စိတ်မချမ်းမြေ့စရာ သတင်းများ၏ကြားမှ စိတ်ကိုကြည်လင်ချမ်းမြစေသည့် သတင်းတစ်ပုဒ်၏အကြောင်းကို ပြောပါဟုဆိုလျှင်တော့ အခုရက်ပိုင်း အခြေခံလူတန်းစားများ၏ ပါးစပ်ဖျားမှာ ရေပန်းစားလာသည့် အဝစား ၅၀၀ ဆိုသည့် ထမင်းဆိုင်ကလေးတွေ၏အကြောင်းကို ပြောရမည်ဖြစ်သည်။ အသားဟင်းတစ်မျိုးမျိုး၊ အသီးအရွက်တစ်မျိုးမျိုး၊ ငါးပိရည် တို့စရာ အစုံအလင်နှင့် အဝစား ဒါကိုမှ တန်ဖိုးက မြန်မာငွေ ၅၀၀ ကျပ်။ ဘယ်လိုမှ ယုံချင်စရာမကောင်း။
အထူးသဖြင့် ဒီနေ့ခေတ် ကုန်ပစ္စည်းများ၏ စျေးနှုန်းနှင့် သည်နှုန်းထားသည်တန်ဖိုးဖြင့် ရောင်းချနိုင်ဖို့ဆိုသည်က သာ၍ပင် မဖြစ်နိုင်သေး။ သို့ပေမဲ့ ဒါကတကယ်ကြီး ဖြစ်နေသည့်ကိစ္စ။ ဖြစ်နေသည်မှ တစ်နေရာတစ်ဌာန တည်းမဟုတ်သည့် မြို့အတော်တော်များများမှာ တွေ့မြင်လာနေခဲ့ရသည့်ကိစ္စ။ သေချာသည်က သည်ဆိုင်ကလေးများအတွက် အမြတ်အစွန်း လုံးဝ လုံးဝမရရှိနိုင်။ တစ်နည်း အမြတ်အစွန်းဆိုသည့် အကျိုးအမြတ်ကိစ္စတွေကို ထည့်မတွက်မှသာလျှင် သည်လိုနှုန်းထားနှင့် သည်လိုဆိုင်မျိုးတွေကို ဖွင့်နိုင်လိမ့် မည်ဖြစ်သည်။ တကယ်လည်း ၅၀၀ ဆိုသည့် ငွေကြေးက သည်နေ့ခေတ် ထမင်းဆိုင်တွေမှာ ထမင်းကို ဟင်းအစုံအလင်နှင့် အဝစားနိုင်ဖို့ကို မဆိုထားနှင့် ကလေးတစ်ယောက်၏ မုန့်ဖိုးအဖြစ် အသုံးပြုမည်ဆိုလျှင်ပင် မလုံလောက်ချင်သည့်ပမာဏ၊ မုန့်ဟင်းခါးတစ်ပွဲ လက်ဖက်ရည်တစ်ခွက်အတွက်ပင် ကောင်းစွာ မလုံလောက်ချင်သည့်ပမာဏ။ ဆိုတော့သည် ထမင်းဆိုင်ကလေးတွေ၏ ရည်ရွယ်ချက်က ဘာလဲ။ သည်ထမင်းဆိုင်ကလေးကို ဖွင့်လှစ်ရောင်းချသူတို့၏ ရည်ရွယ်ချက် ဘယ်လဲဟု မေးစရာရှိကောင်း ရှိပါလိမ့်မည်။ ဟုတ်ကဲ့။ အဖြေကလည်း ‘ဒါပဲ’ ဟုပင် ပြောပြစရာ မလိုအောင်ပင် ရှင်းလှပါသည်။ ၅၀၀ ပဲ တတ်နိုင်သူတို့အတွက်ပေါ့ဟု ပြောစရာမလိုအောင်ပင် ထင်းလှပါသည်။
သေချာသည်က သည်လို အကျိုးအမြတ်ကို ရှေ့တန်းမတင် မမျှော်ကိုးသည့် ထမင်းဆိုင်ကလေးတွေ ထွက်ပေါ်လာခြင်းက တကယ့်အခြေခံလူတန်းစားတို့အတွက် ဝမ်းမြောက်ပျော်ရွှင်စရာပင် ဖြစ်ပါသည်။
