အချေအတင်ပြောကြရမည့် “အမေရိကန် ပထမ”

အချေအတင်ပြောကြရမည့် “အမေရိကန် ပထမ”
Photo:Getty Images
Photo:Getty Images
Published 8 December 2021
မိုးဧအောင်

(ဒီမိုကရေစီအခြေပြု ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စု တွင် ဒီမိုကရက်တစ်ပါတီကို ကိုယ်စားပြုသော သမ္မတ ဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့က ၂၀၂၁ ခုနှစ် ဇန်နဝါရီမှစ၍ တာဝန်ထမ်းဆောင်လျက် ရှိသည်။ သူ့အရင် ရီပတ်ဗလစ်ကင်ကိုယ်စားပြု သမ္မတ ဒေါ်နယ်ထရန့်လက်ထက်တွင် “အမေရိကန် ပထမ” ဟူသော ကြွေးကြော်သံရှင် သန်ခဲ့ဖူးသည်။ သို့သော် ဤအယူအဆမှာ သမ္မတ သို့မဟုတ် ကိုယ်စားပြုပါတီ တစ်ဆက် နှစ်ဆက်အတွက်သာမက နိုင်ငံ့သမိုင်းနှင့်ချီ၍ အရေးပါအရာရောက်ပုံကို ပညာရှင် ဒေါက်တာ ဂျော့ဖရိုက်မင်းက ဤဆောင်းပါး၌ တူးဆွ တင်ပြထားသည်။

ဆောင်းပါးရှင် Dr. Geroge Friedman သည် နိုင်ငံတကာရေးရာ မဟာဗျူဟာ သုတေသီ၊ ပထဝီနိုင်ငံရေး ဟောကိန်းထုတ်သူ၊ New York Times ၏ အရောင်းရဆုံး စာရေးဆရာ ဖြစ်သည်။ နောက််ဆုံးထုတ်ဝေခဲ့သော    The Storm Before The Calm: America’s Discord,the Coming Crisis of the 2020s,and The Triumph beyond စာအုပ်တွင် ၂၀၂၀-၂၀၃၀ ဆယ်စုနှစ်သည် အမေရိကန်အတွက် သိသာထင်ရှားသော အလှည့်အပြောင်းများနှင့် အမေရိကန်၏ အုပ်ချုပ်ရေး၊ နိုင်ငံခြားရေးမူဝါဒ၊ ဘောဂဗေဒ၊ ဓလေ့ယဉ်ကျေးမှုတို့ကို ပြန်လည်ပုံဖော်သွား မည့်ကာလဟု ရည်ညွှန်းခဲ့သည်။)

၁၉၃၀ ပြည့်လွန်နှစ်များမှစ၍ အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရေးရာနှင့်ပတ်သက်ပြီး “အမေရိကန် ပထမ” ( America First) ဆိုသောမူဝါဒ ပေါ်ထွန်းခဲ့သည်။ အခြားသော နိုင်ငံ၊ အကျိုးစီးပွား၊ အစီအစဉ် များထက် အမေရိကန်ပြည်ထောင်စု၏ ရည်မှန်းချက်ပန်းတိုင်ကိုသာ ပိုမိုအလေးပေးသည့် အမျိုးသားရေးအခြေပြုမူဝါဒဖြစ်၏။ ဤအတွေးအခေါ်ကို သူ့အကြိုက်နှင့် သူ့အခိုက် အတန့်အလိုက်ဆိုသလို ဒီမိုကရက်များရော၊ ရီပက်ဗလီကင်များကပါ ကျင့်သုံးနေကြဆဲ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် ကျန်တိုင်းပြည်များ၏ ကံကြမ္မာအတွက် ဘာကိုမျှ တာဝန်ယူရန်မရှိဟု လက်ယာသန် သူများက တွန်းအားပေးသလို၊ လက်ဝဲသန် သူများကမူ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့ပုလိပ်ကြီးပမာ ကျင့်ကြံနေကြောင်း ရှုတ်ချကြပါသည်။ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာတစ်လွှားတွင် မဟာမိတ်လိုက်ဖွဲ့ ကာ အလုပ်ရှုပ်နေစေသော မဟာဗျူဟာကို လက်ဝဲအယူအဆက ပ့ံပိုးပေးခဲ့၏။ လက်ယာ အယူအဆအရမူ အမေရိကန်ပြည်ထောင်စုသည် ကွန်မြူနစ်ဝါဒကို ကြံ့ကြံ့ခံတွန်းလှန်ရန် အတွက် အကွက်ဆင်ရင်း အလုပ်များနေရန် လိုသည်ဟု ယုံကြည်ကြသည်။ နှစ်ဖက်လုံးတွင် သက်ဆိုင်ရာ အတွေးအခေါ်အရ တိမ်း ညွတ်မှုနှင့် တာဝန်သိစိတ်များ ရှိသကဲ့သို့ ကိုယ့်ကျင့်တရားဆိုင်ရာ စံနှုန်းများနှင့် နှိုင်း နှိုင်းချိန်ချိန် ပြုမူဆောင်ရွက်ချက်များလည်း ရှိကြသည်။

