မိုင် ၂၀၀ ကျော် အလွမ်း

မိုင် ၂၀၀ ကျော် အလွမ်း
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှ နေပြည်တော်သို့ဝင်ရောက်သည့် မြို့ဝင်ဂိတ်တစ်နေရာကို တွေ့ရစဉ်
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှ နေပြည်တော်သို့ဝင်ရောက်သည့် မြို့ဝင်ဂိတ်တစ်နေရာကို တွေ့ရစဉ်
Published 2 December 2021
မောင်ကြည်

မင်္ဂလာပွဲ ပြီးပြီးချင်း အထုပ်အပိုး အမြန်ပြင်ကာ အမြန်သုတ်ချေတင်ရတော့သည်။ မီ့အဖေအမေ ငှားလာသည့်ကားနှင့် ကျွန်တော်တို့ ပြန်လိုက်ကြမည် ဖြစ်သောကြောင့်ပင်။ ညီမများနှင့် အမျိုးများက ကျွန်တော်တို့ ပင်ပန်းနေကြသောကြောင့် တစ်ရက်နှစ်ရက် လောက် နားစေချင်ကြသည်။ သူတို့စေတနာ ကို နားလည်သော်လည်း ကျွန်တော်နှင့်မီက ကားကြုံရှိတုန်း လိုက်သွားလိုက်ချင်သည်။ ထို့ကြောင့် အမြန်ထုပ်ပိုး အမြန်ပြင်ဆင်ကာ အမြန်ပဲ နှင်ရလေတော့သည်။

ကျွန်တော်တို့ စီးလာသည့် ဟိုက်ဂျက် ကားလေးက တရိပ်ရိပ်ပြေးကာ ရန်ကုန် ဧရိယာနှင့် ဝေးရာကို မောင်းနှင်နေလေသည်။ ကျွန်တော်တို့သည်အမြန်လမ်းပေါ်သို့ အမြန်ဆုံး ရောက်လာသည်ဟု ဆိုရပေမည်။ ကျွန်တော်သည် လမ်းဘေးမြင်ကွင်းများကို ကြည့်ကာ လိုက်ပါလာသော်လည်း ရင်ထဲမှာ တစ်မျိုးလေး ခံစားနေရသည်။ ဒီတစ်ခါ ရန်ကုန်မြေကို စွန့်ခွာလာခြင်းသည် ခဏတစ်ဖြုတ် မဟုတ်။ တပ်ကုန်းမှာ အခြေချမည် ဆိုသော စိတ်ကူးနှင့် စွန့်ခွာလာခဲ့ခြင်း ဖြစ်သည်။ ပြောရလျှင် ကျွန်တော်သည် အမေနှင့် ညီအစ်ကို မောင်နှမများ၊ အမျိုးများ၊ မိတ်‌ဆွေ သူငယ်ချင်းများကို ထိုသို့ ရက်ရှည်လများ ခွဲခွာ ချန်ထားဖူးရိုး ထုံးစံမရှိပေ။ ယခင်က အပန်းဖြေ ခရီးထွက်လျှင် အလွန်ဆုံး တစ်ပတ်၊ ၁ဝရက် ထိုမျှသာ ကြာမြင့်သည်။ ယခုလို အားလုံးကို ခွဲခွာ ချန်ထားခဲ့ရမည်ဆိုသောအခါ လွမ်းသလိုလို ဘာလိုလို ခံစားချက်လေးက ကျွန်တော့်စိတ်ထဲသို့ တိုးဝှေ့ဝင်ရောက်လာလေသည်။

ထိုစဉ် ကျွန်တော့်ဖုန်းက အသံမြည်လာ သည်။ ကြည့်လိုက်တော့ ကိုကြီး။

 “ဟယ်လို”

“အေး မင်းတို့ကို ရိုက်ထားတဲ့ ပုံလေးတွေ မပေးလိုက်ရလို့။ ငါက စိတ်မကောင်း ဖြစ်နေတာ”

“ဟုတ်ကဲ့ ကိုကြီး”

