူ ထပ်မံရှိလာ

ရခိုင်တွင်  ကိုဗစ်တတိယလှိုင်းကို ယခုနှစ် မေလကုန်ပိုင်းမှစတင်ကာ ဇွန်၊ ဇူလိုင်၊ စက်တင်ဘာအတွင်း အပြင်းအထန်ခံစားခဲ့ ရပြီး ဒယ်တာဗိုင်းရပ်ကြောင့် ကူးစက်ခံရမှုနှုန်း နှင့် သေဆုံးမှုနှုန်းလည်း မြင့်တက်ခဲ့သည်။

ရခိုင်တွင် ကိုဗစ် တတိယလှိုင်းစတင်ခဲ့ရာ ၂၀၂၁ ခု မေ ၂၇ ရက်မှ အောက်တိုဘာ ၁၉ ရက်အထိ ကိုဗစ်လူနာပေါင်း ၄၉၀၄ ဦး ရှိခဲ့ပြီး သေဆုံးသူ ၄၇၈ ဦးအထိ ရှိခဲ့သည်။

အောက်တိုဘာမှ စတင်ကာ ရောဂါပိုးတွေ့ရှိမှု လျော့ကျလာခဲ့ပြီး လက်ရှိတွင် နှစ်ရာခိုင်နှုန်းဝန်းကျင်အထိ လျော့ကျကာ ကိုဗစ် ကြောင့်သေဆုံးသူမှာလည်း မရှိသလောက် နည်းပါးခဲ့သည်။ သို့အတွက် ကိုဗစ်တတိယ လှိုင်းကို ထိန်းချုပ်ထားနိုင်ပြီဟု ဆိုနိုင်မည်ဖြစ်သည်။သို့ရာတွင် ကိုဗစ်တွေ့ရှိမှု လျော့နည်းကျဆင်းလာသည့်နည်းတူ ပြည်သူများအနေဖြင့် Mask တပ်ဆင်သွားလာသူများလည်း ကျဆင်းလာခဲ့သည်ကိုတွေ့နေရသည်။

သို့ရာတွင် နိုဝင်ဘာလကုန်ပိုင်းမှစ၍ စစ်တွေမြို့မှ လေယာဉ်ဖြင့်ထွက်ခွာမည့်ခရီးသည်များကို ကိုဗစ်စစ်ဆေးရာ ကိုဗစ်ပိုးတွေ့ရှိသူများ ရှိလာခဲ့ပြန်သည်။ နိုဝင်ဘာ ၃၀ ရက် မှ ဒီဇင်ဘာ ၁၁ ရက်အထိ  ပိုးတွေ့သည့်လေ ကြောင်းခရီးသည် ၁၃ ဦးအထိ ရှိခဲ့သည်။

ထို့ပြင် ဒီဇင်ဘာလထဲတွင် COVID-19 ကြောင့် သေဆုံးသူများရှိလာခဲ့သည်။ စစ်တွေမြို့တွင် ရောဂါအခံရှိသည့် အသက် ၇၀ ကျော်အရွယ် ကိုဗစ်လူနာ တစ်ဦးသည် ဒီဇင် ဘာ ၉ ရက်  ည ၁၀ နာရီခန့်တွင် သေဆုံးခဲ့သည်။ အလားတူ သံတွဲမြို့တွင် ကိုဗစ်အတည် ပြုလူနာတစ်ဦး ဒီဇင်ဘာ ၁၄ ရက်က သေဆုံးခဲ့ပြန်သည်။

ရခိုင်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ဒီဇင်ဘာ ၁၄ ရက်အထိ ကိုဗစ်ပိုးတွေ့သူဦးရေ ၅၂၀၆  ဦး၊ ဆေးရုံမှဆင်းခွင့်ရသူ ၄၆၈၃ ဦး၊ သေဆုံးသူ ၅၀၁  ဦးနှင့် ကုသဆဲလူနာ ၂၂ ဦးအထိရှိကြောင်း ရခိုင်ပြည်နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီစာရင်းအရ သိရသည်။

 

ကြိုတင် ပြင်ဆင်မှု အခြေအနေ

စစ်တွေနှင့် မောင်တော ကုန်သွယ်ရေးစခန်း နှစ်ခုမှ ကုန်သွယ်မှု ပြန်လည်စတင်ခဲ့သည့် အောက်တိုဘာ ၁၆ ရက်မှ နိုဝင်ဘာ ၂၇ ရက်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေး နည်းလမ်းဖြင့် ၅၂၃၁၁၃၉ ဒသမ ၁၈  ဒေါ်လာဖိုးတင်ပို့ခဲ့ပြီး ၂၆၆၂၈ ဒသမ ၂၉ ဒေါ်လာဖိုး တင်သွင်းခဲ့ကြောင်း သိရသည်။  ရေထွက်ကုန် အမျိုးအစားထဲမှ ရေချိုငါးအများဆုံး တင်ပို့ခဲ့ပြီး ၄၅ ရက်ခန့် အတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ သန်း ဖိုး တင်ပို့နိုင်ခဲ့ကြောင်း ရခိုင်ပြည်ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည့်စာရင်းအရ သိရသည်။

