ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က Omicron ဟုအမည်ပေးခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ B.1.1.529 ကို ထပ်မံတွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့မှုနှင့်အတူ ယင်းဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို မြင့်တက်စေခဲ့သည်။
Omicron ဗိုင်းရပ်စ်မျိုးကွဲသည် သန္ဓေ ပြောင်းလဲမှုအများအပြားရှိခဲ့သဖြင့် WHOက ယင်းမျိုးကွဲကို စိုးရိမ်ဖွယ်ကောင်းသည့် ဗိုင်းရပ်စ်မျိုးကွဲအုပ်စုတွင် ထည့်သွင်းသတ်မှတ်ခဲ့သည်။ ယင်းဗိုင်းရပ်စ်မျိုးကွဲသည် ကာ ကွယ်ဆေးများနှင့် ကုထုံးများကို ထိရောက်မှု နည်းပါးစေလိမ့်မည်ဟု သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။
ယင်းမျိုးကွဲတွေ့ရှိသည့် အစောပိုင်းရက် များတွင်လည်း Omicron သည် အခြားမျိုးကွဲများထက် ကူးစက်မှုနှုန်း ပိုမိုမြန်ဆန်ဖွယ် ရှိသည်ဟု သုံးသပ်မှုများ ရှိခဲ့သည်။
ထို့ကြောင့် အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂအပါအဝင် အခြားနိုင်ငံများနှင့် ဒေသများသည် အာဖရိကတောင်ပိုင်း နိုင်ငံကိုးနိုင်ငံမှ ခရီးသွားများကို တားမြစ်ပိတ်ပင်ခဲ့သည်။
အာဖရိကတောင်ပိုင်းမှ ပြန်လည် ထွက်ခွာရန်ကြိုးပမ်းနေသည့် သြစတြေးလျ နိုင်ငံသားများသည်လည်း သြစတြေးလျသို့ ပြန်လည်ဝင်ရောက်မည်ဆိုလျှင် ဟိုတယ် ကွာရန်တင်းဝင်ရမည်ဖြစ်ပြီး ရောဂါကူးစက်ခြင်း ရှိ၊ မရှိ စစ်ဆေးမှုခံယူရမည်ဖြစ်သည်။
ခရီးသွားလာခွင့် ပိတ်ပင်ထားသည့် တောင်အာဖရိက၊ နမ်မီးဘီးယား၊ ဇင်ဘာဘွေ၊ ဘော့ဆွာနာ၊ လက်ဆိုသို၊ အက်စ်ဝါတီနီ၊ ဆေးချဲလ်စ် ၊ မာလာဝီနှင့် မိုဇမ်ဘစ်နိုင်ငံများ မှ ပြန်လာမည့်သူများသည် ၁၄ ရက်ကြာ သီး သန့်ခွဲနေထိုင်ရမည် ဖြစ်သည်။
သို့သော်လည်း Omicron ဗိုင်းရပ်စ်မျိုး ကွဲသည် ဗြိတိန်၊ ဂျာမနီ၊ အစ္စရေး၊ ဟောင်ကောင်နှင့် ဘယ်ဂျီယမ်အပါအဝင် အခြားနိုင်ငံများနှင့် ဒေသများတွင်လည်း ကူးစက်မှုများရှိနေသဖြင့် ယင်းကဲ့သို့ ခရီးသွားလာခွင့် တားမြစ်ပိတ်ပင်မှုသည် ရောဂါကူးစက်မှုပျံ့နှံ့မှုကို နှေးကွေးရုံသာ ရှိစေနိုင်ပြီး တားဆီးနိုင် စွမ်းရှိမည် မဟုတ်ပေ။
ထို့ကြောင့် အခြားနိုင်ငံများသည် ၎င်းတို့၏နိုင်ငံသားများကို ရောဂါမကူးစက်စေရန် ကာကွယ်ပေးရမည်ဖြစ်သကဲ့သို့ အာဖရိကတောင်ပိုင်းမှ နိုင်ငံများကိုလည်း ရောဂါတိုက်ဖျက်ရေးအတွက် လိုအပ်သည့်အရင်းအမြစ်များ ပိုမိုထောက်ပံ့ပေးသင့်သည်ဟု ကျွမ်းကျင်သူများက တိုက်တွန်းခဲ့သည်။