ထမင်းတစ်နပ်အတွက် ခက်ခက်ခဲခဲရုန်းကန်လှုပ်ရှားနေကြရသူတို့အတွက်တော့ မှေးစက်မှီခိုစရာပင် ဖြစ်ပါသည်။ တကယ်လည်း အချို့သောသူများအတွက် ထမင်းတစ်နပ်ဆိုသည်က လက်ဆေးစားရုံထက် ဘာမှမပိုအောင် လွယ်ကူနေပေမဲ့ တချို့သူများအတွက်တော့ လက်နှစ်ဖက်ပြဲပေါက်အောင် အလုပ်လုပ်ပါမှ အဆင်ပြေနိုင်သည့် ကိစ္စမျိုးဖြစ်ပါသည်။ အထူးသဖြင့် သည်ကနေ့လို လုပ်အားတန်ဖိုးတွေ ကျဆင်းလာသလောက် ကုန်ပစ္စည်းစျေးနှုန်းတွေ အမြင့်ဆုံးအခြေအနေကို ရောက်ရှိနေသည့် သည်နေ့လို ခေတ်ကြီးထဲမှာ စားဝတ်နေရေးဆိုသည့်ကိစ္စက သိပ်လှပမနေခဲ့ပါ။ စိတ်ဓာတ်ကျအောင် ပြော တာမျိုးမဟုတ်ပေမဲ့ တချို့ထမင်းကျန် ဟင်းကျန်ရှိရင် နည်းနည်းလောက်ပေးပါလို့ မရှက်မကြောက် တောင်းနေကြရတဲ့ အခြေအနေ။ သည်လိုအခြေအနေ။ အားမနာစတမ်းပြောရရင် မငတ်ရုံတမည် အခြေအနေတွေ။
သေချာသည်က ဆာလောင်နေသည့် ဝမ်းဗိုက်များအတွက် သည်လိုစိတ်ဓာတ်မျိုးများနှင့် သည်လို ထမင်းဆိုင်ပိုင်ရှင်တွေ မြောက်မြားစွာ ပေါ်ပေါက်လာပါစေဟု ဆုတောင်းပေးကြရမည် ဖြစ်ပါသည်။ သည်လိုထမင်းဆိုင်ကလေးတွေ နေရာအနှံ့အပြားမှာ ပေါ်ပေါက်လာပါစေဟု ဆုတောင်းရမည်ဖြစ်ပါသည်။ တစ်ဆိုင်မှသည် နှစ်ဆိုင်၊ နှစ်ဆိုင်မှသည် ဆိုင်၂၀ ဖြစ်လာဖို့ ဆုတောင်းကြရမည်ဖြစ်သည်။ အထူးသဖြင့် ရေများရာအရပ်ကိုမှ မိုးသွားသွားရွာနေသူများကို သည်ထမင်း ဆိုင်ကလေးများ၏ အကြောင်းကို ကြားသိမြင် တွေ့စေချင်မိပါသည်။ သည်ဆိုင်ကလေးတွေကို ဖွင့်လှစ်ရောင်းချရခြင်းကြောင့် ရရှိလာသည့်ပီတိက အခြားသော အခြေအနေတို့ကြောင့် ရရှိလာသည့်ပီတိတို့ထက် မလျှော့နည်းကြောင်း သိစေချင်မိပါသည်။ (ကိုယ်တိုင်ကိုယ်ကျ လှူတန်းရောင်းချနေသူတို့ကို မဆိုထားနှင့် ဘေးမှမြင်ရသည့် ကျွန်တော်တို့၏ စိတ်နှလုံးသာတို့ကိုပင် ချမ်းမြေ့ပျော်ရွှင်စေခဲ့ပါသည်။) ကိုယ့်မိသားစုဝင် တစ်ယောက်ယောက် ကိုယ်ကျွေးမွေးသည်ကို အားပါးတရမြိန်ယှက်စွာ စားသောက်နေသည်ကို မြင်တွေ့ရခြင်းကပင် ဝမ်းမြောက်ပျော်ရွှင်စရာကောင်းသည်ဟု ထင်မိလျှင် အမှန်တကယ်ဆာလောင်နေသူတစ်ယောက်၏ ဝမ်းကိုပြည့်တင်းအောင် ဖြည့်တင်းပေးခွင့်ရရှိလိုက်ခြင်းက မည်မျှလောက်အထိ ဝမ်းမြောက် ကြည်နူးဖွယ်ကောင်လိုက်မည်နည်းဟု တွေးတောစေချင်မိပါသည်။
