ပြည်တွင်းနိုင်ငံရေး အထွေထွေအကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတကာ၏ကြိုးပမ်းမှုကို မျက်ခြည်မပြတ်စောင့်ကြည့်ပြီး လိုအပ်သည်များ ပြင်ဆင်ထားရမည်ဟု PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် ပြောကြား

ပြည်တွင်းနိုင်ငံရေး အထွေထွေအကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတကာ၏ကြိုးပမ်းမှုကို မျက်ခြည်မပြတ်စောင့်ကြည့်ပြီး လိုအပ်သည်များ ပြင်ဆင်ထားရမည်ဟု PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် ပြောကြား
Published 6 December 2021

ပြည်တွင်းနိုင်ငံရေး အထွေထွေအကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတကာ၏ ကြိုးပမ်းမှုကို မျက်ခြည်မပြတ်စောင့်ကြည့်ပြီး လိုအပ်သည်များ ပြင်ဆင်ထားရမည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ၏ ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင်၊ မွန်ပြည်သစ်ပါတီဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းက ပြောကြားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ဒီဇင်ဘာ ၆ ရက်တွင် Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေး အဖွင့်မိန့်ခွန်းပြောကြားရာတွင် PPST ဦးဆောင်မှု အလုပ်အဖွဲ့ ခေါင်းဆောင်၊ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းက ထိုသို့ပြောကြားခြင်းဖြစ်သည်။

“ ပြည်တွင်းနိုင်ငံရေး အထွေထွေအကျပ်အတည်းဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတကာရဲ့ ကြိုးပမ်းမှုကိုလည်းမျက်ခြည်မပြတ် စောင့်ကြည့်ပြီး လိုအပ်တာတွေကို ပြင်ဆင်ထားရမှာဖြစ်ပါကြောင်း ပြောကြားလိုပါတယ်” ဟု PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောကြားသည်။

ယခုအစည်းအဝေးကို ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်အထိ နှစ်ရက်တာပြုလုပ်မည်ဖြစ်ပြီး အဆိုပါ နှစ်ရက်တာ အစည်းအဝေးတွင် နိုဝင်ဘာအတွင်းဖြစ်ပွားခဲ့သည့် နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးအပါအဝင် အခြားကဏ္ဍများ၏ အတက်အကျဖြစ်ထွန်းမှုများကို ဆွေးနွေးသုံးသပ်ပြီး အမြင်သဘောထားများချမှတ်ရန်ရှိကြောင်း PPST ဦးဆောင်မှုအလုပ် အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောကြားသည်။

PPST ၂၁/၂၀၂၁ အစည်းအဝေးတွင် PPST ၏ ဆွေးနွေးညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းပေး၍ ၎င်းတို့၏တာဝန်များ၊ လုပ်ငန်းဆောင်တာများကိုချမှတ်ပေးခဲ့ပြီးဖြစ်ကာ ယခုအစည်းဝေးတွင် ယင်းကော်မတီ၏ တစ်လတာအတွင်း ဆောင်ရွက်မှုများအပေါ် ဆန်းစစ်ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် အခြား NCA-S EAO များနှင့် အလွတ်သဘော ဆက်လက်ဆွေးနွေးညှိနှိုင်း အမြင်ချင်းဖလှယ်နိုင်ရေးအတွက် လမ်းညွှန်မှုများ ချမှတ်ပေးနိုင်ရေး သဘောထား ရယူသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ဒီဇင်ဘာ တတိယပတ်ခန့်တွင် NCA-S EAO များ၏စတုတ္ထအကြိမ်ညီလာခံ (ဒုတိယပိုင်း) ကျင်းပခြင်းကို ပြီးခဲ့သည့် အစည်းအဝေးတွင် သတ်မှတ်လျာထားပြီးဖြစ်သော်လည်း လက်ရှိအခြေအနေအရပ်ရပ်အရ ကျင်းပရန် အဆင်ပြေခြင်းရှိ၊ မရှိကို ယခုအစည်းအဝေးတွင် သုံးသပ်ဆွေးနွေးရန်ရှိကြောင်း PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောကြားသည်။

NCA-S EAO များ၏ အနာဂတ်စုဖွဲ့မှုအပေါ် သဘောထားစုစည်းခြင်းနှင့် PPST ၏ နိုင်ငံရေးရပ်တည်ချက် ခုနစ်ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ရသော အခြေအနေများနှင့်ပတ်သက်၍ ယခုအစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးရန်စီစဉ်ထားကြောင်း PPST ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောကြားသည်။

ကျန်းမာရေးနှင့်ပတ်သက်၍ COVID-19 ကပ်ရောဂါ၏အသွင်ပြောင်း ဗိုင်းရပ်စ် အသစ်ဖြစ်သော Omicron သည် ပိုမိုပြင်းထန်သော ပိုးဖြစ်သည့်အတွက် ပြည်သူလူထုများအနေဖြင့် COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်သွားရန် အရေးတကြီးလိုအပ်ကြောင်း၊ အာဖရိကနိုင်ငံများတွင် စတင်တွေ့ရှိခဲ့သော ယခုပိုးအသစ်သည် အာရှိနိုင်ငံတချို့တွင်ပင် ကူးစက်ပျံ့နှံ့လာပြီဖြစ်သည့်အတွက် အားလုံးက ပိုမိုသတိထားရမည်ဖြစ်ကြောင်း PPST ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောကြားသည်။

Most Read

Most Recent