တောင်အာဖရိကတွင် နိုဝင်ဘာ ၉ ရက် က စုဆောင်းရယူခဲ့သည့် လူနာတစ်ဦး၏ နမူနာများကို စစ်ဆေးရာမှ နိုဝင်ဘာ ၂၂ ရက် တွင် Omicron ဗိုင်းရပ်စ်မျိုးကွဲကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထို့နောက်တောင်အာဖရိက ဗိုင်းရပ်စ် ဗေဒပညာရှင်များသည် သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး အစိုးရနှင့်ဆက်သွယ်ခဲ့ကာ နိုဝင်ဘာ ၂၄ ရက်တွင် WHOကို အသိပေးအကြောင်းကြားခဲ့သည်။
ယခုနောက်ဆုံးတွေ့ရှိခဲ့သည့် Omicron ဗိုင်းရပ်စ်မျိုးကွဲ၏ အသေးစိတ်အချက်အလက်များကို ရှင်းလင်းစွာမသိရသေးသော်လည်း ယင်းမျိုးကွဲသည် လက်ရှိ ကူးစက်မှုနှုန်းများမြင့်တက်စေခဲ့သည့် Delta ဗိုင်းရပ်စ်မျိုးကွဲထက် ကူးစက်မှုနှုန်း ပိုမိုမြင့်မားနိုင်ခြေရှိသည်ဟု ခန့်မှန်းချက်များထွက်ပေါ်နေသည်။ သို့သော်လည်း ယင်းခန့်မှန်းပြောဆိုမှုများသည် သက်သေအထောက်အထားခိုင်လုံစွာ ပြနိုင်ခြင်း မရှိသေးပေ။
အာဖရိကမှ သိပ္ပံပညာရှင်များနှင့် နိုင်ငံရေးသမားများကမူ ဗိုင်းရပ်စ်မျိုးကွဲသစ်အပေါ် စိုးရိမ်မှုဖြင့် ခရီးသွားလာခွင့် ပိတ်ပင်ခဲ့သည့် နိုင်ငံများ၏ လုပ်ဆောင်ချက်များအပေါ် စိတ်ပျက်နေကြသည်။
ယင်းကဲ့သို့ ပိတ်ပင်မှုသည် လာမည့်နွေရာသီတွင် ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့ရှိသည့် တောင်အာဖရိက၏ စီးပွားရေးကို ဆိုးရွားစွာအကျိုးသက်ရောက် စေလိမ့်မည်ဟု ၎င်းတို့က ပြောကြားခဲ့ကြသည်။
ထို့ပြင် ယင်းဗိုင်းရပ်စ်မျိုးကွဲသည် တောင်အာဖရိကတွင် ပထမဆုံးတွေ့ရှိခဲ့သည်ဆိုသော်လည်း တောင်အာဖရိကတွင် စတင်ပေါက်ပွားခဲ့ခြင်း ဟုတ်၊ မဟုတ် ရှင်းလင်းစွာမသိရသေးကြောင်း အာဖရိကသိပ္ပံ ပညာရှင်များက ဆိုသည်။
Omicron ဗိုင်းရပ်စ်မျိုးကွဲသည် ခရီးသွားလာခွင့်ပိတ်ပင်သည့် စာရင်းတွင်မပါသည့်နိုင်ငံများနှင့် ဒေသများတွင် ကူးစက်မှု များဖြစ်ပွားနေသည်ဟု ၎င်းတို့က ထောက်ပြခဲ့ကြသည်။
ရောဂါကူးစက်မှုများ ဖြစ်ပွားနေသည့် နိုင်ငံများကို ခရီးသွားလာခွင့်ပိတ်ပင်ခြင်းသည် စီးပွားရေးကို ထိခိုက်စေမည်ဖြစ်ပြီး အနာဂတ်တွင် ယင်းကဲ့သို့ မျိုးကွဲအသစ်များ တွေ့ရှိမှုကို ထုတ်ဖော်ကြေညာရန် တွန့်ဆုတ် စေလိမ့်မည်ဟု အာဖရိကသိပ္ပံပညာရှင်များ က ပြောကြားခဲ့သည်။
WHO ကမူ လေကြောင်းခရီးစဉ်များ သို့မဟုတ် အခြားခရီးသွားလာရေးပုံစံများကို တားမြစ်ပိတ်ပင်ရန် အကြံပြုထောက်ခံထား ခြင်းမရှိပေ။ ယင်းသို့ ပိတ်ပင်မည့်အစား ကာကွယ်ဆေးထိုးနှံရန်၊ လက်ကို မကြာခဏဆေးရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်၊ နှာခေါင်းစည်းတပ်ရန်နှင့် လေဝင်လေထွက် ကောင်းမွန်အောင်လုပ်ဆောင်ရန် အစရှိသည့်အချက်များကို ဦးစားပေးလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။