အမေရိကကို စတင်တည်ထောင်စဉ်ကပင် အမေရိကန်ပြည်ထောင်စုနှင့် ကျန်ကမ္ဘာ့နိုင်ငံများအကြား ပုံသေဆက်ဆံရေးကိစ္စမှာ အဓိကမေးခွန်းဖြစ်ခဲ့၏။ အကျဉ်းအကျပ်များ ဖန်တီးတတ်သော မိတ်ဆွေနိုင်ငံများနှင့်ပတ်သက်၍ သောမက်ဂျက်ဖာဆင်က သတိပေးခဲ့ပြီး ဂျော့ဝါရှင်တန်နှင့် ဘင်ဂျမင်ဖရန်ကလင် တို့ကမူ အမေရိကန်တော်လှန်ရေး၌ ပြင်သစ် ထောက်ခံမှုရအောင် အကွက်ဖော်နိုင်ခဲ့သည်။ အမေရိကသည် ပုံစံသစ်ဥရောပအဖြစ်နှင့် ခေတ်သစ်တစ်ခု၏အစီအစဉ်ကို ထူထောင် နိုင်ခဲ့ပါသည်။ အမေရိကသည် သူလိုကိုယ်လို နိုင်ငံများအကြားမှ နိုင်ငံတစ်နိုင်ငံဖြစ်သလို ကမ္ဘာကြီးနှင့် ဆက်စပ်ပတ်သက်သည့် အခါတိုင်း၌ လက်တွေ့ဆောင်ရွက်မှုနှင့် ကျင့်ဝတ် နှုန်းစံအကြား ဒွိဟဖြစ်ကာ မပြတ်မသားရှိခဲ့ ချိန်မျိုးနှင့် တောက်လျှောက်ကြုံခဲ့ရသည်။

ခေတ်သစ် “အမေရိကန် ပထမ” သဘောထားသည် ဒုတိယကမ္ဘာစစ်မတိုင်မီ နှစ်များအတွင်း ပေါ်ထွက်ခဲ့သည်။ ပထမကမ္ဘာစစ်တွင် အမေရိကန်သည် သူ့ဆန္ဒနှင့် လျော်ညီချက်များစွာမရှိသည့်တိုင် စစ်ထဲသို့ ဆွဲသွင်းခံရ၏။ သို့သော် ယေဘုယျကျသော ကျိုးကြောင်းဆီလျော်သည့်အမြင်အရ စစ်ဆိုသည်မှာ ဝင်မိလျှင် နိုင်အောင် တိုက်ရမည့် သဘောရှိသည်။ တစ်ဖန် ဒုတိယကမ္ဘာစစ်၌ ဟစ်တလာကို ဆန့်ကျင်တိုက်ခိုက်ခြင်းမှာ လက်ဝဲအမြင်အရ ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်သိစိတ်ကို အရင်းခံသည်။ လက်ယာ အမြင်အရမူ အမေရိကန်အစိုးရသည် အမေရိကန်နိုင်ငံသားများ ကောင်းစားစေရန် ဆောင်ရွက်ခြင်းကသာ အရင်းခံတာဝန်သိ စိတ်ဖြစ်သည်။ အခြားနိုင်ငံတစ်နိုင်ငံကို ကိုယ့်ကျင့်တရားနှုန်းစံအရ ဝင်ရောက်ကျူးကျော်ရ တော့မည်ဆိုပါက စတာလင်ကို ပစ်မှတ်ထားခြင်းက ပိုမိုလက်တွေ့ကျသည်ဟု ရှုမြင်သည်။