“အေး အေး ဂရုစိုက်နော်။ မင်းတို့လုပ်နေကျ ဘာသာရေးလည်း မမေ့နဲ့။ အဆင်ပြေအောင်နေနော်”   

“ဟုတ်ကဲ့ ကိုကြီး”

ကိုကြီး ဖုန်းချသွားသည်။ ခဏနေတော့ ဖုန်းမြည်လာပြန်သည်။ ကြည့်လိုက်တော့ မကြီးစိုး။

“ကိုကြီး ဘယ်ရောက်နေပြီလဲ

“အမြန်လမ်းပေါ် ရောက်နေပြီ မကြီး စိုး”

“ဟုတ်ကဲ့ ကိုကြီး။ ဟိုရောက်ရင် ကျန်းမာရေး ဂရုစိုက်နော်၊ ဆေးလည်းသောက် ကိုကြီး”

“အေး အေး ဂရုစိုက်မယ် မကြီးစိုး”

မကြီးစိုး ဖုန်းချပြီး မကြာမီ ဖုန်းဝင်လာ ပြန်သည်။ ဤတစ်ခါ ဆရာ မောင်ရင့်မာ( ကျောင်းကုန်း)။

“ကိုကြည် မင်္ဂလာဆောင်က အဆင်ပြေလားကွ”

“ဟုတ်ကဲ့ ပြေပါတယ် ဆရာ”

“အေးကွာ ငါတို့ အပြန်မှာ မင်းအကြောင်း ပြောလာကြတာကွ။ ကိုမျိုးမြင့်ငြိမ်း ကတောင် ပြောနေတယ်။ မင်းက ဟိုလိုက် သွားမယ်ဆိုတော့ လွမ်းသလိုလိုပဲဗျာလို့ ပြောနေတာ”

“ကျွန်တော်အခု မီတို့အမေကားနဲ့ တစ်ခါတည်း လိုက်သွားတာ ဆရာ။ အမြန်လမ်း ပေါ်တောင် ရောက်နေပြီ”

“ဟုတ်လား။ အေး အေး အဆင်ပြေအောင်လည်းနေကွာ။ စာရေး စာဖတ်တော့ မပျက်ပါစေနဲ့ကွာ”

“ဟုတ်ကဲ့ စိတ်ချပါ ဆရာ၊ မပျက်စေရ ပါဘူး”

ဆရာ ဖုန်းချသွားတော့ ကျွန်တော့် မျက်လုံးမှာ မျက်ရည်စများ ဝေ့သီနေတာ သတိထား လိုက်မိသည်။ ကျွန်တော့် အပေါ် ချစ်ကြ၊ သံယောဇဉ် ကြီးကြသူများ။ ကျွန်တော် ဘယ်လိုလုပ် မျက်ရည်ခိုင်ပါတော့မည်နည်း။

ဟိုက်ဂျက်ကားလေးသည် အမြန်လမ်းပေါ်မှာ မြားတစ်စင်းကဲ့သို့ တရိပ်ရိပ်ပြေး နေသည်။ တဝေါဝေါမြည်နေသည့် လေက ကားထဲသို့ ဝင်လာလိုက် ထွက်သွားလိုက်။ လေသံ တဝေါဝေါကြားမှာပင် ကျွန်တော့် ဖုန်းက မကြာမကြာ အသံမြည်လာတတ်သည်။ အဒေါ်အကြီး ဖြစ်သူ ဒေါ်ဒေါ် မြက ဖုန်းဆက်မေးသည်။

“ဘယ်နှမိုင်ရောက်ပြီလဲ။ ဟိုရောက်ရင် ဖုန်းပြန်ဆက်နော်”တဲ့။

အဒေါ်အငယ် ဒေါ်အေးကလည်း ဖုန်း ဆက်ပြန်သည်။

“အဆင်ပြေလား တူလေး။ စိတ်ပူလို့ လှမ်းမေးတာ”တဲ့။

နောက် ကိုနေထွန်း ဖုန်းဝင်လာပြန်သည်။

“ကိုကြည်တို့ အဆင်ပြေလား။ လောလော လောလောနဲ့ သွားတော့ တစ်ခုခုဖြစ်မှာ စိုးရိမ်လို့”တဲ့။