ထို့ပြင် Omicron ဗိုင်းရပ်စ်မျိုးကွဲကို တုံ့ပြန်ရာတွင် နိုင်ငံအားလုံးအနေဖြင့် ကနဦး ဖြစ်ပွားသည့် ရောဂါကူးစက်မှုအခြေအနေကို လေ့လာစောင့်ကြည့်ပြီး ခြေရာခံရန် ၊ မျိုးကွဲအသစ်၏ အသေးစိတ် အချက်အလက်များ ကို ပိုမိုသိရှိစေရန် စုံစမ်းစစ်ဆေးမှုများလုပ် ဆောင်ကြရန် တိုက်တွန်းခဲ့သည်။
Omicron ဗိုင်းရပ်စ်မျိုးကွဲသည် စိုးရိမ်ဖွယ်ကောင်းသည့် မျိုးကွဲတစ်ခုဖြစ်သဖြင့် အ လေးထားဆောင်ရွက် ရမည်ဖြစ်သည်။ သို့သော်လည်း ယင်းမျိုးကွဲနှင့်ပတ်သက်ပြီး နားလည်သိရှိနိုင်ရန် အချိန်ယူလုပ်ဆောင်ရမည် ဖြစ်သည်။
နောက်ထပ်လေ့လာမှုများကို ဆက်လက်လုပ်ဆောင်နေချိန်တွင် ယင်းဗိုင်းရပ်စ် မျိုးကွဲကို စမ်းသပ်၊ ခြေရာခံ၊ သီးခြားခွဲ၊ လူထု ကို ကျန်းမာရေးအသိပညာပေးမှုအစီအစဉ်များနှင့် အမြဲမပြတ်စောင့်ကြည့်လေ့လာမှုများကို စနစ်တကျပြုလုပ်ပြီး ယင်းမျိုးကွဲကို ထိန်းချုပ်ရမည်ဖြစ်သည်။
ချမ်းသာသည့် နိုင်ငံများအနေဖြင့်လည်း အာဖရိကနိုင်ငံများနှင့် အခြားဆင်းရဲသည့်နိုင်ငံများကို ရောဂါ၏ ခြိမ်းခြောက်မှုအပေါ် ဆက်သွယ်ဆွေးနွေးနိုင်စွမ်းရှိစေရန် ကူညီ ထောက်ပံ့ပေးသင့်ပြီး ယင်းခြိမ်းခြောက်မှုများ ကို လျော့ပါးသက်သာစေရန် ကူညီပေးသည် ဟု ကျွမ်းကျင်သူများက တိုက်တွန်းခဲ့သည်။
မေလအတွင်းက ကပ်ရောဂါဆိုင်ရာ ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ဆောင်ရွက်ရေး လွတ်လပ်သည့် အဖွဲ့၏ မှတ်ချက်တွင် ပြည်သူ့ကျန်းမာရေးအာဏာပိုင်များသည် ကပ်ရောဂါနှင့်ပတ်သက်ပြီး အဆိုးမြင်မှုက ပိုမို များပြားနေသည်ဟု ဖော်ပြခဲ့သည်။
ထို့ကြောင့် ကပ်ရောဂါကို ဆောလျင်စွာ တုံ့ပြန်ရာတွင် သုတေသနနှင့် ပညာရေးဆိုင် ရာ မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုများကို ထူထောင်ခြင်း၊ ကျန်းမာရေးစနစ်နှင့် အပြန်အလှန်ဆက်သွယ်နိုင်စွမ်းရှိသည့် ရောဂါ ထောက်လှမ်းရေးမှုများကို ပိုမိုခိုင်မာအောင် တည်ဆောက်ခြင်း၊ ကာကွယ်ဆေး ဖြန့်ချိမှု၊ လက်ခံရရှိမှုများတွင် တန်းတူညီမျှမှုရှိစေရန် ပိုမိုလုပ်ဆောင်ခြင်း၊ ငွေကြေးထောက်ပံ့ပေးခြင်း အစရှိသည်တို့ကို လုပ်ဆောင်သင့်သည် ဟု ယင်းအဖွဲ့က အကြံပြုခဲ့သည်။
