ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဟောင်း ဦးဒါရှီလဆိုင်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် မြစ်ကြီးနားအကျဉ်းထောင်ရှိ အထူးတရားရုံးတွင် စစ်ဆေးကာဒီဇင်ဘာ ၉ ရက်က ထောင်ဒဏ်နှစ်နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။
ဦးဒါရှီလဆိုင်းကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ထိန်းသိမ်းခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက် ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။
ထို့နောက် ကချင်ပြည်နယ် အစိုးရအဖွဲ့လက်အောက်ရှိ ဌာနအသီးသီးမှ ဝန်ထမ်းများ အားလုံး အစိုးရသစ်ဖွဲ့စည်းပြီးသည်အထိ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း ဝန်ကြီးချုပ်ကိုယ်စားထုတ်ပြန်ခဲ့သဖြင့် ဖေဖော်ဝါရီ ၉ ရက်၌ ပြန်လည်ဖမ်းဆီးခံရခြင်းဖြစ်သည်။
ဦးဒါရှီလဆိုင်းသည် ယခုထောင်ဒဏ် ချမှတ်ခံရသည့်အမှုအပြင် ကချင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်၊ စီပွားရေးနှင့် စီမံကိန်းဝန်ကြီးဟောင်းဦးဝေလင်းတို့နှင့်အတူ အဂတိဖြင့် အမှုတစ်မှု တရားစွဲဆိုခံထားရသေးကြောင်း ဇနီးဖြစ်သူ ဒေါ်အားရွယ်က ပြောကြားသည်။
သို့ရာတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေဖြင့် အခြားသူများ တရားစွဲဆိုခံရမှုသော်လည်း ဦးဒါရှီလဆိုင်းသည် ယင်းပုဒ်မဖြင့် တရားစွဲဆိုခံရမှုမှ လွှတ်ကင်းခဲ့ကြောင်း သိရသည်။
ဒေါ်အားရွယ်က “ကျန်းမာရေးလည်း ကောင်းတယ်။ စားသောက်စရာလည်း အိမ်က ပို့လို့ရပါတယ်။ အခြားဝန်ကြီးတွေလည်း နေကောင်းကျန်းမာကြတယ်။ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေး အခြားသူတွေပါတယ်။ သူကဖားကန့်ဘက်မှာဆိုတော့ ဘယ်မှမသွားဘဲ နေလိုက်တာ။ သူက အဲဒါမပါဘူး” ဟု ပြောကြားသည်။
NLD အစိုးရလက်ထက် ကချင်ပြည်နယ် အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အရပ်သားများအနက် တိုင်းရင်းသားရေးရာဝန်ကြီးများသာ တရားစွဲဆိုခံရခြင်းမှ လွှတ်ကင်းခဲ့သည်။