အမေရိကန်ပြည်ထောင်စုသည် ဥရောပနှင့် သမုဒ္ဒရာများ ခြားနေခဲ့သည့်အတွက် ထိုအချက်သည် ဥရောပမှ ဆိုးပြစ်များကို ကာကွယ်ပေးထားသော အမေရိက၏ ကောင်းကျိုးဟု ယူဆခဲ့သည်။ ပြဿနာမှာ ဤအကြောင်းပြချက်အတိုင်း တကယ့်လက်တွေ့၌ မကျင့်သုံးနိုင်ခဲ့ကြပါ။ ဟစ်တလာသည် ပြင်သစ်ကိုသိမ်းယူပြီးနောက် ဥရောပတိုက်အတွင်း ဆက်လက်စစ်ဆင်ခဲ့ရာ ကျယ်ပြောလှ သောအန္တရာယ် တစ်သီတစ်တန်းကြီး ပေါ်ပေါက်လာသည်။ ဗြိတိန်သည် ကမ္ဘာ့အင်အား အကြီးဆုံးရေတပ်ကို ပိုင်ဆိုင်သည်။ အကယ်၍ ဂျာမနီသည် ဗြိတိန်ကို ချေမှုန်းနိုင်ခဲ့လျှင် ထိုရေတပ်သင်္ဘောများကို အသုံးချလျက် မြောက်အတ္တလန္တိတ်ကိုပါ ထိန်းချုပ်လာနိုင်မည်။ ထို့နောက် အမေရိကန်ပြည်ထောင်စုကို ခြိမ်းခြောက်လာမည်။ “အမေရိကန် ပထမ”လှုပ်ရှားမှုက ထိုသိမ်းပိုက်မှုကိုဖြစ်ရိုးဖြစ်စဉ်မျှ သဘောထားကာ မဟာဗျူဟာမြောက် အ ရေးယူဆောင်ရွက်ရန် မလိုအပ်ကြောင်း မြင် ခဲ့သည်။ အန္တရာယ်ရောပြွမ်းသော ကမ္ဘာကြီးတွင် အမေရိကန်၏လုံခြုံရေးကို “အမေရိကန် ပထမ”သမားများ သွေးနားထင်ရောက်ကာ တွက်ချက်ခဲ့ကြသည်။ အထီးတည်း နေထိုင်ခြင်းကသာလျှင် အန္တရာယ်ကို လက်ယပ်ခေါ်သည်နှင့် တူခဲ့ခြင်းဖြစ်ပါ၏။