လေးတိုးသံကြားထဲမှာ ကျွန်တော့်နားကို ဖုန်းနှင့် အတင်းကပ်ပြီး နားထောင်ရသည်။ ရန်ကုန်က ဖုန်းမြည်လာလေ ကျွန်တော့်မှာ ငိုချင်ရက် လက်တို့ဖြစ်လေ။

၁၁၅ မိုင်မှာဓာတ်ဆီဖြည့်ဖို့ ကားမောင်း ဝင်လာစဉ် ဆရာမောင်တင်ဦး (မြောင်းမြ) ဖုန်း ဝင်လာသည်။ ဆရာနှင့် အေးအေး ဆေးဆေး ဖုန်းမပြောလိုက်ရပေ။ ဓာတ်ဆီဖြည့် တော့မှာမို့ ပြောရင်းတန်းလန်း ဖုန်းကို အမြန် ချလိုက်ရသည်။ ဆရာကလည်း ကျွန်တော့် မင်္ဂလာပွဲ တက်ချင်ပါရက်နှင့် ကျန်းမာရေးကြောင့် မလာလိုက်ရသည်ကို ကြိတ်မနိုင် ခဲမရ ဖြစ်နေရှာသည်။ သြော် ကျွန်တော့်အပေါ်  သံယောဇဉ်ကြီးလှသည့် ဆရာ။ အကြီး တန်းအယ်ဒီတာ တစ်ဦးကလည်း သူပွဲ မလာ ဖြစ်သည့်အကြောင်း ဖုန်းဆက်ပြီး တောင်း ပန်စကား ဆိုရှာသည်။ သူ့ခမျာလည်း လာချင်ပါလျက် အလုပ်က ပစ်ထား၍ မရသည့် အနေအထား  မဟုတ်လား။

ထို့နောက် ကျွန်တော်နှင့် မီ ၁၁၅ မိုင်မှာ ထမင်းမစားခင် အပေါ့အပါးသွားကြတော့ ဖုန်းမြည်လာပြန်သည်။ ဒေါ် ဒေါ်မြ ဖြစ်နေသည်။ တူဖြစ်သူ ပြန်ရောက်ပြီလား သိချင်နေသည်။

“ဘယ်‌နေရာရောက်နေပြီလဲ”တဲ့။

“၁၁၅မိုင်ပါ ဒေါ်ဒေါ်”ဆိုတော့ “ရောက် ပြီဆို ဖုန်းဆက်နော်”တဲ့။

ကျွန်တော့် အဒေါ် နှစ်ယောက်သည် ပိစိကွေး ကလေးလေး တစ်‌ယောက်ကို စိတ်ပူသလို ကျွန်တော့်ကို စိတ်ပူနေကြခြင်း ဖြစ်သည်။ တကယ်လည်း သူတို့၏ တူ ကျွန်တော် သည် အခုလိုမျိုးရက် ရှည်လများ အိမ်နှင့် တစ်ခါမျှ မခွဲခွာစဖူးဘူး မဟုတ်လား။ စိုးရိမ် ပူပန်မည် ဆိုလျှင်လည်း စိုးရိမ်ပူပန်ထိုက်ပါသည်။

ငယ်စဉ်က အဖြစ်အပျက်တစ်ခုကို သွား သတိရမိသည်။ ကျွန်တော် ခပ်ငယ်ငယ်က အကြီး(အဖေ့အစ်မ) ဒေါ်မရီသည် မအူပင်မြို့သို့ ကျွန်တော့်ကိုခေါ်သွားဖူးသည်။ အဖေ က အလုပ်ရှိသောကြောင့် ကျွန်တော်နှင့် မလိုက်နိုင်။ ကျွန်တော်ကလည်း အဖေမပါဘဲ တစ်ယောက်တည်း မလိုက်ချင်။ ထိုအခါ အကြီးက ကျွန်တော်နှင့်အတူ အဖေ့ကို သင်္ဘောဆိပ်သို့ ခေါ်လာခဲ့သည်။ အဖေက အတူသွားမလိုလို ဘာလိုလိုနှင့် သင်္ဘောပေါ် အထိတက်လာသည်။