ကာကွယ်ဆေးထိုးနှံမှုများသည်လည်း Covide-19 ၏ ရောဂါပြင်းထန်အခြေအနေများကို လျှော့ချပေးနိုင်စွမ်း ရှိနေဆဲဖြစ်သည်။ လက်ရှိအသုံးပြုနေသည့် ကာကွယ်ဆေးများသည် Omicron ဗိုင်းရပ်စ်မျိုးကွဲအပေါ် မည်မျှ အထိ အကျိုးသက်ရောက်မှုရှိမည်ကို သေချာစွာမသိရသေးသော်လည်း အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်စွမ်း ရှိမည်ဖြစ်သည်။Pfizer ကုမ္ပဏီကမူ Omicron ဗိုင်းရပ်စ် မျိုးကွဲအတွက် ထိရောက်မှုရှိစေမည့် ကာကွယ်ဆေးတစ်မျိုးကို ရက်ပေါင်း ၁၀၀ အတွင်း ထုတ်လုပ်သွားမည်ဟု အရိပ်အမြွက် ပြောကြားထားသည်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဆက်လက် တည်ရှိနေမှုသည် ကမ္ဘာ့နေရာဒေသအများစု ၌ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်များတွင် ဟာကွက်များစွာရှိနေမှုနှင့် ဆက်နွှယ်နေပြီး အထူးသဖြင့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများတွင် ယင်းကွာဟချက်ကို မြင်တွေ့ရမည်ဖြစ်သည်။
တောင်အာဖရိကတွင် အရွယ်ရောက်ပြီး လူဦးရေ၏ ၂၄ ရာခိုင်နှုန်းကို ကာကွယ်ဆေး အပြည့်အဝ ထိုးနှံနိုင်ခဲ့မှုနှင့်အတူ အာဖရိကတိုက်တွင် အခြားနိုင်ငံအများစုထက် ကာကွယ်ဆေးထိုးနှံမှုနှုန်း မြင့်မားနေသည်။ သို့သော်လည်း အာဖရိကတိုက် တစ်ခုလုံးအနေဖြင့် တွက်ကြည့်မည်ဆိုလျှင် ကာကွယ်ဆေး ထိုးနှံမှုနှုန်းမှာ ၇.၂ ရာခိုင်နှုန်းသာရှိနေသည်။
ထို့ကြောင့် အာဖရိကတွင် နှေးကွေးနေသည့် ကာကွယ်ဆေးထိုးနှံမှုနှုန်းကို မြှင့်တင်ရန် ကမ္ဘာလုံးဆိုင်ရာ ကူညီထောက်ပံ့မှုများ အရေးတကြီးလိုအပ်နေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးနှင့် ကာကွယ်ဆေးကျွမ်းကျင်သူများက ထောက်ပံ့ပေးထားသည့် အာဖရိကမှ အဖွဲ့အစည်းများ၊ ခေါင်းဆောင်များကမူ အာဖရိကတိုက်တွင် mRNA ကာကွယ်ဆေးများ ထုတ်လုပ်ရန် တိုက်တွန်းနေကြသည်။
ယင်းကာကွယ်ဆေးများကို အာဖရိကတွင် ထုတ်လုပ်မည်ဆိုပါက ဒေသတွင်းလူဦးရေကို ဦးစားပေး ထိုးနှံပေးနိုင်ပြီး၊ ထောက်ပံ့ ရေးကွင်းဆက်တွင် ပြဿနာများကို ကျော်လွှားနိုင်မည်ဖြစ်ကာ ရောဂါ၏ ခြိမ်းခြောက်မှုများကို အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်နိုင်စွမ်း ရှိမည်ဖြစ်သည်။
လက်ရှိအချိန်အထိ ဖွံ့ဖြိုးဆဲနိုင်ငံများ သည် Covide-19 ကာကွယ်ဆေးများ ထုတ်လုပ်ခွင့်အတွက် မူပိုင်ခွင့်များရရှိအောင် ကြိုးပမ်းနေဆဲဖြစ်သည်။
လက်ရှိတွင် Omicron ဗိုင်းရပ်စ်မျိုးကွဲ၏ ကူးစက်ပုံနှင့် အသေးစိတ်အချက်အလက် များကို လေ့လာနေသည့်အချိန်မှာပင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ကပ်ရောဂါ နှင့်ပတ်သက်ပြီး သတင်းအချက်အလက်များကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ရေးတွင် မှန်မှန်ကန်ကန်လုပ်ဆောင်နေသည့် လိုအပ် ချက်များရှိနေသည့်နိုင်ငံများကို လက်တွေ့ကျသည့် ကူညီထောက်ပံ့မှုများ လုပ်ဆောင် ပေးရမည်ဖြစ်သည်။ Ref:CNA










