နိုင်ငံတည်ဆောက်ခြင်းသဘောတရား

နိုင်ငံတည်ဆောက်ခြင်းသဘောတရား
Published 13 December 2021

နိုင်ငံတည်ဆောက်ခြင်း (State- building) ဟူသည် လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း နိုင်ငံတကာအသိုင်းအဝိုင်းက ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် ခွဲထုတ်၍ မရနိုင်သော အစိတ်အပိုင်းတစ်ရပ်ဖြစ်လာပြီး အထူးချဉ်းကပ်ရန် အချက်တစ်ချက်ပင်လျှင် ဖြစ်လာသည်။ နိုင်ငံရေးနှင့် ပညာရပ်နယ်ပယ်တစ်လျှောက်ရှိ လေ့လာသူများသည် အစ္စရေး - ပါလက်စတိုင်း၊ ဘော့စနီးယား၊ အီရတ်နှင့် အာဖဂန်နစ္စတန်တို့ အပါအဝင် ထင်ရှားသော ပဋိပက္ခများစွာ၌ ငြိမ်းချမ်းရေးတည်ဆောက်ရန် ဦးစားပေး မဟာဗျူဟာအဖြစ် နိုင်ငံတည်ဆောက်ခြင်းကို မြင်လာကြသည်။ ထင်ရှားသော နိုင်ငံရေးသိပ္ပံပညာရှင် အန်ဒါပါဆင်၏ အဆိုအရ နိုင်ငံတကာအဆင့်၌ ဦးဆောင်သော နိုင်ငံတည်ဆောက်မှုသည် ဒိုင်မေးရှင်းသုံးခုပေါ်၌ အခြေခံကြောင်း သိရသည်။ ယင်းဒိုင်မေးရှင်းသုံးခုမှာ လုံခြုံရေး၊ နိုင်ငံရေးနှင့် စီးပွားရေးတို့ ဖြစ်ကြသည်။ ယင်းဒိုင်မေးရှင်းသုံးခုအနက် လုံခြုံရေးကို ပထမဦးစားပေးအဖြစ် အမြဲတမ်း သတ်မှတ်လေ့ရှိကြသည်။

နိုင်ငံတည်ဆောက်ခြင်းနှင့်ပတ်သက်၍ ပညာရပ်ဆိုင်ရာ စာတမ်းများတွင် အထွေထွေ အဆိုတစ်ရပ်ရှိသည်။ ယင်းမှာ လုံခြုံရေး မပါဝင်ဘဲ နိုင်ငံတည်ဆောက်မှုနှင့်ပတ်သက်သည့် အခြားလုပ်ငန်းတာဝန်များ ပြုလုပ်ရန် မဖြစ်နိုင်ဟူ၍ ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ငြိမ်းချမ်းရေးတည်ဆောက်မှုကို ချဉ်းကပ်ခြင်းတစ်ရပ်အဖြစ် နိုင်ငံတည်ဆောက်မှုကို ပဋိပက္ခများအတွင်းနှင့် ပဋိပက္ခများဖြစ်ပြီးကာလ လူ့အဖွဲ့အစည်းများ၌ ဆောင်ရွက်သည့်အခါ ပထမဦးစားပေးမှာ ပိုမိုကျယ်ပြန့်သော နိုင်ငံရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုများ ဖြစ်လာနိုင်ရန်အလို့ငှာ ဘေးကင်းလုံခြုံသော ဝန်းကျင်တစ်ရပ် ဖန်တီးရန်ပင် ဖြစ်သည်။ ယခုအထိ ငြိမ်းချမ်းရေးတည်ဆောက်ရန် ချဉ်းကပ်မှုအဖြစ် နိုင်ငံတည်ဆောက်ခြင်းကို အသုံးပြုမှုနှင့်ပတ်သက်၍ ရလဒ်များမှာ ရောနှော၍နေသည်။ ဘော်လ်ကန်ဒေသ၊ အာဖဂန်နစ္စတန်နှင့် အီရတ်တို့ကဲ့သို့သော နေရာများစွာတွင် နိုင်ငံတကာအသိုင်းအဝိုင်းက ချမှတ်ခဲ့သည့် မြင့်မားသည့် အစောပိုင်း မျှော်လင့်ချက်များမှာ ပြည့်မီခြင်းမရှိခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်သည်။ နိုင်ငံတည်ဆောက်ခြင်းနှင့် ပတ်သက်သော စာတမ်းများသည် နိုင်ငံများတည်ဆောက်ခြင်းက သမိုင်းအရ အကြမ်းဖက်လုပ်ငန်းစဉ်တစ်ရပ်နှင့် အထက်ဖော်ပြပါ ဖြစ်ရပ်များ၌ ရလဒ်များသာ ဖြစ်ခဲ့ပြီး မတည်ငြိမ်မှုများ ဖြစ်စေခဲ့ကြောင်းနှင့် နိုင်ငံတည်ဆောက်မှုသည် အကြမ်းဖက် သဘောသဘာဝ သက်ဝင်သွားကြောင်း စာတမ်းများစွာတို့က အတည်ပြုခဲ့သည်။