ဒုတိယကမ္ဘာစစ်ပြီးသောအခါ စစ်အတွင်း ဂျာမနီနှင့် ဂျပန်တို့ကို အမေရိကန်က အချိန်မီဆန့်ကျင်တိုက်ခိုက်ရန် ပျက်ကွက်ခဲ့သည့်အတွက် အမေရိကန်တို့၏ အသက်များ ပေးဆပ်ခဲ့ရသည်ဟု မြင်လာပြန်သည်။ သို့ဖြစ် ၍ ဆိုဗီယက်၏အင်အားကို တန်ပြန်ခဲ့သည့် အတွက် စစ်ခင်းချိန်မဟုတ်သည့်တိုင် စစ်အင်အားကို ဘယ်သောအခါမှ မလျှော့ချနိုင်ခဲ့ပါ။ အမေရိကန်သည် မဟာမိတ်ရှာရန် အလုပ်ရှုပ်ခဲ့ပြီး သူ့မူဝါဒကို အလုပ်ဖြစ်အောင် လုပ်ပေးနိုင်မည့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ကို ထူထောင်ခဲ့သည်။ သမ္မတ ဂျွန်ကနေဒီက “ကျွန်တော်တို့ဟာ ဘယ်တာဝန်ကိုမဆို ခေါင်းခံရပါမယ်၊ ဘယ်အခက်အခဲ ကိုမဆို ဖြေရှင်းရပါမယ်၊ ဘယ်မိတ်ဆွေနိုင်ငံ ကိုမဆို ပ့ံပိုးခြင်းနဲ့ လျော်ညီတဲ့ပေးဆပ်မှု ပြု ကြရပါမယ်။ လွတ်လပ်ခြင်းရှင်သန်ဖို့နဲ့ အောင်မြင်ဖို့အတွက် ဘယ်ရန်သူကိုမဆို ဆန့်ကျင်ကြရပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။ ထိုစကား၏နောက်ဝယ် အခြားမိတ်ဆွေနိုင်ငံများအပေါ် အမေရိကန်၏ ကတိပေးပုံ ‘ရဲ’ လွန်းသည်နှင့်အညီ စကားနောက် တရားပါ ခဲ့ရတော့၏။ ယုတ္တိကျကျသုံးသပ်ပါက လွတ် လပ်ခြင်းတည်းဟူသော လစ်ဘရယ်အခြေပြု စွက်ဖက်မှုများ စဉ်ဆက်မပြတ် စတင်ခဲ့ခြင်း ဖြစ်သည်။ ဗီယက်နမ်မှအစပြု၍ မဆုံးနိုင်သော စစ်ပွဲများကို ယနေ့အထိ ဆင်နွှဲရန် တံခါးဖွင့်လိုက်ခြင်းလည်း မည်ပါပေ၏။ ကနေဒီကို လက်ယာအင်အားစုများက ပုံအော ၍ထောက်ခံခဲ့ကြသည်။ တစ်သီးတခြား နေထိုင်ရေးဝါဒနှင့် “အမေရိကန် ပထမ” ၀ါဒတို့ လူရာမဝင်တော့ဘဲ ဖြစ်နိုင်ခြေ မရှိလှသော မူဝါဒများအဖြစ် ပစ်ပယ်ခံဘဝသို့ ရောက်ရှိ သွားခဲ့သည်။ ကနေဒီ၏ ကျယ်ပြောလှသော ကတိကဝတ်များသည်သာ အမေရိကန်တို့၏ အကျိုးစီးပွားအနှစ်ချုပ်အဖြစ် လွယ်လွယ်ကူကူ နေရာယူခဲ့တော့သည်။

ဗီယက်နမ်စစ်ကို ဆင်နွှဲစတွင် အမေရိကန်အဖို့ ပိုဆိုးမသွားသလို ပို၍လည်း ကောင်းမလာခဲ့ပါ။ စစ်ပွဲကို လွယ်လွယ်သာ စခဲ့ကြ ခြင်းဖြစ်သည်။ စစ်ညောင်းတာရှည် ဖြစ်လာသည်နှင့် ကနေဒီ၏ထုတ်ပြန်ချက်မှာ ခေတ် ပျက်လာသည်။ ကနေဒီ၏အယူအဆကို လက်ဝဲအုပ်စုက တိုက်ခိုက်ခဲ့ရာ ကမ္ဘာကြီးကို ပုခုံးပေါ်ထမ်းရွက်ကာ တာဝန်ယူထားသော အမေရိကန်ပြည်ထောင်စုအပေါ် နယ်ချဲ့ဘီလူးအဖြစ် မြင်လာကြသည်။ အကြင်နာကင်းမဲ့ ကာ ရက်စက်မှုအပေါင်း သရဖူဆောင်းသော စစ်ကို ထိုသို့ပေးဆပ်မှုများစွာနှင့်ဆင်နွှဲရန် အမေရိကန်အနေနှင့် ဘာတာဝန်မျှမရှိဟု ပြည်တွင်းရှိ လက်ဝဲအုပ်စုက ယူဆသည်။ ဗီယက်နမ်စစ် လွန်မြောက်သောအခါ ဤအယူ အဆအရ အမေရိကန်ပါ၀ါသုံး၍ ကမ္ဘာအနှံ့ သြဇာလွှမ်းမိုးရန် ကြံစည်အားထုတ်နေခြင်းက အခြားနိုင်ငံများ၏ အခွင့်အရေးကို ခေါင်းပုံဖြတ်ဖိနှိပ်နေသည်ဟူသော စွပ်စွဲချက်အထိ ကျယ်ပြန့်လာခဲ့၏။ လက်ဝဲများအနေနှင့် ကမ္ဘာအနှံ့ အမေရိကန်သြဇာလွှမ်းမှုမှ ဆုတ်ခွာစေလိုခြင်းမှာ “အမေရိကန် ပထမ”အယူအ ဆ ပြန်လည်ခေတ်ထစေရန် မရည်ရွယ်သလို ကမ္ဘာ့ပုလိပ်ကြီးအဖြစ်မှလည်း နိဋ္ဌိတံစေလို၍ ဖြစ်ပါသည်။ သို့သော် အမေရိကန်တွင် အခန်းဆက်လာသော အခင်းအကျင်းများမှာ ဆိုင်းမဆင့်ဗုံမဆင့် ဆိုသလို “အမေရိကန် ပထမ”အတွေးအမြင်က လက်တွေ့ကျကျ နေရာယူလာနိုင်ခဲ့ခြင်းဖြစ်၏။

