၂၀၁၉ ခုနှစ်တွင် မြန်မာ့ခရီးသွားလုပ်ငန်းမှာ တိုးတက်မှုများရှိလာသဖြင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က အလားအလာ အကောင်းဆုံးနိုင်ငံများတွင် ထိပ်ဆုံးမှ သတ်မှတ်ခဲ့သည်။
ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ခရီးသွားလုပ်ငန်းတွင် ၂၀၁၉ ခုနှစ်တစ်နှစ်တာကာလအတွင်း တိုးတက်မှုနှင့် အလားအလာအရှိဆုံး နိုင်ငံများစာရင်း ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံမှာ တိုးတက်မှုရာခိုင်နှုန်း ၄၀ ကျော်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်ခဲ့သည်။
မြန်မာနိုင်ငံ၏ အနောက်တွင် ပွာတိုရီကို၊ အီရန်၊ ဥဇဘက်ကစ္စတန်၊ မွန်တီနီဂရိုး၊ အီဂျစ်၊ ဗီယက်နမ် အစရှိသည့် နိုင်ငံများက အစဉ်လိုက်ရပ်တည်ခဲ့ကြသည်။
သို့သော်လက်ရှိတွင် နိုင်ငံရေးအခြေအနေနှင့် COVID-19 အခြေအနေများကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းမှာ ဆုတ်ယုတ်လာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
“ ခရီးသွားလုပ်ငန်းထဲက လူတွေကအခြေအနေ သိပ်မကောင်းတော့ လုပ်ငန်းတွေ ပြောင်းကြတယ်” ဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ကိုနောင်းနောင်းဟန်က လက်ရှိမြန်မာ့ခရီးသွားလုပ်ငန်းအခြေအနေကို ပြောကြားသည်။
နိုင်ငံရေးအပြောင်းအလဲမဖြစ်မီက မြန်မာ့ခရီးသွားလုပ်ငန်းကို အဓိက ဒုက္ခပေးခဲ့သည့်အရာမှာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်သည့် COVID-19 ရောဂါဖြစ်သည်။
၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးစတင်တွေ့ရှိခဲ့ရာမှပြည်ပမှ ဝင်ရောက်သည့် ခရီးသွားများကို ကန့်သတ်ချက်များ ချမှတ်ခဲ့သည်။
“ ၂၀၁၉ အကုန် ၂၀၂၀ လဆန်းပိုင်းမှာ UNWTO က အနှစ်ချုပ်တယ်။ ကျွန်တော်တို့နိုင်ငံက အတိုးတက်ဆုံး ဖြစ်နေတယ်။ ဒီနှုန်းအတိုင်းဆို ကျွန်တော်တို့နိုင်ငံက ၂၀၂၀ မှာ အကောင်းဆုံး တက်လာမှာပေါ့နော်။ သို့ပေမဲ့ ကိုဗစ်က နှစ်လပိုင်း သုံးလပိုင်းမှာ ထိခိုက်မှုတွေများပြီးတော့ ကူးစက်မှုတွေရှိလာတော့ ကျွန်တော်တို့လည်း ပိတ်လိုက်ရတယ်။ အဲဒီကတည်းကစပြီး ထိခိုက်သွားတာ အခုဆို နှစ်နှစ်ကာလလောက် ရောက်နေပြီပေါ့” ဟု ကိုနောင်းနောင်းဟန်က ပြောကြားသည်။
အောက်တိုဘာလအတွင်းက အာဆီယံနိုင်ငံများဖြစ်သည့် ထိုင်း၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ အင်ဒိုနီးရှား စသည့်နိုင်ငံများက ပြည်ပခရီးသွားများကို ပြန်လည်လက်ခံမည့် အခြေအနေများကို နိုင်ငံတကာသို့ ကြေညာခဲ့သည်။
