မိသားစုအကြောင်း တွေးမိခြင်း

မိသားစုအကြောင်း တွေးမိခြင်း
Published 1 December 2021
မောင်မြင့်ဝင်း

မကြာသေးခင်ကမှ မွေးရပ်မြေကိုသွား ဖြစ်ခဲ့သေးတယ်။ မပြန်ရ မနေနိုင်တဲ့ပိုးက ထတာကြောင့်ရယ် တစ်နှစ်မှာတစ်ခါ ကန်တော့ဖို့ အကြောင်းရယ်ကြောင့်ပါ။ အဲဒီအကြောင်းအရာနှစ်ခုကြောင့် မွေးရပ်မြေကို မပြန်မဖြစ် ပြန်ဖြစ်ခဲ့မိတာ။ မွေးရပ်မြေကို ရောက်တော့ ဆွေမျိုးသားချင်းတွေနဲ့ ဆုံရတာလည်း ဘယ်အရာနဲ့မှ မတူတဲ့ ပီတိတစ်ခုပါပဲ။ ဆွေမျိုးတွေနဲ့ဆုံချိန်မှာ ဦးတည်ရမရှိ စကားတွေလည်း ပြောကြဆိုကြ ရယ်ကြမော ကြနဲ့ပေါ့။ အဲဒီအထဲမှာ ရွာမှာအသက်ကြီးပိုင်းထဲက ဘယ်သူကတော့ဖြင့်  မရှိတော့ဘူး ဆိုတာတွေ၊ ဘယ်ကောင်လေးနဲ့ ဘယ်ကောင်မလေးကတော့ လက်ထပ်သွားကြပြီဆိုတာတွေကစလို့ အကြောင်းအရာတွေက အတော်စုံတာ။ ကိုယ့်နံဘေးမှာ လာနေတဲ့ ကလေးတွေဆိုရင်လည်း မသိလို့ဘယ်သူ့သားသမီးလဲလို့ မေးရသေးတယ်။ တစ်နှစ်မှ တစ်ခါပဲ မွေးရပ်မြေကို ရောက်ဖြစ်တာ မဟုတ်လား။ အဲဒီတော့ မျိုးဆက်သစ်တွေကို အကုန်ဘယ်သိ နိုင်ပါတော့မလဲ။

 မှတ်မှတ်ရရ အဲဒီနေ့က အမေ့ရဲ့ အစ်မသားနှစ်ယောက်ကို ကန်တော့မလို့ စီစဉ်ခဲ့တာ။ ပြောရရင် သူတို့က ကိုယ့်ရဲ့ ဦးလေးတွေ။ နှစ်စဉ်တိုင်းလည်း သူတို့ကို အတူကန်တော့နေကျ ။ အခုလည်း သူတို့နှစ်ယောက်လုံးကို ကန်တော့ဖို့ ကန်တော့ပစ္စည်းတွေတောင် ထုတ်ထားပြီးပြီ။ ကန်တော့တဲ့အခါ မှာလည်း အစ်ကိုကြီး (အကြီးဖြစ်လို့ ငယ်ကတည်းက အစ်ကိုကြီးလို့ခေါ်ခဲ့တာ) အိမ်မှာ ကန်တော့ရင် တခြားအစ်ကို အကိုစော ( သူ့နာမည်ရဲ့ ရှေ့မှာ စောပါလို့ငယ်ကတည်းက အစ်ကိုစောလို့ခေါ်ခဲ့မိတာ)  က စိတ်မကောင်းဖြစ်နိုင်တယ်။ အစ်ကိုစောအိမ်မှာ ကန်တော့ရင်လည်း အစ်ကိုကြီးက စိတ်မကောင်း ဖြစ်နိုင်တယ်။ အဲဒါကြောင့် ကိုယ့်အိမ်မှာပ ဲနှစ်ဦးလုံးကို ကန်တော့မယ်လို့ စိတ်ကူးလိုက်တယ်။ အဲဒါကြောင့် အစ်ကို နှစ်ဦး ကို အိမ်မှာပဲ ကန်တော့ခံလာဖို့ သွားပြောလိုက်မိတယ်။ အဲဒီမှာ ဇာတ်လမ်းကစပြီ။ အစ်ကိုကြီးက အပြင်းအထန်ကို ကန့်ကွက်တာ။ ငါ ဒီကောင်နဲ့တော့ အတူ ကန်တော့မခံနိုင်ဘူးတဲ့။ အကြောင်းရင်းကို မေးကြည့်မိတော့ ညီအစ်ကိုချင်း အမွေကိစ္စအတွက်နဲ့ မသင့်မြတ်ဖြစ်နေကြတာတဲ့။ ဘယ်လောက်အထိတောင်လည်းဆိုရင် လူကြီးတွေ အချင်းချင်း မတည့်တာကို ကလေးချင်းတောင် အခေါ်ပြောမလုပ်ခိုင်းတဲ့အထိပါပဲ။