ကနေဒီ၏မိန့်ခွန်းမှ အစပြုလာခဲ့သော ပြည်ပစွက်ဖက်ရေးမူဝါဒသည် ဒုတိယကမ္ဘာစစ် မတိုင်မီကာလက “အမေရိကန် ပထမ”မူဝါဒကို သိသိသာသာ ဆန့်ကျင်တုံ့ပြန်ချက် ဖြစ်သည်။ လက်ဝဲအုပ်စုက တိုက်ခိုက်နေ သည့်တိုင် ကနေဒီ၏စကားက အရာရောက်ဆဲ ဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စု သည် ၂၀၀၀ ပြည့်နှစ်မှစ၍ စစ်ပွဲအတွက် ကုန်လွန်ခဲ့သော အချိန်အတိုင်းအတာမှာ ကျန်ရာစုနှစ်များထက် ကျော်လွန်သွားခဲ့ပြီး ဖြစ်သည်။ (နယူးယောက် မျှော်စင်ညီနောင် ကို တိုက်ခိုက်ခံခဲ့ရသော ၉/၁၁ မှ စတင်ကာ မအောင်မြင်သော စစ်ပွဲအတွက် ကြီးကြီးမားမား ပေးဆပ်ခဲ့ရသည်။) သူ့နိုင်ငံ၏ မြော်မြင်တွေးဆပုံကို သူကိုယ်တိုင် ပြန်လည်ပုံသွင်းရန် ကုန်လွန်ခဲ့သောအချိန်နှင့် လိုက်လျောညီ ထွေရှိသည့် ရင့်ကျက်မှုမျိုးကို မမြင်ရပါ။

အမေရိကန်တို့၏ အကျိုးစီးပွားကိုသာ ဗဟိုပြုတွေးခေါ်ခဲ့သည်ဆိုလျှင် “အမေရိကန် ပထမ” သည် အတ္တအခြေပြု ကျိုးကြောင်းဆင်ခြင်မှုတစ်ရပ် ဖြစ်လိမ့်မည်။ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် သူတို့၏ကိုယ်ပိုင်အကျိုးစီးပွားကို ဦးထိပ်ထားကြသည်။ မဟာမိတ်ဖွဲ့ ပူးပေါင်းမှု များသည် အမျိုးသားအကျိုးစီးပွားကိုရော၊ တစ်သီးတစ်သန့်တန်ဖိုးကိုပါ ပြေလည်စေ ရမည်။ မည်သည့်နိုင်ငံမျှ ထာဝရတည်တ့ံနေသော မဟာဗျူဟာမြောက် သြဝါဒဟူသည်ကို ကျောက်ချရပ်တည်မှု မပြုကြဘဲ အပြီးသတ် ရလဒ်ကိုသာ အခြေတည်ကြသည်။ အစိုးရတိုင်း၌ သူ့နိုင်ငံကို အကာအကွယ်ပြုပေးနိုင် သော ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်သိစိတ် ရှိနေရသည်။ ထိုအချက်အရ တစ်ခါတစ်ရံ မဟာမိတ်ဖွဲ့ရန် လိုအပ်သကဲ့သို့ တစ်ခါတစ်ရံ၌ စစ်ပွဲဆင်နွှဲရန် လိုအပ်ပါသည်။ သို့သော် ကနေဒီ၏မျှော်မှန်းအမြင်ကို အကောင်အထည်ဖော်သည့်အခါ နိုင်ငံတစ်ခုကို ဖျက်ဆီးရာရောက်သွားသည်မျိုး ရှိတတ်သလို ထဲထဲ ဝင်ဝင် ပတ်သက်မိသော အမေရိကန်ပြည်ထောင်စုအနေနှင့်လည်း ပေးဆပ်ရသည့် အတိုင်းအဆ ကြီးမားသွားရသည်။

