တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြု ပေးချေမှုကို ဆောင်ရွက်ခွင့်ပြုကြောင်း ဗဟိုဘဏ် ထုတ်ပြန်

တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြု ပေးချေမှုကို ဆောင်ရွက်ခွင့်ပြုကြောင်း ဗဟိုဘဏ် ထုတ်ပြန်
Published 15 December 2021

တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြု ပေးချေမှုကို ဆောင်ရွက်ခွင့်ပြုကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဒီဇင်ဘာ ၁၄ ရက် ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၇ နှင့် ပုဒ်မ ၂၂ တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ယင်းအမိန့်ကြော်ငြာစာအား ထုတ်ပြန်လိုက်ကြောင်း သိရသည်။ 

ထုတ်ပြန်ချက်အရ တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြှင့်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချာ့မွေ့စေနိုင်ရန်၊ နှစ်နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချောမွေ့စေရန်နှင့် ASEAN Financial Integration ၏ ရည်ရွက်ချက်များနှင့်အညီ ပြည်တွင်း ငွေကြေးသုံးစွဲမှုကို တိုးမြှင့်ရန်တို့အတွက် ရည်ရွယ်၍ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြု ပေးချေမှုကိုဆောင်ရွက်ခွင့်ပြုလိုက်ကြောင်း သိရသည်။ 

ဆက်လက်ပြီး ယွမ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ရသည့် ဘဏ် (Designated Bank) များတွင် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်မည့် သွင်းကုန်တင်သွင်းသူများနှင့် ပို့ကုန်တင်ပို့သူများ၏ ယွမ်စာရင်း ဖွင့်လှစ်ခွင့်ပြုကြောင်း ပါရှိသည်။ 

သို့ဖြစ်၍ ဆောင်ရွက်ခွင့်ပြုသည့် Designated Bank များသည် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြု ပေးချေရေးလုပ်ငန်းစဉ်များဆိုင်ရာ လမ်းညွှန်ချက် (Guideline) အား လိုက်နာဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ယင်းအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှ စ၍ အကျိုးသက်ရောက်စေရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။