အဲဒီအကြောင်းကြားတော့ စိတ်မကောင်း ဖြစ်လိုက်ရတာ။ အမေတစ်ဦးထဲက မွေးဖွါးလာခဲ့သူတွေက အခုလိုတွေ ဖြစ်နေရတာ။ အဲဒါကြောင့် နှစ်ဦးလုံးကိုမဆုံစေရဘဲ တစ်ဦးချင်းစီကိုပဲ ကန်တော့လိုက်ရတယ်။ အတူတကွ မကန်တော့လိုက်ရတာရယ် ပေါင်းစည်းမှုမရှိတဲ့ အခြေနေတွေကြောင့် ရယ်ကြောင့် စိတ်ထဲမှာတော့ အတော်လေး မကောင်းဖြစ်သွားရတယ်။ တကယ်တော့ အားလုံးဟာ တစ်နေ့နေ့မှာတော့ ခွဲခွာရ မယ့်သူတွေပဲလေ။ ဘယ်သူကဘယ်ရက်မှာ ခွဲခွာရမယ်ဆိုတာအချိန် အကန့်သတ်မှ ရှိမနေတာ။ ပြီးတော့အိုမင်းရင့်ရော်တဲ့အထိ အတူတူနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူးလေ။ ပြောရရင် မိသားစုဆိုတာ ၀ါးပင်လေးတွေလိုပဲ ဖြစ်လိမ့်မယ်ထင်တယ်။ ၀ါးပင်လေးတွေဆိုတာလည်း စပြီးပေါက်ချိန်မှာတော့ အတူတကွနဲ့ ပေါင်းဆုံနေကြရတာ။ ပျော်ရွှင်စရာ။ သူတို့ကို ခုတ်ပစ်မယ့်သူ မရှိချိန်အထိပဲ ဆိုပါတော့။ အဲဒီအချိန်ကတော့ မိသားစုပေါ့။ ဒါပေမယ့် ခုတ်ထွင်မဲ့သူ ရှိလာချိန်မှာတော့ မိသားစုကို ခွဲခွာကြရတယ်။ တစ်နေရာဆီမှာ။ နေရာတွေ အမျိုးမျိုးဆီမှာ။ အချို့ ၀ါးလုံးတွေက ခေါင်မိုးမှာ ရောက်ချင်ရောက်မယ်။ အချို့အလုံးကလည်း အဝတ်ကြိုးတန်း အချို့ကျတော့လည်း ခြံစည်းရိုး အချို့အလုံးကလည်းဖျာ၊ အချို့ဝါးလုံးလေးတွေကတော့ နှီးတွေ ဖြစ်သွားကြ ၊ အချို့ကျတော့လည်း တံတားလေး တွေအဖြစ်နဲ့ နေရာဒေသအမျိးမျိုးဆီကို ရောက်ကုန်ကြရတော့တယ်။

ကိုယ်တွေရဲ့လူ့ဘဝဆိုတာလည်း ၀ါးပင်လေးတွေနဲ့ ဘာထူးလဲ။ အချိန်တန်အရွယ် ရောက်လာတဲ့ခါ ခွဲခွာကြရတော့တာပဲ မဟုတ်လား။ မိသားစုဆိုတဲ့ သီးခြားကမ္ဘာလေး ဖြစ်လာချိန်မှာတော့ ကိုယ့်မိသားစုနဲ့ အတူတကွ နေဖို့ဆိုတာဖြစ်မှ မဖြစ်နိုင်တော့တာ။ အချို့ ဆိုရင် ရေခြားမြေခြားအရပ်ဒေသတွေဆီကိုတောင် ရောက်သွားကြရသေးတယ်။ ဒါကရှင်ကွဲကွဲရတဲ့ ဝေးကွာခြင်းတွေ ဒုက္ခတွေ။ အဲဒီထက်ပိုဆိုးတာက ထာဝရ ခွဲခွာခြင်းဆိုတဲ့ သေခြင်းတရားကြီးဆိုတွေကလည်း ရှိသေးရဲ့။ အဲဒီခွဲခွာခြင်းကတော့ အတော်လေး ဆိုးရွားလွန်းလှတယ်။ ပြန်လည်ဆုံဆည်းခွင့်မှ မရနိုင်တော့တာ။ သဘာဝကပေးတဲ့ အဖိုးတန်လက်ဆောင်တွေကို သဘာဝကပဲ ပြန်လည်သယ်ဆောင်သွားတာဆိုတော့ ဘယ်သူမှလည်း တားဆီးဖို့ မတတ်နိုင်တော့တဲ့ အခြေအနေတစ်ခုပဲလေ။