ရခိုင်ပြည်နယ်တွင် ကာကွယ်ဆေးထိုးနှံထားမှုအနေဖြင့် လက်ရှိတွင်အသက် ၁၂ နှစ် နှင့် အထက် ကျောင်းသားကျောင်းသူများကို COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးနေပြီး IDPs စခန်းနှင့် စစ်ဘေးဒုက္ခသည် စခန်းများတွင် နေထိုင်သူ အသက် ၁၈ နှစ်နှင့် အထက်ရှိသူများကိုပါ ထိုးနှံပေးခဲ့သည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်သို့ ကုန်တင်ပို့မှုအားကောင်းနေသည့် ကာလဖြစ်နေပြီး ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသည့် စက်လှေသမားများကိုလည်း အမြဲမပြတ် ကိုဗစ်စစ်ဆေးခြင်းများ ရှိနေသည်ဟုသိရသည်။ ယင်းသို့ ကိုဗစ် စစ်ဆေးမှုများရှိနေသဖြင့် စက်လှေသမားများတွင် ကိုဗစ်တွေ့ရှိမှု ရှိနေခြင်းဖြစ်ကြောင်းနှင့် မပြတ်စောင့်ကြည့်လျက်ရှိကြောင်း ပြည်နယ် ကောင်စီက ထုတ်ပြန်သည်။

သို့ရာတွင် အခြားတစ်ဖက်တွင် နယ်စပ်တစ်လျှောက်မှ မောင်တောနယ်စပ်သို့ ခိုးဝင်သူများလည်း ရှိနေပြန်သည်။ ခိုးဝင်လာသူများ ကို ဖမ်းတွေ့သဖြင့် ကိုဗစ်စစ်လျှင် ကိုဗစ်တွေ့သည်များလည်း ဖြစ်ပေါ်ခဲ့သည်။ သို့အတွက် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူများကို တားဆီးရေးမှာလည်း အဓိက ကျလှသည်။

ဒယ်တာဗိုင်းရပ်စ်ထက် ကူးစက်မှုမြန်ဆန်သည့် Omicron ဗိုင်းရပ်စ်သည် အိမ်နီးချင်း နိုင်ငံများတွင် တွေ့ရှိလာခဲ့သဖြင့် မြန်မာနိုင်ငံအတွင်း ကူးစက်ပျံ့နှံမှုမရှိစေရန် နောက်ထပ်လှိုင်းအသွင် မဖြစ်ပွားစေရန် အထူး အရေးကြီး ဆောင်ရွက်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ပထမလှိုင်း စတင်ဖြစ်ပွားမှုတွင် လေကြောင်းမှ တစ်ဆင့်ဝင်ရောက်ခဲ့ခြင်းနှင့် ဖြစ်ပွားမှုများပြားခဲ့သည့် ဒုတိယလှိုင်းနှင့် တတိယလှိုင်းတို့ စတင်ခဲ့ရာတွင် နယ်စပ်ဝင်၊ ထွက်ပေါက်များ မှတစ်ဆင့် စတင်ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရသည်။ သို့အတွက် လေကြောင်းမှတစ်ဆင့် ဝင်ရောက်လာသူများနှင့် နယ်စပ်ဝင်၊ ထွက်ပေါက်များမှ ဝင်ရောက်လာသူများထံမှ ရော ဂါကူးစက်ပျံ့နှံ့ခြင်း မရှိစေရန် အဆိုပါနေရာများတွင် ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများနှင့် COVID-19 ရောဂါပိုး မျိုးဗီဇစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများကို အထူးအလေးပေး ဆောင်ရွက်ရမည်ဖြစ်သည်။ ယခုကတည်းက ကြပ်မတ်မှုကို အလေး ထားရမည်ဖြစ်ပြီး ကြပ်မတ်မှုလျော့နည်းလာ လျှင် နယ်စပ်ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးများကို ပြန်လည်ပိတ်ထားရမည့် အခြေအနေနှင့်ကြုံတွေ့လာနိုင်သည်။

ယင်းသို့ ခရီးသွားလာမှုများကို ပိတ်ပင်ကန့်သတ်မှုများရှိလာက နှစ်နှစ်နီးပါးကြာ ကိုဗစ်ကြောင့် ထိခိုက်ခဲ့ရသော နယ်စပ်ကုန်သွယ် စီးပွားရေးနာလန်ထူရေးကို ပြန်လည် ထိုးနှက်မှုများ ရှိလာနိုင်ပေသည်။

Most Read

Most Recent