ကျီးလန့်စာစားနှင့် ကျီးကန်းတောင်းမှောက်

ကျီးလန့်စာစားနှင့် ကျီးကန်းတောင်းမှောက်
Photo: New Scientist
Photo: New Scientist
Published 29 November 2021
သူရထိုက်

တစ်နေ့က အလုပ်ကအပြန် မှတ်တိုင်မှာ တွေ့ခဲ့ကြုံခဲ့ရတယ်။ ကျွန်တော့်အလုပ်က ရွှေပြည်သာစက်မှုဇုန်ထဲမှာ ရှိတယ်။ သေသေချာချာ တိတိကျကျဆိုရရင်တော့ စက်မှုဇုန် (၁) ပေါ့။ ကျွန်တော့်အလုပ်နေရာနဲ့အနီးဆုံး ကားမှတ်တိုင်က ဆောက်လုပ်ရေးမှတ်တိုင် ဖြစ်တယ်။ ရန်ကုန်ဘက်ကနေလာရင် ဒညင်းကုန်းလမ်းဆုံအပြီး နောက်တစ်မှတ်တိုင်ပေါ့။

ဆောက်လုပ်ရေး ကားမှတ်တိုင်မှာ အတက်အဆင်းလုပ်တဲ့သူ နည်းတယ်။ ရန်ကုန်ဘက်ကနေလာတဲ့ မှတ်တိုင်နဲ့ ရန်ကုန်ဘက်ကို အသွားမှတ်တိုင်နှစ်ခုစလုံးမှာ ခရီးသည် အတက်အဆင်း နည်းတာပါ။ ဆောက်လုပ်ရေး မှတ်တိုင်ပြီးရင် နောက်မှတ်တိုင်က ဘုန်းကြီးကျောင်းမှတ်တိုင် ဖြစ်တယ်။ ကားမှတ်တိုင်နားမှာရှိတဲ့ ဘုန်းကြီးကျောင်းကို အစွဲပြုပြီးတော့ ဘုန်းကြီးကျောင်းမှတ်တိုင်လို့ ခေါ်ပုံရပါတယ်။

ကျွန်တော်လည်း အများအားဖြင့်တော့ ဘုန်းကြီးကျောင်းမှတ်တိုင်မှာပဲ အတက်အဆင်း လုပ်တာများတယ်။ တစ်နေ့ကတော့ အလုပ်ကနေ အိမ်အပြန် နည်းနည်းနောက်ကျသွားတာနဲ့ ဘုန်းကြီးကျောင်းမှတ်တိုင်မှာ ကားမစီးတော့ဘဲ အလုပ်နဲ့နီးတဲ့ ဆောက်လုပ်ရေးမှတ်တိုင်မှာ ကားစီးမယ်လို့ ဆုံးဖြတ်ပြီး ဆောက်လုပ်ရေးမှတ်တိုင်ဘက်ကို လမ်းလျှောက်လာခဲ့တယ်။

ဆောက်လုပ်ရေးမှတ်တိုင်က ခရီးသည် အတက်အဆင်းနည်းတော့ တော်ရုံဘတ်စ်ကားမရပ်ဘူး။ အဲဒါကလည်း အခုမှမဟုတ်ပါဘူး။ အချိန်တော်တော်ကြာကတည်းက ဖြစ်နေတာပါ။ ကားပေါ်ကနေဆင်းတဲ့ ခရီးသည်ရှိရင် ကားရပ်ပေးတယ်။ ကားစီးမယ့်လူက လက်ပြပြီးတားရင် ကားရပ်ပေးတယ်။ အဲဒါတောင် အမြဲတမ်း မဟုတ်ဘူး။ ကားချင်းပြိုင်မောင်းလာတဲ့အခါ ဘယ်လောက်ပဲတားတား ကားကိုရပ်မပေးဘူး။ စီးမယ့်သူများတဲ့ ဒညင်းကုန်းမှတ်တိုင်ကိုပဲ အလုအယက် မောင်းပြေးကြတယ်။

ကျွန်တော် ကားမှတ်တိုင်ကိုရောက်တော့ ကားစောင့်တဲ့သူ တစ်ယောက်မှ မရှိဘူး။ အချိန်က ညနေ ၅ နာရီ ၄၅ မိနစ်ကျော်နေပြီ။ ကားမှတ်တိုင်မှာ ကားစောင့်နေတုန်း လူတစ်ယောက် ကျွန်တော့်ရှေ့က ဖြတ်သွားတယ်။ အဲဒီလူက ခြေလှမ်း သုံးလေးလှမ်း လှမ်းပြီးတဲ့အခါ ကျွန်တော့်ဆီကို ပြန်လှည့်လာတယ်။ သူ့ပုံစံကို သိပ်မသင်္ကာလို့ ကျွန်တော်လည်း ကိုယ်ဟန်အနေအထား ပြင်လိုက်တယ်။ အဲဒီအခါမှာ သူက ယခုလိုပြောတယ်။