ခဏနေတော့ “အဖေ မုန့်သွားဝယ်ဦးမယ်”ဟု ကျွန်တော့်ကို ပြောကာ သင်္ဘောပေါ် မှ ဆင်းသွားသည်။ သို့သော် သင်္ဘောထွက် သည် အထိ အဖေ ပေါ်မလာတော့ချေ။ ဤသို့ဖြင့် ကျွန်တော် တစ်ယောက်တည်း မအူ ပင် လိုက်သွားရလေတော့သည်။ မအူပင် ရောက်သောအခါ ကလေးသဘာဝ နေ့ဘက် မှာ အိမ်နီးနားချင်း အဖော်များနှင့် ဆော့ကစား ပျော်ပါးနေသောကြောင့် အိမ်ကို သတိ မရသော်လည်း ညဘက်ရောက်ကာ အိပ်ရာ ဝင်သည်နှင့် အဖေနှင့် အမေကို ဘယ်လို လွမ်းမှန်းမသိ လွမ်းမိသည်။ ထိုအခါ အိပ်ရာထဲမှာ အကြီးမသိအောင် တရှုံ့ ရှုံ့ ငိုရသည်။ သို့သော် နောက်နေ့များမှာ အကြီးရိပ်မိ သွားသည်။ မအူပင်မှာ တစ်ပတ်ပင် မနေလိုက်ရ။ အကြီးခမျာ ကျွန်တော့်လွမ်းဖျားလွမ်းနာကို ကုပေးနိုင်သည့် ရန်ကုန်အိမ်သို့သာ ပြန်ပို့ရလေတော့သည်။

ယခုလည်း ကျွန်တော့်ကို ချစ်ခင်ကာ သံယောဇဉ် ရှိသူများက ဖုန်းတဂွမ်ဂွမ်ဆက်လေ ကျွန်တော့်မှာ မျက်ရည်ဝဲလေ ဖြစ်နေသည်။ တကယ်တော့ ကျွန်တော်ကလည်း မျက်ရည်ခိုင်သူ မဟုတ်။ ဆရာငြိမ်းကျော်၏ “လွမ်းလို့ကျန်ရစ်ခဲ့မှာ အားနာပါတယ်လေ” ကို မျက်ရည်တဝဲဝဲနှင့် စွဲလမ်းခဲ့သူ ဖြစ်သည်။ ယခုလည်း အတိုင်းအတာအားဖြင့် မိုင် ၂၀၀ ကျော် အကွာ အဝေးမှာ ရှိနေသည့် ကျွန်တော့်အပေါ်  သံယောဇဉ်ကြီးသူများ လွမ်းပြီး ကျန်ရစ်ခဲ့မှာကို ပြန်လည်အားနာနေမိပါသည်။

မင်္ဂလာဆောင်မှာရှိစဉ်က ကျွန်တော် နှင့် မီကို “ဘယ်မှာ နေကြမှာလဲ”ဟု  ဝိုင်းမေး ကြသည်။ “တပ်ကုန်းမှာ နေဖြစ်မယ်”ဟူသော အဖြေကို အချို့က “ယောင်နောက်ဆံထုံးပါ” အစဉ်အလာကို ချိုးဖောက်တော့မှာလား ဟု ရယ်မော နောက်ပြောင်ကြသည်။ ဆရာတစ် ယောက်ကတော့ “တိုက်စိုးလမ်း ရေးပြီးတော့ တပ်ကုန်းလမ်းရေးတော့မယ်ပေါ့” ဟု ချစ်စနိုး စသည်။ ဘေးနားမှာ ရှိသူအားလုံး ဝိုင်းရယ် ကြသည်။

မည်သို့ဆိုစေ ဆံထုံးနောက် ယောင်ပါခဲ့သည့် ရန်ကုန်သား တစ်ယောက် တပ်ကုန်းသား ဖြစ်သွားသော်လည်း အားလုံးကို အချစ်မပြယ် ရစ်တွယ်နေဦးမည်သာ ဖြစ်ပါသည် ။       ။

Most Read

Most Recent