အဲဒါကြောင့် အတူရှိနေတုန်း အချိန်လေးမှာ မုန်းတီးစိတ်တွေကို မြေမြှုပ်ပစ်ဖို့တွေကို ဆန္ဒတွေ ဖြစ်နေမိတာ။ ရန်ဖြစ်ဖို့ဆိုတာဝေး သံယောဇဉ်ပြတ်တန်းသွားစေမယ့် အပြုအမူ အပြောအဆိုတွေကိုတောင် မတွေးချင်တော့ဘူး။ သံသယက သံယောဇဉ်ကို ပျက်ပြယ်စေတတ်တယ် မဟုတ်လား။ မွေးရပ်မြေက အစ်ကိုနှစ်ယောက်ဆိုရင်လည်း သူ့ မိဘလက်ထက်က ထားခဲ့တဲ့ အမွေတွေကို အကြောင်းပြုပြီး သူရတာများတယ်၊ ငါရတာ နည်းတယ်ဆိုပြီး သံသယစိတ်နဲ့ လောဘစိတ်တွေရဲ့ နင်းခြေတာကို ခံနေကြရတာ။ သူတို့ မတွေးမိကြတာပါ။ တကယ်တော့ ဆွေမျိုးဆိုတာ သဘာဝကပေးတဲ့ အကြီးမားဆုံး ဆုလာဘ် ကြီးတစ်ခုပါပဲ။ အဲဒီဆုလာဘ်ကြီးက ဘဝမှာ တစ်ခါပဲရကြတာ။ ကိုယ်ပိုင်မိသားစုကို တည်ဆောက်လို့ရပေမယ့် ဆုံးရှုံးသွားတဲ့ ညီအစ်ကို မောင်နှမတွေကိုတော့ ပြန်ရလို့မှ မရနိုင်တော့တာ။ အဲဒီဆုလာဘ်ကြီးကို လောဘစိတ်တွေနဲ့ လဲလှယ်နေကြတာ အံ့သြစရာ။

ကိုယ်ကတော့ မွေးရပ်မြေက ပြန်လာအစ်ကိုနှစ်ယောက်ရဲ့ အကြောင်းတွေကို ကြားပြီးတဲ့အချိန်ကစပြီး ကိုယ့်ရဲ့ ညီအစ်ကို မောင်နှမတွေနဲ့အတတ်နိုင်ဆုံး သင့်မြတ်အောင်ပဲနေဖြစ်တော့တယ်။ အကြောင်း တစ်ခုခုကြောင့် ကိုယ့်စိတ်ထဲမှာ အဆင်မပြေတာလေးတွေ ရှိနေရင်တောင် တော်ရုံပြောမထွက်အောင် နေထိုင်တဲ့အထိပဲဆိုပါတော့။ ဆွေမျိုးဆိုတဲ့ ရတနာအပေါ် ခံယူထားတဲ့ကိုယ်ရဲ့ ခံယူချက်တွေကိုလည်း ညီအစ်ကို မောင်နှမ တွေကိုပြောပြဖြစ်သေးတယ်။ သူတို့တွေလည်း ကိုယ့်လို ခံယူတတ် မြင်တတ်စေဖို့ပါ။ ဘာပဲဖြစ်ဖြစ် ဆွေမျိုးတစ်ခုရဲ့ တန်ဖိုးကို သူတို့တွေကို မြင်စေချင်တယ်။ ပြီးတော့ အတတ်နိုင်ဆုံး နွေးထွေးမှုတွေဆီရောက်အောင် ဖန်တီးစေချင်တယ်။ ဆုံဆည်းခွင့်ရချိန်လေးမှာ ပျော်ရွှင်အောင်နေချင်မိတယ်။ အခုအချိန်ဆိုတာ ဝင်ငွေတွေနည်းလို့ စိတ်ပျက်အား လျော့နေရပေမယ့် ပျော်ရွှင်မှုတွေ ၊ စည်းလုံးမှု တွေနဲ့ရှိနေရင် တော်ရုံ အခက်အခဲဆိုတာ ကျော်လွှားနိုင်မယ်လို့လည်း ယုံကြည်မိတယ်လေ။ အဲဒီအတွက်ကြောင့်လည်း ပြီးခဲ့တဲ့လက တူမလေး ကေဇင်ဝင်းရီ (အစ်မရဲ့ သမီး) မွေးနေ့မှာ သူဖြစ်စေချင်တဲ့ မွေးနေ့ပွဲလေး တစ်ခုဖြစ်အောင် ဖန်တီးပေးခဲ့မိတယ်။ အဲဒီအတွက် ငွေကြေးအချို့ကိုယ့်အိတ်ထဲက ခုန်ထွက်သွားခဲ့တယ်။ ဒါပေမယ့် အဲဒီအတွက် တူမလေးမှာ ပျော်လို့ရွှင်လို့။ အစ်မမှာလည်း ပီတိတွေကို ဖြာဝေလို့။ ကိုယ်ကရော ဘာထူးလဲ ပီတိတွေနဲ့ပဲလေ။ ပြန်တွေးလိုက်တိုင်း ဆွေမျိုးတွေမှာ ကြည်နူးစရာ။