“ဘာမှ မလုပ်ပါဘူး။ ကျွန်တော် ကားခမရှိလို့ ကားခ တောင်းမလို့ပါ”

အဲဒီအချိန်မှာ ဒီ့ပြင်လူတစ်ယောက်လည်း ကျွန်တော့်အနားကို ရောက်လာပြန်တယ်။ ကျွန်တော်လည်း ပိုပြီးတော့ မသင်္ကာဖြစ်သွားမိတယ်။ နောက်ရောက်လာတဲ့သူကလည်း အခုလို ထပ်ပြောပြန်တယ်။

“ဟုတ်ပါတယ်။ ကျွန်တော်တို့ကို ကားခကူညီစမ်းပါဦး”

ဘတ်စ်ကားတစ်စီး မောင်းလာတာကို တွေ့ရတယ်။ ကျွန်တော်လည်း ဘတ်စ်ကားကိုလှမ်းပြီး လက်တားလိုက်တယ်။ ပထမလူက အခုလို ထပ်ပြောပြန်တယ်။

“မြန်မြန် လုပ်စမ်းပါဗျာ”

ဘတ်စ်ကားက ကျွန်တော်တို့ကိုကျော်ပြီး ခပ်လှမ်းလှမ်းမှာ ရပ်လိုက်တယ်။ ကျွန်တော်လည်း အကျႌအိတ်ထဲကို လက်နှိုက်လိုက်တော့ ၅၀၀ ကျပ်တန်တစ်ရွက်တွေ့တာနဲ့ အဲဒီလူကို လှမ်းပေးပြီး ရပ်ထားတဲ့ဘတ်စ်ကားဆီ အပြေးအလွှား ပြေးတက်လိုက်တယ်။ ဘတ်စ်ကားသာ ရောက်မလာရင် ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကို ကျွန်တော်လည်း မတွေးတတ်တော့ဘူး။

နောက်တစ်နေ့ အလုပ်ထဲမှာ ကျွန်တော့်တပည့်တစ်ဦးကို အဲဒီအကြောင်း ပြောမိတယ်။ ကျွန်တော့်တပည့်က အခုလို ပြောပါတယ်။

“အန်ကယ်ကလည်း တစ်နေ့က ဟိုနားလေးမှာ ကျွန်တော်တို့ဆီက တစ်ယောက် အလုပ်ကနေ အိမ်အပြန် တယ်လီဖုန်း အလုခံလိုက်ရသေးတယ်”

သူပြောတဲ့ ဟိုနားလေးဆိုတာက ကျွန်တော်တို့ အလုပ်လုပ်တဲ့နေရာနဲ့ ဓာတ်တိုင်သုံးမှတ်တိုင် အကွာအဝေးလောက်ပဲ ရှိပါတယ်။ သူက အခုလို ဆက်ပြောတယ်။

“အဲဒီလူက စက်ဘီးနဲ့ အိမ်ပြန်တာလေ၊ သူ့ရဲ့ပုဆိုးခါးကြားမှာ တယ်လီဖုန်းကို ထိုးထည့်ထားတာ။ မော်တော်ဆိုင်ကယ်နဲ့ လူနှစ်ယောက် သူ့နားကို ရောက်လာတယ်။ နောက်မှာထိုင်ပြီး လိုက်လာတဲ့သူက သူ့ခါးကြားမှာ ထိုးထားတဲ့ တယ်လီဖုန်းကိုလှမ်းယူတယ်။ ပြီးတော့လည်း ပြောသွားလိုက်သေးရဲ့။ ဦးလေး တယ်လီဖုန်းလေးက လှတယ်နော်တဲ့။ အဲဒီလိုပြောပြီးမှ တယ်လီဖုန်းကို ယူသွားတာ”

ဘတ်စ်ကားပေါ်မှာ တယ်လီဖုန်းအနှိုက်ခံရတယ်ဆိုတာကတော့ ကြားရတာ၊ ကြုံတွေ့ရတာတွေ များလွန်းနေပါပြီ။ အခုလည်း အဲဒီသတင်းတွေ ကြားနေရတုန်းပါပဲ။