ထိုင်းနိုင်ငံက ကိုဗစ်ကာကွယ် ဆေးထိုးထားသူများကို လာရောက်လည်ပတ်နိုင်စေရန် ဝန်ဆောင်မှုများ တိုးမြှင့်ခြင်းနှင့် ကမ်းခြေများတွင် ကိုဗစ်ကာကွယ်ရေးလုပ်ငန်းများကို စနစ်တကျသတ်မှတ်ခြင်းများကို လုပ်ဆောင်ခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံကမူ ကာကွယ်ဆေးထိုးထားသည့် ခရီးသွားများအား ကွာရန်တင်းဝင်စရာမလိုဘဲ လာရောက်လည်ပတ်ခွင့်ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
မြန်မာနိုင်ငံ၏ ပြည်ပခရီးသွားလုပ်ငန်း၏ အခြေအနေမှာ ပုံမှန်လေကြောင်းခရီးစဉ်များ ခေတ္တရပ်ဆိုင်းထားပြီး Relief Flight များသာ ပျံသန်းနေရသဖြင့် ပြည်ပခရီးသွားများဝင်ရောက်ရန်မှာ အလှမ်းဝေးနေဆဲဟု ဆိုရမည်ဖြစ်သည်။
အိမ်နီးချင်းနိုင်ငံများတွင် ပြည်ပခရီးသွားလုပ်ငန်းများကို ပြန်လည်နာလန်ထူစေရန် ခရီးသွားအစီအစဉ်များကို အပြိုင်အဆိုင်ဆွဲဆောင်နေကြသော်လည်း မြန်မာနိုင်ငံတွင်မူ ပြည်ပခရီးသွားထက် ပြည်တွင်းခရီးသွားလုပ်ငန်းမပျက်စီးအောင် ကျားကန်ထားရသည့်အခြေအနေပင်ဖြစ်သည်။
မြန်မာနိုင်ငံ၏ နာမည်ကျော် ကမ်းခြေများဖြစ်သည့် ငပလီ၊ ချောင်းသာ၊ ငွေဆောင် စသည့်နေရာများတွင် ခရီးသွားများလာရောက်စေရန် ဟိုတယ်အခန်းခများကို အပြိုင်အဆိုင်လျှော့ချကာ လုပ်ငန်းမပျက်စေရန် ရပ်တည်နေရခြင်းဖြစ်သည်ဟု ပြည်တွင်းခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။
“ အရင်တုန်းက ဝန်ထမ်း ၂၀ လောက်ကို အလုပ်ပေးထားနိုင်တယ်။ အခုဝန်ထမ်းတွေကို ဖြုတ်လိုက်ရတယ်။ မိသားစုက ဝန်ထမ်းအစားဝင်လုပ်ရတယ်။ လုပ်ငန်းမရပ်သွားအောင်” ဟု ကမ်းခြေတစ်ခုရှိ မိုတယ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။
ဟိုတယ်များအနေဖြင့်လည်း အခန်းဝန်ဆောင်မှုများအပြင် စျေးနှုန်းများကိုလည်း အပြိုင်အဆိုင်လျော့ချကာ ဧည့်သည်များ လာရောက်လည်ပတ်နိုင်စေရန် စီစဉ်နေသော်လည်း လာရောက်လည်ပတ်သူ နည်းပါးနေသေးကြောင်း ချောင်းသာကမ်းခြေသို့ သွားရောက်လည်ပတ်ခဲ့သူတစ်ဦးက ပြောကြားသည်။
“ အရင်တုန်းကရှစ်သောင်းတန်အခန်းကို အခုလေးသောင်း၊ ငါးသောင်းလောက်နဲ့ တည်းလို့ရတယ်။ ခရီးသွားက ထင်သလောက် မလာတာကိုလည်း တွေ့ရတယ်။ ပိတ်ရက်တွေရှိတာကိုတောင်မှ လူမလာဘူး” ဟု ချောင်းသာကမ်းခြေသို့ သွားရောက်လည်ပတ်ခဲ့သူတစ်ဦးက ပြောကြားသည်။
ယင်းသို့အခြေအနေတွင် ဟိုတယ်အချို့နှင့် မိုတယ်အချို့ကို ပြန်လည်ရောင်းချခြင်းများလည်းရှိလာသည်ဟု ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။
လတ်တလောတွင် ငပလီကမ်းခြေရှိ ဟိုတယ်တစ်ခုကို ကျပ်သိန်း သုံးသောင်းသုံးထောင်ဖြင့် ရောင်းချရန် အိမ်ခြံမြေအကျိုးဆောင်တစ်ခုက လူမှုကွန်ရက်စာမျက်နှာတွင် ကြေညာထားသည်ကို တွေ့ရသည်။