အမေရိကန်တို့အနေနှင့် “အမေရိကန် ပထမ”ဟု တွေးခေါ်ဆောင်ရွက်ကြမည်ဆိုပါ က သက်သေပြရန်မလိုသော အမှန်တရား တစ်ရပ်ဖြစ်သည်။ သို့သော် ဤအတွေးအမြင်ကို လက်တွေ့အကောင်အထည်ဖော်သည့်အခါ အလွန်မတန် သိမ်မွေ့ရှုပ်ထွေးလှပါသည်။ လက်ယာယိမ်းသော အထီးတည်း သီးခြားရှင်သန်လိုသူများက “အမေရိကန် ပထမ”အတိုင်းသာဆိုလျှင် အမေရိကန်အနေ နှင့် ရပ်တည်ချက်နှင့်အညီ လွှမ်းမိုးနိုင်စွမ်း မရှိဟု တွေးထင်ခဲ့၏။ တစ်ဖန် လက်ဝဲယိမ်းသော အထီးတည်း သီးခြားရှင်သန်လိုသူများ က “အမေရိကန် ပထမ”အတိုင်းသာဆိုလျှင် အမေရိကန်သည် စာနာမှုကင်းမဲ့သော ဖိနှိပ်သူဟု တွေးဆခဲ့ကြပြန်သည်။ နှစ်ဖက်လုံး၏ ပိုင်းခြားသုံးသပ်ချက်များမှာ ရိုးရှင်းစွာ နား လည်နိုင်သော်လည်း အန္တရာယ်ကြီး၍ အမှန်တရားကို ကိုယ်စားမပြုပါ။ သို့သော် တိုင်းပြည် တစ်ခု၏ မည်သည့်မဟာဗျူဟာမဏ္ဍိုင်မဆို အမျိုးသားအကျိုးစီးပွားကို နားလည်သဘောပေါက် ချိတ်ဆက်နိုင်ရန်မှာ ရိုးရှင်းသည့်ကိစ္စ မဟုတ်သလို အခါခပ်သိမ်း သက်သေမပြဘဲ နေ၍လည်းမရပါ။ သို့သော် ဤအယူအဆများက ကြံ့ကြံ့ခံတွင်ကျယ် နေဆဲဖြစ်သည်။ ကမ္ဘာကြီးသည် အန္တရာယ်လွှမ်းသော ရပ်ဝန်းတစ်ခုဖြစ်သလို ကျွန်ုပ်တို့က စစ်ကိုမလိုလားလျှင် စစ်ပွဲများက ကျွန်ုပ်တို့ကို အလိုရှိသွားနိုင် ပါသည်။ တစ်ဖန် ကျင့်ဝတ်အခြေခံအရ ထာဝ ရစစ်ပွဲဆိုသည်ကိုလည်း လက်ခံနိုင်မည် မဟုတ်ပါ။

“အမေရိကန် ပထမ”ကိစ္စကို ကျွန်ုပ်တို့ ယခုချက်ချင်း ထလုပ်နိုင်ပါသည်။ အတိတ်ကာလက မည်သို့ဆောင်ရွက်ခဲ့၍ အနာဂတ်ကို မည်သို့ပုံဖော်မည်ဖြစ်စေ ဤကိစ္စက အမြဲ တွေးနေရမည့်အရေး ဖြစ်သည်။ အနာဂတ် သည် ကျွန်ုပ်တို့ကို အမြဲအ့ံအားသင့်စေတတ် ပါသည်။ “အမေရိကန် ပထမ”ဖြစ်စေရန် အတွက် အမြော်အမြင်ကြီးကြီးထားကာ သိမ်မွေ့မှုရှိမှသာ ကမ္ဘာအရပ်ရပ်က လက်ခံနိုင်ကြ ပါမည်။ “အမေရိကန် ပထမ”ဟူသည် ကိုယ့်တိုင်းကိုယ့်ပြည် တစ်နိုင်ငံတည်း အထီးတည်း နေထိုင်ခြင်း မဟုတ်သကဲ့သို့ ကိုယ်ကျင့်နှုန်းစံအရ မိမိနိုင်ငံအပေါ်ထားရှိရမည့် အစိုးရ တစ်ရပ်၏ ကတိကဝတ်လည်း ဖြစ်ပါသည်။

 

Most Read

Most Recent