အကြောင်းတိုင်ဆိုင်၍ ကျွန်တော့် မိတ်ဆွေကြီးတစ်ဦး၏ ကုသိုလ်ပြုလှူဒါန်းပုံကလေးအကြောင်းကိုလည်း ပြောပြချင်ပါသေးသည်။ ကျွန်တော့်မိတ်ဆွေကြီး၏ အမည်က ဦးမြင့်ဆွေဖြစ်ပါသည်။ ကျောက်တန်းမြို့ ကျိုက်မှော်ဝန်းရေလည်ဘုရားအနီး၌ အောင်ပင်လယ်ငါးမုတ်ခြောက်ဆိုသည့် ဆိုင်ကလေးကို ဖွင့်လှစ်ရောင်းချနေသူ တစ်ယောက်ဖြစ်ပါသည်။ (အမည်နာမတို့အား ပေါ်ပေါ်ထင်ထင် ထည့်ရေးလေ့မရှိတတ်သော်လည်း သည်တစ်ကြိမ်တော့ မိတ်ဆွေကြီး၏နာမည်ကို ဂုဏ်ပြုသောအားဖြင့် ထည့်သွင်းရေးသားလိုက်ရပါသည်။) မိတ်ဆွေကြီး၏ ကုသိုလ်ပြုပုံက အနည်းငယ်တော့ ဆန်းသည်ဟုပြောရ မည်ဖြစ်ပါသည်။ တခြားမဟုတ် တစ်မြို့လုံမှာရှိသည့် လက်ဖက်ရည်ဆိုင် အသုပ်ဆိုင် မုန့်ဟင်းခါးဆိုင်များသို့ တစ်နေ့လျှင် လူငါးဦးစာအတွက် စားသောက်ဖို့ ငွေပေးထားခြင်းဖြစ်ပါသည်။ တစ်နည်း ငွေကြေးမတတ်နိုင်သူ ငါးဦး စားသောက်နိုင်ဖို့ရာအတွက် ငွေကြိုရှင်းပေးထားခြင်းဖြစ်ပါသည်။ မိတ်ဆွေကြီး၏ အဆိုအရ နေ့စဉ်ဆာလောင်နေသူ မြောက်မြားစွာရှိပြီး ထိုသူတို့အတွက် သူနိုင်သည့်ဘက်မှ ကူညီခြင်းဖြစ်သည်ဟု ဆိုပါသည်။ မည်သူတွေ လာရောက်စားသောက်သွားသည့် မည်သည့်အချိန်လာရောက်စား သောက်သွားသည်ဆိုသည်များက အရေးမကြီးဘဲ ဆာလောင်နေသူတစ်ယောက်ယောက် သူကြိုတင် ရှင်းပေးထားသည့် ပိုက်ဆံဖြင့် ဆာလောင်မှု ပြေပျောက်သွားသည်ဆိုလျှင် သူကျေနပ်ပျော်ရွှင်သည်ဟု ဆိုသည်။
သေချာသည်က ထုနှင့်ထည်နှင့် မြင်တွေ့ခွင့်ရရှိမှ အလှူမဟုတ်ပဲ ရေငတ်နေသူတစ်ယောက်အတွက် ရေကြည်တစ်ပေါက် သောက်ခွင့်ရနိုင်စေခြင်းသည်လည်း အလှူပဲဖြစ်ပါသည်။ ငွေတွေကို ပုံပြီးလှူနိုင်ခြင်းမှ အလှူမဟုတ်ပဲ အမှန်တကယ် ခက်ခဲနွမ်းပါးနေသူတစ်ယောက်အတွက် ဖေးမထောက်ကူခြင်းကလည်း ကုသိုလ်ရနိုင်သည်သာ ဖြစ်ပါသည်။ ကုသိုလ်ရ၏ မရ၏ အကျိုးများ၏ မများ၏ ဆိုသည်ကို ထားလိုက်ဦး ဆာလောင်နေသူတစ်ယောက် ကိုယ့်ကြောင့်ဆာလောင်မှု ပြေပျောက်သွားသည်ကို မြင်ရသည်ကပင် အလွန် ဝမ်းမြောက်ပျော်ရွှင်ပင်ဖြစ်ပါသည်။ နောက်ဘဝ ယခုဘဝတူညီသည် အကျိုးကျေးဇူးဆိုသည်များကိုထားလို့ အဆင်မပြေ ဒုက္ခရောက်နေသူတစ်ယောက် ကိုယ့်ကြောင့် အဆင်ပြေသွားသည်ကို မြင်ရသည်ကပင် ဝမ်း မြောက်ပျော်ရွှင်စရာ ကောင်းလှပြီဖြစ်ပါ သည်။ (လယ်တီဆရာတော်ဘုရားကြီးကတော့ မရှိလို့မလှူ မလှူလို့ မရှိ သေရင် ကိုယ့်နောက်ပါအောင်}} ဆိုပြီး လှူခြင်းက စေတနာရှိ၍ လှူရာမရောက်ဘဲ နောင်တမလွန်မှာ ချမ်းသာဖို့ဆိုသည့် လောဘနှင့် လှူရာရောက်သည်။ ပစ္စပ္ပန်နှင့် တမလွန်သာယာဖွယ်တွေကို တောင့်တပြီးပြုလုပ်သည့် ကုသိုလ်တရားဟာ အကျိုးလည်း မများ၊ ပါရမီလည်းမမြောက် ကိုယ့်တမလွန် ချမ်းသာရေးအတွက် ရည်စူးခြင်းမဟုတ် အလှူခံပုဂ္ဂိုလ် ပြည်စုံအကျိုးရှိသွားဖို့ ရည်စူးကာ ဖြူဖြူစင်စင် လှူနိုင်ခြင်းကသာ အကျိုးများမည်ဟု ဥတ္တမပုရိသဒီပနီမှာ ရေးသားထားခဲ့ပါသည်။)