ပြောရရင် ကုန်လိုက်ရတဲ့ ငွေထက်ပိုတဲ့ အရာတွေကို ပြန်ရခဲ့တာပဲ။ တကယ်ရခဲ့တာက ငွေနဲ့ဝယ်လို့မရတဲ့ အရာတွေကို ပြန်ရလိုက်တာ။ တကယ်ပြောတာ။ အရင်ကဆိုရင် ငွေရှာဖို့လောက်သာ စဉ်းစားဖြစ်ခဲ့တဲ့ ကိုယ်ဟာ ခုတော့လည်း ငွေမျက်နှာတစ်ခုတည်းကို တကယ်မကြည့်ချင်တော့ဘူး။ အဲဒါကြောင့်လည်း ရောဂါတွေ လျော့နည်းချိန်မှာ ပြန်ဖွင့်လိုက်တဲ့ ဆိုင်လေးမှာ အချိန်ပြည့် မနေဖြစ်တော့တာ။ အတူနေအမေအနားမှာ နေရချိန် တွေကို ပိုရအောင်နေခဲ့မိတာ။ အခုဆိုရင် အမေ့အနားမှာ ဘုန်းကြီးနှစ်ပါး၊ အစ်မနဲ့ အစ်ကိုနဲ့ရော အတူနေခွင့်ရနေပြီ။ အစကတော့ အစ်ကို နယ်ပြန်ချိန်မှာ အမေ့အနား အဖော်ရအောင်ဆိုပြီး ဆိုင်ကနေ  အမေ့အနားကို ခဏလာနေပေးတာ။ အစ်ကိုနယ်က ပြန်လာရင် ဆိုင်မှာ ပြန်နေဖြစ်တယ်။ အခုများတော့လည်း အစ်ကိုရှိနေချိန်မှာရော အစ်ကိုနယ်ခဏပြန်ချိန်တွေမှာပါ အမေ့အနားမှာ နေဖြစ်တော့တယ်။ အဲဒီအရာတွေက ငွေ ကြေးနဲ့ ဝယ်ယူလို့မရနိုင်တဲ့ ကြည်နူးစရာတွေပဲ  မဟုတ်လား။ အဲဒီလိုနေလို့ ကိုယ့်မှာ တခြားဝင်ငွေရတဲ့အရာတစ်ခု ရှိနေလို့လား ဆိုရင်လည်း မဟုတ်ပြန်ဘူး။ အချို့ကတော့ ပြောကြပါရဲ့။ ဆိုင်မှာ ကိုယ်မရှိရင် ငွေက ဝင်သင့်သလောက် မဝင်မှာ မကြောက်ဘူးလားတဲ့။ မကြောက်ပါဘူး။ မွေးရပ်မြေက ပြန်လာပြီးကတည်းက ငွေဟာ ဒုတိယနေရာမှာ ထားဖြစ်ခဲ့တာကြာပေါ့လို့ ဖြေမိမယ်ထင်တာပဲ။ ဟုတ်တယ်လေ။ ငွေဆိုတာ ဘယ်အချိန်ရှာရှာ ရှာလို့ရနေတာပဲ။ ပြီးတော့ အမေဆိုတာ တစ်သက်လုံးရှိနေမယ့် လူသားတစ်ဦးမှ မဟုတ်တာပဲ။ အမေမရှိတော့ရင်တော့ ဘဝရှေ့ရေးအတွက် ကြိုးစားပြီး ရှာဖွေဖို့ကိုတော့ စိတ်ကူးထားပါရဲ့။ ကိုယ်က ပုထုဇဉ်ပဲရှိ သေးတော့ အခုအချိန်မှာ မိသားစုကပဲ အရေးအကြီးဆုံးလို့ ခံယူထားတယ်။ အဲဒီခံယူချက်က ကြည်နူးမှု ဖြစ်နေစေတော့ ဆက်ပြီးတည်တံ့အောင် တတ်နိုင်သလောက်တော့ ကြိုးစားနေရဦးမှာပါပဲလေ ။

Most Read

Most Recent