ကုလသမဂ္ဂ၏ လူမှုရေးဖွံ့ဖြိုးမှုဆိုင်ရာ သုတေသနဌာန (UNRISD) က နိုင်ငံတည်ဆောက်မှု အခြေခံစွမ်းရည်များအား သတ်မှတ်ခဲ့သည်။ ယင်းတို့မှာ နည်းပညာအသစ်များ ရှာမှီးတတ်မြောက်မှုနှင့် ပတ်သက်၍ ထောက်ကူခြင်း၊ ထုတ်လုပ်မှုကဏ္ဍများဆီသို့ ရင်းမြစ်များ ပေးပို့လွှဲပြောင်းခြင်း၊ စံချိန်စံနှုန်းများနှင့် စည်းမျဉ်းစည်းကမ်းများကို ပြဋ္ဌာန်းသက်ရောက်စေခြင်း၊ လူမှုရေးကတိကဝတ်များ ချမှတ်ခြင်း၊ ဝန်ဆောင်မှုများနှင့် လူမှုရေး စီမံကိန်းများကို ရန်ပုံငွေဖြန့်ဝေပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ ဖြစ်ကြသည်။ ယင်းအခြေခံ အဆောက်အအုံများကို ဖွံ့ဖြိုးစေသည့်အခါ နိုင်ငံတစ်နိုင်ငံသည် များစွာသော အဟန့်အတားများကို ကျော်ဖြတ်နိုင်မည် ဖြစ်သည်။ ယင်းအဟန့်အတားများထဲတွင် ပါ၀ါရှိသော လူထုလူတန်းစား အသီးသီးအား မူဝါဒရေးရာ လက်ဝါးကြီးအုပ်ခြင်း၊ အကျိုးစီးပွားဆိုင်ရာ အုပ်စုများထံမှ အတိုက်အခံပြုခြင်းနှင့် လူမျိုးရေးနှင့် ဘာသာရေးသဘောထားကွဲလွဲခြင်း အစရှိသည်တို့ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများသည် တိုးတက်သော ဒီမိုကရေစီနိုင်ငံများ၌ အခြေကျနေသော အစိုးရအဖွဲ့ပုံစံအမျိုးမျိုးကို အကောင်အထည်ဖော်ရန် ကြိုးပမ်းကြသည်။ သို့သော် ယင်းကဲ့သို့ စတင်ကြိုးပမ်းမှုများသည် အပြည့်အဝ အောင်မြင်ခြင်းမရှိ ဖြစ်ကြရသည်။ ပညာရှင်များက ရာစုနှစ်များတစ်လျှောက် တည်တံ့ခဲ့သော ဗျူရိုကရေစီ ယန္တရားကို ဖန်တီးရာ၌ အထောက်အကူပြုခဲ့သော အဓိကအချက်များကို ဆုံးဖြတ်ရန် ဥရောပ၏ ဖွံ့ဖြိုးမှုကို ပြန်လည်လေ့လာလာကြသည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံတည်ဆောက်ခြင်းသဘောတရားအရ လုံခြုံရေးသည်သာ ပထမဦးစားပေးဖြစ်ပြီး လုံခြုံရေး မရှိဘဲ နိုင်ငံရေးနှင့် စီးပွားရေး ဖွံ့ဖြိုးမှုကို ဆောင်ရွက်နိုင်မည် မဟုတ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဒီဇင်ဘာ ၁၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်