သေချာသည်က ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားများသည် မိမိတို့၏ အရှေ့၌ တစ်ယောက်ယောက် အတိဒုက္ခရောက်နေသည်ကို သည်အတိုင်း ထိုင်ကြည့်နေတတ်သည့် သူများမဟုတ်ပါ။ ဆာလောင်နေသူတို့၏ ဝမ်းဗိုက်တို့ကို ပြည့်တင်းအောင် ဖြည့်တင်းပေးလိုက်ဖို့ ဝန်မလေးတတ်ကြသည့် သူမျိုးများသာ ဖြစ်ပါသည်။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ဖြစ်ပါသည်။ ကျွန်တော့်၏ သားငယ်က သူကြိုက်သည့် အအေးတစ်ဗူး ဝယ်တိုက်ဖို့ ကျွန်တော့်ကို ပူစာခဲ့ပါသည်။ ကျွန်တော်က ခြံထဲကို တံမြက်စည်းလှည်းပြီးလျှင် ဝယ်တိုက်မည်ဟု ဆိုလိုက်ပါသည်။ အအေးကို သောက်ချင်နေသည့် သားငယ်ကလည်း မဆိုင်းမတွပင် ကျွန်တော်ခိုင်းသည့် အတိုင်း တံမြက်စည်းလှည်းပါသည်။ အတိုချုပ်ရလျှင် သူသောက်ချင်လွန်းသဖြင့့် ခိုင်းသည်ကိုလုပ်ကာ ရရှိခဲ့သည့် အအေးဘူးကို သားငယ်သည် မသောက်ဘဲ သူအရှေ့မှ ဖြတ်သန်းသွားပါသော မောပန်းဟန်ပေါက်နေသည့် တောင်းရမ်းစားသောက်သူ တစ်ယောက်ကို သွားရောက် ပေးကမ်းခဲ့ပါသည်။ အကြောင်းပြချက်က ‘အဲဒီအမေကြီး မောနေတာကို ကြည့်ပြီး သားပါမောလာလို့’ ဟုဆိုပါသည်။
ပြောလိုသည်က ကျွန်တော်တို့နိုင်ငံ၏ အရွယ်မရောက်သေးသည့် ကလေးများဆီ၌ပင် သည်သို့သည်ပုံ သည်သဘောရှိသည့် စိတ်အခြေအနေမျိုးရှိနေခဲ့သည်ဆိုသည့် အကြောင်းကို ဖြစ်ပါသည်။ သေချာသည်က ၎င်းထမင်းဆိုင်ကလေးများအတွက် သာဓုခေါ်ကြရမည် ဖြစ်ပါသည်။ တတ်နိုင်သရွေ့ တတ်နိုင်သည့်ဘက်မှ ဖေးမကူညီကြရမည် ဖြစ်ပါသည်။ သည်ကဲ့သို့သော ထမင်းဆိုင်တစ်ဆိုင်မှသည် နှစ်ဆိုင် သုံးဆိုင် လေးဆိုင် ဆိုင်ပေါင်းများစွာ ပေါ်ပေါက်လာအောင် ၀ိုင်းဝန်းကူညီကြရမည်ဖြစ်ပါသည်။ တစ်ခုတော့ရှိသည်။ အမှန်တကယ် လိုအပ်နေသူများအတွက် ရည်ရွယ်ဦးတည်ခဲ့ကြသည် ဆိုင်ကလေးများဖြစ်သည်မို့ အမှန်တကယ် လိုအပ်နေသူတို့ထံသို့တော့ အမှန်တကယ် ရောက်ရှိစေခြင်မိသည်။ ထမင်းတစ်နပ်အတွက် ခက်ခဲနေသူများကို ရည်ရွယ်ခဲ့သည့် ဆိုင်ကလေးတွေ ဖြစ်သည်မို့ အမှန်တကယ် ခက်ခဲနေသူများထံသို့ အမှန်တကယ် ရောက် စေချင်မိသည်။ အထူးသဖြင့် ဆာလောင်နေသူများအတွက် ရည်ရွယ်ထားသည့် ဆိုင်ကလေးတွေ ဖြစ်သည်မို့ အမှန်တကယ် ဆာလောင်နေသူများအတွက်သာ ဖြစ်စေချင်မိသည်။
