ဈေးကွက်လိုအပ်ချက်နှင့်အညီ ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မွေးမြူရေးဇုန် ၂၈ ဇုန် ထူထောင်ထား

ဈေးကွက်လိုအပ်ချက်နှင့်အညီ ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မွေးမြူရေးဇုန် ၂၈ ဇုန် ထူထောင်ထား
မန္တလေးပဲဈေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ်နေမှုကို ၂၀၁၉ ခုနှစ်အတွင်းက တွေ့ရစဉ်
မန္တလေးပဲဈေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ်နေမှုကို ၂၀၁၉ ခုနှစ်အတွင်းက တွေ့ရစဉ်
Published 29 November 2021

မွေးမြူရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စျေးကွက်လိုအပ်ချက်နှင့်အညီ ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မွေးမြူရေးဇုန် ၂၈ ဇုန် ထူထောင်ထားရှိပြီး အဆိုပါဇုန်များ၏ လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို လေ့လာဆန်းစစ်၍ တိုးတက်မှုအခြေအနေများ သုံးသပ်ပြီး အားနည်းချက်အားသာချက်များ ဖော်ထုတ်ရန် လိုအပ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။

ပြည်တွင်းစားသုံးမှုတွင် ကျန်းမာရေးနှင့် ညီညွတ်သောအသား၊ ငါး၊ ကြက်ဥများ၊ နို့နှင့် နို့ထွက်ပစ္စည်းများ မွေးမြူရေးထွက်ကုန်များ လတ်ဆတ်ဖူလုံစွာ စားသုံးနိုင်ရေး၊ ပြည်ပပို့ကုန်တိုးမြှင့်ရေး၊ ပြည်သူများ၏ ဝင်ငွေတိုးတက်ရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေး၊ တိုင်းဒေသကြီး၊ ပြည်နယ်များအကြား ဆင်းရဲချမ်းသာကွာဟမှု လျှော့ချရေးတို့အတွက် အရေးပါသော အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေသည့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ပြောင်းလဲလျက်ရှိသော ခေတ်ကာလနှင့် လိုက်လျောညီထွေဖြစ်စေရန်ဌာန ဖွဲ့စည်းပုံများ ပြုပြင်ဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့  မွေးမြူရေး သုတေသနဌာနဦးစီးဌာနကို တိုးချဲ့ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း မွေးမြူရေးစွမ်းအားများကို တိုးတက်လာအောင် ဆောင်ရွက်နိုင်မည်ဆိုပါက မကြာမီကာလအတွင်း ရေထွက်ကုန် တင်ပို့မှုသည် ဒေါ်လာတစ်ဘီလျံအထိ တိုးတက်ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မွေးမြူရေးလုပ်ငန်းများမှ တန်ချိန် ၁၁၂၁ ဒသမ ၃၅ တန်၊ အင်းလုပ်ငန်းမှ ၃၃၉ ဒသမ ၃၆ တန်၊ ဘုံငါးဖမ်းလုပ်ငန်းမှ ၁၂၆၀ ဒသမ ၆၉ တန်နှင့် ရေငန်ငါးဖမ်းလုပ်ငန်းမှ ၃၂၄၉ ဒသမ ၇၀ တန် ထုတ်လုပ်ထားသည်။

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ခြောက်လအတွင်း မွေးမြူရေးလုပ်ငန်းများမှ တန်ချိန် ၄၉၅ ဒသမ ၄၉ တန်၊ အင်းလုပ်ငန်းမှ ၁၂၂ ဒသမ ၇၄ တန်၊ ဘုံငါးဖမ်းလုပ်ငန်းမှ ၅၁၃ ဒသမ ၄၂ တန်နှင့် ရေငန်ငါးဖမ်းလုပ်ငန်း မှ ၁၄၄၉ ဒသမ ၈၀ တန်အထိ ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်းက မွေးမြူရေးလုပ်ငန်းများမှ တန်ချိန် ၁၁၃၀ ဒသမ ၃၅ တန်၊ အင်းလုပ်ငန်းမှ ၃၄၁ ဒသမ ၀၂ တန်၊ဘုံငါးဖမ်းလုပ်ငန်းမှ ၁၂၅၃  ဒသမ ၇၉၅ တန်နှင့် ရေငန်ငါးဖမ်းလုပ်ငန်းမှ ၃၁၅၂  ဒသမ ၁၄ တန်အထိ ထုတ်လုပ်ထားခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေတဲ့ကဏ္ဍများအနက် လယ်ယာစိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးရေးနဲ့ ရေလုပ်ငန်းကဏ္ဍတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုက နှစ်အလိုက် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုရဲ့ နှစ်ရာခိုင်နှုန်းအောက် ရောက်ရှိနေတာကို ကျွန်တော်တို့ဌာနရဲ့စာရင်းဇယားများအရ သိရပါတယ်။ ဒါကြောင့် နိုင်ငံရဲ့အရေးပါတဲ့ကဏ္ဍဖြစ်တဲ့ စိုက်ပျိုမွေးမြူရေးကဏ္ဍကို ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်စေရေးနည်းလမ်းများ ရှာဖွေပြုပြင်ပြောင်းလဲပြုလုပ်ခြင်းဖြင့် ၎င်းကဏ္ဍတွေအတွက် ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားထားသည်။

မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နှစ်အလိုက်ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့သည့် အခြေအနေကို လေ့လာကြည့်ပါက ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၀ ဒသမ ၆၅၀ သန်းသာ ရှိသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်းက လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဒေါ်လာ ၁၃၄ ဒသမ ၄၈၅ သန်း ဝင်ရောက်ခဲ့သော်လည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာတွင်မူ လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု မဝင်ရောက်ခဲ့ပေ။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၇ ဒသမ ၁ သန်းကျော်၊၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၉ ဒသမ ၆၆ သန်းကျော်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၂၀ ဒသမ ၂ သန်းကျော်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၉ ဒသမ ၆ သန်းကျော် ဝင်ရောက်ခဲ့ပြီး၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင်မူ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်း မရှိခဲ့ပေ။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းဒေါ်လာ ၇၇ ဒသမ ၇ ဘီလျံကျော်အထိ ဝင်ရောက်ခဲ့ပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဒေါ်လာ ၃၉၅ သန်းကျော် ဝင်ရောက်ခဲ့ပြီး စုစုပေါင်းဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၀ ဒသမ ၅၁ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

Most Read

Most Recent