ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ မိုင်းထောင်ဖောက်ခွဲခံရခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကြောင့် နေအိမ်အလုံး ၃၆၀ ပျက်စီးခဲ့ကြောင်း နစက ထုတ်ပြန်

ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ မိုင်းထောင်ဖောက်ခွဲခံရခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကြောင့် နေအိမ်အလုံး ၃၆၀ ပျက်စီးခဲ့ကြောင်း နစက ထုတ်ပြန်
Published 4 December 2021

မိုင်းထောင်ဖောက်ခွဲခံရခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကြောင့် နေအိမ်အလုံး ၃၆၀ လုံး ပျက်စီးခဲ့ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့် သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ စျေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊ နိုင်ငံတော်ပိုင် ပစ္စည်းများ၊ ပုဂ္ဂလိကပိုင်ပစ္စည်းများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် တယ်လီဖုန်းတာဝါတိုင်များအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်းစသည့် လုပ်ရပ်များ ဖြစ်ပေါ်လျက်ရှိကြောင်း၊ မိုင်းထောင်ဖောက်ခွဲခံရခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ နေအိမ်အလုံး ၃၆၀ ပျက်စီးခဲ့ကြောင်း သိရသည်။

မိုင်းထောင်ဖောက်ခွဲခံရခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကြောင့် နေပြည်တော်ရှိ မြို့နယ်ခုနစ်မြို့နယ်တွင် လူနေအိမ် ၁၃ လုံး၊ ကချင်ပြည်နယ်ရှိ မြို့နယ်ငါးမြို့နယ်တွင် လူနေအိမ် ၁၄ လုံး၊ ကယားပြည်နယ်ရှိ မြို့နယ် နှစ်မြို့နယ်တွင် လူနေအိမ်သုံးလုံး၊ ကရင်ပြည်နယ်ရှိ မြို့နယ်ခြောက်မြို့နယ်တွင် လူနေအိမ် ခုနစ်လုံး၊ ချင်းပြည်နယ်ရှိ မြို့နယ်ငါးမြို့နယ် တွင် လူနေအိမ် ၁၀ လုံး၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ် ၂၇ မြို့နယ်တွင် လူနေအိမ် ၈၉ လုံး၊ တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ် ငါး မြို့နယ်တွင် လူနေအိမ် ၁၀ လုံး ပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ် ၁၂ မြို့နယ်တွင် လူနေအိမ် ၂၅ လုံး၊ မကွေးတိုင်းဒေသကြီးရှိ မြို့နယ် ၁၄ မြို့နယ်တွင် လူနေအိမ် ၂၉ လုံး၊ မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ် ၁၉ မြို့နယ်တွင် လူနေအိမ် ၈၈ လုံး၊ မွန်ပြည်နယ်ရှိ မြို့နယ်ရှစ်မြို့နယ်တွင် လူနေအိမ် ၂၁ လုံး၊ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ရှစ်မြို့နယ်တွင် လူနေအိမ် ၂၉ လုံး၊ ရှမ်းပြည်နယ်ရှိ မြို့နယ်ခုနစ်မြို့နယ်တွင် လူနေအိမ် ၁၅ လုံး၊ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်ခုနစ်မြို့နယ်တွင် လူနေအိမ်ခုနစ်လုံး မိုင်းထောင်ဖောက်ခွဲခံရခြင်းနှင့် မီးရှို့ဖျက်ဆီးခံရခြင်းများကြောင့် ပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

Most Read

Most Recent