မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် ၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲယှဉ်ပြိုင်မည့် အပြီးသတ်လူစာရင်းကို ယခုရက်ပိုင်းအတွင်း ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။
နည်းပြချုပ် အန်တွမ်နီဟေးသည် ဆူဇူကီးဖလားပြိုင်ပွဲအတွက် ပဏာမကစားသမား ၂၅ ဦးရွေးချယ်ထားပြီး ယင်းကစားသမားများအနက် မလေးရှားကလပ် ဆီလန်ဂေါအသင်းတွင် သွားရောက်ကစားနေသည့် တိုက်စစ်ကစားသမား ဟိန်းထက် အောင်တစ်ဦးတည်းသာ စင်ကာပူနိုင်ငံသို့ရောက်ရှိမှ လာရောက်ပူးပေါင်းမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်း ပဏာမလူစာရင်းတွင် ပါဝင်သူများအနက် အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ ယှဉ်ပြိုင်ခဲ့သည့် ယူ-၂၃ အသင်းတွင် ပါဝင်ခဲ့သူများမှာ ခြေစစ်ပွဲအပြီး နိုဝင်ဘာပထမပတ်တွင် လာရောက်ပူးပေါင်းခဲ့သလို မလေးရှားကလပ် ဆရီပါဟန်းအသင်းတွင် ကစားနေသည့် အောင်ကောင်းမာန်မှာ နိုဝင်ဘာ ၁၃ ရက်တွင် တူရကီနိုင်ငံသို့ သွားရောက်ပူးပေါင်းခဲ့သည်။
ဟိန်းထက်အောင်ကစားနေသည့် ဆီလန်ဂေါအသင်းမှာ မလေးရှားဖလားပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့သဖြင့် မြန်မာ့လက်ရွေးစင်အသင်း စင်ကာပူနိုင်ငံသို့ရောက်ရှိမှ ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် ပဏာမကစားသမား ၂၅ ဦးရွေးချယ်ထားသဖြင့် အပြီးသတ်ကစားသမား ၂၃ ဦးရွေးချယ်ရန် နှစ်ဦးသာလျှော့ချရမည်ဖြစ်သည်။
လက်ရှိရွေးချယ်ထားသည့် လူစာရင်းတွင် ဂိုးသမား သုံးဦး၊ နောက်ခံလူ ခုနစ်ဦး၊ ကွင်းလယ်ကစားသမား ၁၁ ဦးနှင့် တိုက်စစ်ကစားသမား လေးဦး ပါဝင်နေသည်။
ထို့ကြောင့် အပြီးသတ်ရွေးချယ်ရာတွင် ကွင်းလယ်ကစားသမားများအနက် နှစ်ဦးလျှော့ချခံရဖွယ်ရှိနေပြီး အန်တွမ်နီဟေးအနေဖြင့် တူရကီနိုင်ငံမှ စင်ကာပူနိုင်ငံသို့ မထွက်ခွာမီ သို့မဟုတ် စင်ကာပူနိုင်ငံသို့ ရောက်ရှိမှ အပြီးသတ်လူစာရင်း ထုတ်ပြန်ဖွယ်ရှိနေသည်။
အန်တွမ်နီဟေးရွေးချယ်ထားသည့် ပဏာမလူစာရင်းတွင် စီနီယာကစားသမားများအပြင် လူငယ်ကစားသမားများ၊ မျက်နှာသစ်ကစားသမားများလည်း ပါဝင်လာပြီး ကစားသမားသစ်အချို့မှာ လက်ရွေးစင်အသင်းနှင့်အတူ ဆူဇူကီးဖလားပြိုင်ပွဲတွင် ပထမဆုံး ကစားခွင့်ရဖွယ်ရှိနေသည်။
လက်ရှိ ရွေးချယ်ထားသည့် လူစာရင်းတွင် နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲဝင်အသင်းမှ ကစားသမားခုနစ်ဦးသာ ပြန်လည်ပါဝင်လာပြီး ကစားသမားသစ်အများ စု ရွေးချယ်ခံထားရသည်။
၂၀၁၈ ဆူဇူကီးပြိုင်ပွဲဝင်အသင်းမှ ဒေးဗစ်ဒန်း၊ လှိုင်းဘိုဘို၊ မောင်မောင်လွင်၊ ရန်နိုင်ဦး၊ လွင်မိုးအောင်၊ ထက်ဖြိုးဝေနှင့် ဝင်းမိုးကျော်တို့ ပြန်လည်ပါဝင်လာခြင်းဖြစ်သည်။
၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ဒီဇင်ဘာ ၅ ရက်မှ ဇန်နဝါရီ ၁ ရက်အထိ စင်ကာပူနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အုပ်စု (A) တွင် ထိုင်း၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တီမော၊ အုပ်စု (B) တွင် ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် လာအိုအသင်းတို့ ပါဝင်နေသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲကျင်းပမည့် စင်ကာပူနိုင်ငံသို့ နိုဝင်ဘာ ၃၀ ရက်တွင် ရောက်ရှိမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စုပထမပွဲ အဖြစ် ဒီဇင်ဘာ ၅ ရက်တွင် အိမ်ရှင် စင်ကာပူအသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။