တန်ဆောင်မုန်း လပြည့်ကျော် တစ်ရက်နေ့ကလည်း ကြုံတွေ့ရတာရှိသေးရဲ့။ အရင်နှစ်တွေတုန်းကတော့ အဲဒီလိုရက်တွေမှာ ကျွန်တော်တို့ရပ်ကွက်ထဲ အုံးအုံးကျွတ်ကျွတ်နဲ့ပေါ့။ လမ်းတိုင်း၊ လမ်းတိုင်းမှာ နိဗ္ဗာန်စျေးပွဲတော်တွေနဲ့ စည်ကားနေခဲ့တယ်။ အခုတော့ အခြေအနေ အကြောင်းကြောင်းတွေကြောင့် အဲဒါတွေကို မကျင်းပနိုင်ကြတော့ပါဘူး။

ကျွန်တော် အလုပ်ကနေ ပြန်လာတဲ့အချိန်မှာ နည်းနည်းမှောင်နေပြီ။ လမ်းဘေးဝဲယာ တစ်ဘက်တစ်ချက်မှာ ကလေးတွေ၊ လူကြီးတွေ စီတန်းနေတာကို သတိထားမိတယ်။ သူတို့ကို ကြည့်ရတာ တစ်စုံတစ်ခုကို စောင့်စားနေသလိုပါပဲ။ ကားပေါ်မှာပါလာတဲ့တစ်ယောက်က အခုလိုပြောလိုက်တယ်။

“ပံ့သကူပစ်တာကို စောင့်နေကြတာ ...” တဲ့။

သူ့ရဲ့ စကားထဲမှာလည်း တစ်ခုခုကို စိုးရိမ်နေသလိုပါပဲ။ ကျွန်တော်လည်း တစ်မျိုးကြီး ခံစားလိုက်မိတယ်။ နောက်တစ်နေ့မှာတော့ သတင်းဆိုးတစ်ခုကို ကြားလိုက်ရတယ်။ အဲဒီသတင်းနဲ့ ပတ်သက်ပြီး Ko Tun Tun Aung ဆိုတဲ့ လူက အခုလို ရေးသားထားတာကို ဖတ်ရှုလိုက်ရတယ်။

သူ ဝမ်းသာသွားတယ်

ပံ့သကူည ကားပေါ်က ပစ်ချတဲ့ အထုပ်တစ်ထုပ်

အများကြီး မမျှော်လင့်ဘူး။

လိုချင်တာ

ဆန်လေးတစ်ပြည်လား

ကြက်ဥဆိုလည်း နည်းနည်းပေါ့။

ဆီလေး ကြက်သွန်လောက်လေးဆို အရမ််းပျော်မိမှာလေ။

မျှော်လင့်ချက် ဝင်းလက်သွားတဲ့ မျက်နှာနဲ့ သူပြေးကောက်။

လူ့မိစ္ဆာ ဗုံးလက်ချက်ကြောင့်

သူ့ဝမ်းစာ မျှော်လင့်ချက်အထုပ်

သူ့ဇီဝိန်ကို အပြီးနုတ်ယူခဲ့ပြီ။

မနက်ဖြန် အသက်ဆက်ရဖို့

ရှာဖွေထားတဲ့

တစ်ထောင်တန်လေး

ကျောခိုင်းထားရစ်လို့

မပြန်လမ်းကို သူသွားရရှာပြီ။

အဲဒါကတော့ ပံ့သကူအမှတ်နဲ့ ကောက်လိုက်မိတဲ့ အထုပ်ကြောင့် ဒုက္ခရောက်သွားရရှာတဲ့ ဆိုက်ကားသမားတစ်ယောက်အကြောင်းပါပဲ။

ကိုဗစ်တတိယလှိုင်း အပြင်းအထန် တိုက်ခတ်ခဲ့တုန်းက ထင်ပါရဲ့။ လူမှုကွန်ရက် စာမျက်နှာမှာ ပုံတစ်ပုံတက်လာတာကို သတိထားလိုက်မိတယ်။ အဲဒါက ညကြီးမင်းကြီး လမ်းဘေးဓာတ်တိုင်အောက်မှာ ကျီးကန်းတွေ အစာရှာနေတဲ့ပုံပါ။ အဲဒါဟာ မကောင်းတဲ့ အတိတ်နိမိတ်လို့လည်း တချို့က ဆိုကြတယ်။

ကျီးကန်းတွေနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာတွေလည်း အများကြီးရှိပါတယ်။ ကျီးကန်းတွေမှာ မြို့ကျီးကန်းနဲ့ တောကျီးကန်းဆိုပြီး နှစ်မျိုးနှစ်စားရှိသတဲ့။ ကျီးတစ်ကောင်သေရင် ကျီးကန်းတွေ ၀ိုင်းလာပြီး အော်ဟစ်တတ်တယ်။ ကျီးကန်းတွေဟာ အမွေးအတောင် မည်းနက်ပြီး အသံက မသာမယာရှိလို့ လူတွေရဲ့နှစ်သက်မှုကို သိပ်ပြီးတော့ မခံစားရတဲ့ ငှက်လည်းဖြစ်တယ်။ သူတို့တတွေ အုပ်စုဖွဲ့နေထိုင်တဲ့နေရာကို တခြားအန္တရာယ်ရှိတဲ့ စွန်၊ ဇီးကွက်၊ သိန်းငှက်ဆိုတဲ့ အကောင်တွေ ရောက်လာရင် ၀ိုင်းဝန်းထိုးဆိတ် မောင်းထုတ်လေ့ရှိတယ်။