တကယ်လည်း ထမင်းတစ်နပ်အတွက် မခက်ခဲသူများအနေဖြင့် အမှန်တကယ်ခက်ခဲနေသူတို့ကို ဦးစားပေးဖို့ လိုမည်ဖြစ်ပါသည်။ ယုတ်စွအဆုံး ဝင်ရောက်စမ်းသပ်ကြည့်ဦးမှဆိုသည့် အတွေးဖြင့်ပင် မစူးစမ်းသင့်ဘဲ အမှန်တကယ်လိုအပ်နေသူတို့ကို ဦးစားပေးဖို့လိုမည် ဖြစ်ပါသည်။ တကယ်မဆာလောင် မခက်ခဲသူတစ်ယောက် ဝင်ရောက်နေရာယူလိုက်ခြင်းက တကယ်ဆာလောင်ခက်ခဲနေသူတစ်ယောက်အတွက် နစ်နာသွားစေနိုင်သည်ဟု ကျွန်တော်ကတော့ သည်သို့ပင် ထင်မိပါသည်။ အမှန်အတိုင်း ဝန်ခံရလျှင် မရှိနွမ်း ပါးသူများအတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် ကုသိုလ်ဖြစ်ဆေးခန်းများ၌ ငွေကြေးပြည့်စုံသူတို့ နေရာယူနေခဲ့ကြသည့် အဖြစ်မျိုးလို သည်ဆိုင်ကလေးများကို ထပ်မဖြစ်စေလိုပါ။ သေချာသည်က သည်လိုဆိုင်ကလေးတွေ မြောက်မြားစွာ ပေါ်ပေါက်လာစေချင်မိပါသည်။ သည်လို ဆိုင်ရှင်မျိုးတွေ တစ်နည်း သည်လို အလှုရှင်မျိုးတွေ များပြားစွာပေါ်ထွက်လာစေချင်မိပါသည်။ အထူးသဖြင့် ရေများရာအရပ်၌ အဆက်မပြတ် ရွာနေသည့် မိုးတို့ကို သည်လိုနေရာ သည်လိုရေနည်းရာ အရပ်များသို့ ပြောင်းရွှေ့ရောက်ရှိလာစေချင်မိပါသည်။ တကယ်တော့ ဒါကကျွန်တော့်၏ ဆန္ဒသာဖြစ်ပါသည်။ တစ်နည်း အဝစား ၅၀၀ ဆိုသည့် ထမင်းဆိုင်ကလေးများနှင့် ပတ်သက်၍ ကျွန်တော်၏ စိတ်အတွင်း၌ ဖြစ်ပေါ်လာသည့် ကျွန်တော့်၏ စိတ်ဆန္ဒများသာ ဖြစ်ပါသည်။
မည်သို့ပင်ဆိုစေကာမှု သည်လိုဆိုင်ကလေးတွေ ဖွင်လှစ်ပေးခဲ့သူများအားလုံးကို လိုအပ်နေသူအားလုံး၏ ကိုယ်စား ကျေးဇူးအထူးပင်တင်မိပါသည်။ သည်လိုဆိုင်ရှင်တွေ သည်လိုအလှူရှင်တွေ ပေါ်ပေါက်လာခြင်း အတွက် တကယ်လိုအပ်နေသူတို့၏ကိုယ်စား ဝမ်းမြောက်ပျော်ရွှင်သာဓုအခါခါ ခေါ်လိုက်ပါသည်။ အထူးသဖြင့် သည်ကမ္ဘာလောကကြီးပေါ်၌ ရှိရှိသမျှ သူတို့အားလုံး ဆာလောင်ငတ်မွတ်ခြင်းဆိုသည့် ဘေးနှင့် အခြားအခြား သော ဘေးဒုက္ခအန္တရာယ်ဘေးအပေါင်းမှ လွတ်မြောက် မကြုံဆုံကြရပါစေနှင့်ဟု နှစ်နှစ်ကာကာဆုတောင်းပေးလိုက်ပါသည်။