“ ကျွန်တော်တို့ Tour ကုမ္ပဏီတွေကတော့ ကျွန်တော်တို့က မြန်မြန်ဆန်ဆန်ရွှေ့လို့ရတယ်။ ဟိုတယ် လုပ်ငန်းတွေကျတော့ Asset တွေများတော့ ချက်ချင်းရွှေ့လို့မရဘူး။ တချို့ကျတော့လည်း ရောင်းပြီး ရွှေ့ကြတာပေါ့” ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူကို နောင်းနောင်းဟန်က ပြောကြားသည်။
ယင်းကြောင့် မီးခိုးမထွက်သည့် စက်ရုံဟု တင်စားခေါ်ဝေါ်ထားသည့် ခရီးသွားလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နေသူအချို့မှာ အခြားလုပ်ငန်းများသို့ ပြောင်းရွှေ့လုပ်ကိုင်ခြင်းများရှိလာခဲ့သည်။
“ တိုးဂိုက်ဆိုပြီး အခုချိန်မှာ ဘယ်မှာမှ အလုပ်မခေါ်တော့ဘူး။ လုပ်ငန်းပြောင်းလုပ်နေရတယ်” ဟု ဂျပန်ဧည့်လမ်းညွှန်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သူတစ်ဦးက ပြောကြားသည်။
ခရီးသွားလုပ်ငန်းများ နာလန်မထူနိုင်သေးသဖြင့် ယင်းလုပ်ငန်းကို မှီခိုနေသည့် ဒေသခံမိသားစုများ၏ ဝင်ငွေများမှာလည်း ထိခိုက်လာခဲ့သည်ဟု ဆိုနိုင်သည်။
“ခရီးသွားလုပ်ငန်းဆိုတာက သူနဲ့ ဆက်စပ်နေတဲ့ လက်မှုအနုပညာလုပ်ငန်းတွေ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ အဲဒါတွေအတွက်ကိုပါ အသက်ရှူချောင်စေတယ်။ ဧည့်သည်တစ်ယောက်ဝင်ပြီဆိုတာနဲ့ သူသုံးဖြုန်းတဲ့အပေါ်မှာမူတည်ပြီး ဝင်ငွေရတယ်” ဟု ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။
ပြည်ပခရီးသွားများကြိုက် နှစ်သက်သည့်နေရာတစ်ခုတွင် အပါအဝင်ဖြစ်သည့် ပုဂံဒေသတွင် ခရီးသွား ဝင်ရောက်မှုမရှိသဖြင့် ဒေသခံများ ဝင်ငွေမရှိဖြစ်နေသည်ဟု ယင်းဒေသတွင် နေထိုင်သူများက ဆိုသည်။
“ ခရီးသည်ရှိနေပြီဆိုရင် မပူရဘူး။ အခုကတော့ ဘယ်ခရီးသည်မှ မလာဘူးလေ” ဟု ပုဂံမြို့တွင် ခရီးသွားများကို ဆိုင်ကယ်ဖြင့်လိုက်လံ ပို့ဆောင်ပေးသည့် ဒေသခံတစ်ဦးက ပြောကြားသည်။
COVID-19 ကူးစက်မှုများကို ထိန်းချုပ်နိုင်သည့်အခြေအနေကို ရောက်ရှိပါက ခရီးသွားလုပ်ငန်းများကို ပြန်လည်စတင်နိုင်မည်ဟု မျှော်လင့်ခဲ့သော်လည်း နိုင်ငံရေးအပြောင်းအလဲဖြစ်လာပြီးနောက်ပိုင်း တွင်မည်သို့ဖြစ်လာမည်ကို မခန့်မှန်းနိုင်သေးကြောင်း ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းက ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်ပခရီးသွားလုပ်ငန်းများကို ၂၀၂၂ ခုနှစ်တွင်ပြန်လည်စတင်နိုင်ရန် မျှော်မှန်းထားပြီး ကနဦးအနေဖြင့် အာဆီယံနိုင်ငံများနှင့် အာရှနိုင်ငံများမှ ခရီးသွားများလာရောက်လည်ပတ်ရန် စီစဉ်ဆောင်ရွက်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောကြားထားသည်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကလည်း ပြီးခဲ့သည့် ဇွန်လက မော်စကိုခရီးစဉ် တွင်ရုရှားခရီးသွားများ လာရောက် လည်ပတ်ရန်ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့ပြီး ဆွေးနွေးမှုများလည်း ရှိခဲ့သည်။
မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သူအများစုမှာ အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများတွင် နေထိုင်သူများဖြစ်ပြီး ရုရှားခရီးသွားများ လာရောက်လည်ပတ်မှုမှာ အနည်းငယ်သာရှိခဲ့သည်။ လွန်ခဲ့သည့် နှစ်များက ရုရှားခရီးသွားများအတွက် ခရီးသွားကုမ္ပဏီများက စျေးကွက် ထိုးဖောက်နိုင်ရန် လုပ်ဆောင်ခဲ့သော်လည်း ယင်းခရီးသည်များမှာ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးလျက်ရှိသည်။
“ အခြားနိုင်ငံတွေနဲ့အပြိုင် စျေးကွက်ဖောက်နိုင်ဖို့ဆိုတာ အချိန်ပေးရတယ်။ တစ်နှစ်နဲ့မရဘူး။ နှစ်နှစ်နဲ့မရဘူး။ အချိန်ပေးပြီးလုပ်ရတယ်။ သူတို့က ဘယ်လိုခရီးသွားတာကို နှစ်သက်သလဲဆိုတာကအစ လေ့လာရတယ်” ဟု ပြည်ပခရီးသွား လုပ်ငန်းကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှာ ကပ်ရောဂါမဖြစ်ပွားမီက ပြည်တွင်းအသားတင်ထုတ်လုပ်မှု၏ ခြောက်ရာခိုင်နှုန်းခန့်ရှိကြောင်း ကမ္ဘာ့ခရီးသွားလုပ်ငန်းနှင့် ခရီးသွားလာရေးကောင်စီက ထုတ်ပြန်ထားသည်။
လက်ရှိရာသီမှာ ခရီးသွားရာသီဟု သတ်မှတ်ထားသော်လည်း ပြည်ပခရီးသွားဦးရေမှာ မရှိသလောက်ဖြစ်နေပြီး ပြည်တွင်းခရီးသွားဦးရေမှာလည်း ထင်သလောက် များပြားခြင်းမရှိသေးပေ။
လတ်တလောနိုင်ငံရေးအခြေအနေများနှင့် COVID-19 ရောဂါဖြစ်စဉ်များကြောင့် ပြည်ပခရီးသွား ဝင်ရောက်မှုမရှိသလောက် နည်းပါးခဲ့ပြီး ပြည်တွင်းခရီးသည်များမှာလည်း ခရီးသွားရာသီ ရောက်ရှိလာပြီ ဖြစ်သော်လည်း လည်ပတ်သူနည်းပါးလျက်ရှိကြောင်း ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။
ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရေးမှာ နိုင်ငံရေးနှင့် စီးပွားရေးတည်ငြိမ်ရေးမှာ အရေးတကြီးလိုအပ်နေပြီး ယင်းအခြေအနေသို့ မရောက်သေးသရွှေ့ ပြန်လည်ဦးမော့လာနိုင်မည် မဟုတ်ကြောင်း ခရီးသွားလုပ်ငန်းကျွမ်းကျင်သူတစ်ဦးက သုံးသပ်သည်။
မီးခိုးမထွက်သည့် လုပ်ငန်းဟု အများက တင်စားသည့် ခရီးသွားလုပ်ငန်းမှာ ၁၉၉၆ ခုနှစ်တွင် မြန်မာ့ခရီးသွားနှစ်ဟု သတ်မှတ်ပြီးလုပ်ကိုင်ခဲ့သည့်အချိန်တွင် လာရောက်လည်ပတ်မှုများပြားခဲ့သည်။
ယင်းနောက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် ၂၀၁၂ ခုနှစ်တွင် ပြည်ပခရီးသွားဝင်ရောက်မှု မြင့်တက်လာခဲ့ရာ ကိုဗစ်ဖြစ်ပွားမှု မတိုင်မီကာလအထိဟု ဆိုရမည် ဖြစ်သည်။
လက်ရှိတွင်မူ မြန်မာ့ခရီးသွားလုပ်ငန်းမှာ ယိုင်လဲနေသည်ဟုဆိုရမည်ဖြစ်ပြီး ပြန်လည်ဦးမော့လာရန် အချိန်ယူရဦးမည်ဖြစ်သည်။