ကျီးကန်းတွေဆီကနေ လူတွေအတုယူသင့်တဲ့ အချက်တွေရှိသတဲ့။ ကျီးတွေဟာ မေထုန်မှုကို လျှို့ဝှက်သတဲ့။ အရှက်အကြောက်ရှိသတဲ့။ ညီညွတ်ကြသတဲ့။ သတိရှိတဲ့သတ္တဝါတွေဖြစ်သတဲ့။ သစ်ကိုင်းတစ်ကိုင်းထဲမှာ မနားတတ်ဘူး။ အမြဲလှုပ်ရှားနေတတ်လို့ ငှက်ပစ်တဲ့သူတွေ ပစ်ခတ်ဖို့ ခက်ခဲသတဲ့။ ကျီးကန်းတွေဟာ အမြဲဖျတ်ဖျတ်လတ်လတ်ရှိတဲ့ သတ္တဝါတွေဖြစ်တယ်လို့ ဆိုတယ်။

ကျီးကန်းတွေနဲ့ပတ်သက်တဲ့ အတိတ်နိမိတ်တွေကလည်း အမျိုးမျိုးပါပဲ။ ကောင်းတာလည်းရှိ၊ မကောင်းတာလည်းရှိပေါ့၊ ကျီးသာတိုင်းလည်း ကောင်းတာမဟုတ်ဘူးဆိုပဲ။ ကျီးသာတဲ့ အရပ်ဒေသလည်း မူတည်သေးတယ်။ အဲဒါတွေကို အသေးစိတ်ဖော်ပြရင် စာရှည်သွားမှာစိုးလို့ မဖော်ပြတော့ပါဘူး။ ကျွန်တော်လေ့လာမိသလောက်ကတော့ ကျီးတွေနဲ့ပတ်သက်တဲ့ အတိတ်နိမိတ်တွေက ကောင်းတာနည်းနေတယ်။ ကျီးပြိုရင် မကောင်းဘူး။ ညဘက် ကျီးတွေအော်မြည်ရင် မကောင်းဘူးဆိုတာတော့ လူအတော်များများ သိကြတယ်။

ကျီးကန်းတွေနဲ့ ပတ်သက်တဲ့  မြန်မာဝေါဟာရတွေလည်းရှိသေးရဲ့။ အဲဒီအထဲကမှ      “ကျီးကန်းတောင်းမှောက်” ဆိုတဲ့ ဝေါဟာရနဲ့ “ကျီးလန့်စာစား” ဆိုတဲ့ ဝေါဟာရနှစ်ခုကို လေ့လာမိသလောက် ဖောက်သည်ချချင်တယ်။

“ကျီးကန်းတောင်းမှောက်” ဆိုတဲ့ ဝေါဟာရကို မြန်မာစာအဖွဲ့က ထုတ်ဝေခဲ့တဲ့ မြန်မာ-အင်္ဂလိပ် အဘိဓာန်မှာ အောက်ပါအတိုင်း ဖွင့်ဆိုထားတာကိုတွေ့ရတယ်။

ကျီးကန်းတောင်းမှောက် - in a frightened and bewildered manner

အဲဒီတော့ “ကျီးကန်းတောင်းမှောက်” ဆိုတာက ထိတ်လန့်ပြီး စိတ်ရှုပ်ထွေးနေတဲ့ အမူအရာပေါ့”

“ကျီးလန့်စာစား” ဆိုတာကိုတော့ ယခုလို ဖွင့်ဆိုထားတာကို တွေ့ရပြန်တယ်။

ကျီးလန့်စာစား- in a state of alarm

အဲဒီတော့ ကျီးလန့်စာစားဆိုတာကလည်း ထိတ်လန့်နေရတဲ့ အခြေအနေပဲ ဖြစ်တယ်။

အဲဒီဝေါဟာရတွေကို ကျွန်တော်စိတ်ဝင်စားမိတာက အထက်က ဖော်ပြခဲ့တဲ့ဖြစ်ရပ်တွေကြောင့်ပါပဲ။ ကျွန်တော်တို့ လက်ရှိတွေ့ကြုံနေရတာတွေက အဲဒီလိုများဖြစ်နေသလားလို့ တွေးတောမိပါတော့တယ်။

Most Read

Most Recent