■ ရန်းနစ်အား ရာသီကုန်အထိသာ တာဝန်ပေးမည်ဟုဆိုသော်လည်း သူဆန္ဒရှိပါက ဆက်လက်ကိုင်တွယ်ရန် မန်ယူအသင်းခွင့်ပြုမည်ဟု ဗြိတိန်မီဒီယာများ ဖော်ပြ

■ ရန်းနစ်အား ရာသီကုန်အထိသာ တာဝန်ပေးမည်ဟုဆိုသော်လည်း သူဆန္ဒရှိပါက ဆက်လက်ကိုင်တွယ်ရန် မန်ယူအသင်းခွင့်ပြုမည်ဟု ဗြိတိန်မီဒီယာများ ဖော်ပြ
Published 29 November 2021

မန်ယူအသင်းသည် ဂျာမန်လူမျိုးနည်းပြ ရန်းနစ်အား ကာလတိုစာချုပ်ချုပ်ဆိုကာ ရာသီကုန်အထိသာ တာဝန်ပေးမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အကယ်၍ ၎င်းဆန္ဒရှိခဲ့ပါက အသင်းကို ဆက်လက်ကိုင်တွယ်နိုင်သည့်အခွင့်အရေးရှိကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။ 

မန်ယူအသင်းသည် နော်ဝေလူမျိုးနည်းပြ ဆိုးလ်ရှားအား ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် သူ၏လက်ထောက်နည်းပြဖြစ်သူ ကာရစ်ကို ယာယီတာဝန်ပေးထားပြီး ရန်းနစ်အား ရာသီကုန်အထိတာဝန်ပေးရန် စီစဉ်ထားခြင်းဖြစ်သည်။

ရန်းနစ်အနေဖြင့် ရာသီကုန်တွင် မန်ယူအသင်း၏နည်းစနစ်အကြံပေးအဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး မန်ယူအသင်းတာဝန်ရှိသူများသည် အသင်းကို ရေရှည်တာဝန်ပေးမည့်နည်းပြတစ်ဦး ထပ်မံခန့်အပ်မည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။ 

ယခု တနင်္ဂနွေနေ့ထုတ် The Sun သတင်းစာ၏ဖော်ပြချက်အရ မန်ယူအသင်းသည် ရန်းနစ်နှင့်ချုပ်ဆိုသောစာချုပ်တွင် အသင်းအား သူ ဆက်လက်ကိုင်တွယ်လိုပါက ကိုင်တွယ်ခွင့်ရရှိမည့်အချက်ကို ထည့်သွင်းချုပ်ဆိုရန် ဆွေးနွေးနေကြောင်း သိရှိရသည်။ 

မန်ယူအသင်းသည် ရန်းနစ်၏စာချုပ်ကိစ္စအတွက် ဆွေးနွေးနေပြီး အလုပ်လုပ်ခွင့်ပါမစ်ရရှိရန်လည်း ကြိုးပမ်းနေဆဲဖြစ်၍ ပြီးခဲ့သည့် နိုဝင်ဘာ (၂၈)ရက်နေ့ (တနင်္ဂနွေနေ့) ညပိုင်းအထိ ရန်းနစ်အား နည်းပြအဖြစ်ခန့်အပ်မည်ဆိုသည့်သတင်းကို တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေ။

သို့သော် ဥရောပတစ်ဝန်းရှိမီဒီယာများကမူ ရန်းနစ်သည် မန်ယူအသင်းအား ကိုင်တွယ်ရန် သဘောတူညီမှုရရှိပြီးဖြစ်ပြီး စာချုပ်ကိစ္စအတွက်သာ ဆက်လက်ဆွေးနွေးနေကြောင်း ဖော်ပြခဲ့ကြသည်။ 

The Sun သတင်းစာ၏ ဖော်ပြချက်အရ မန်ယူအသင်းအား သူကိုင်တွယ်စဉ်ကာလအတွင်း အောင်မြင်မှုရရှိပါက ဆုကြေးငွေ မည်ရွေ့မည်မျှပေးမည်ဆိုသည့်အချက်နှင့်ပတ်သက်၍ ဆွေးနွေးနေဆဲဖြစ်ပြီး လက်ရှိအချိန်အထိ ယင်းအချက်အတွက် သဘောတူညီမှုမရသေးကြောင်း သိရှိရသည်။ 

ရန်းနစ်သည် ရုရှားကလပ် လိုကိုမိုးတစ်မော်စကိုအသင်းတွင် ဘောလုံးဒါရိုက်တာအဖြစ် ဆောင်ရွက်နေသူဖြစ်ပြီး ယင်းအသင်းသို့ မရောက်မီက စတုဂတ်၊ ဟန်နိုဗာ၊ ရှော်လ် ကေး၊ ဟော်ဖန်ဟင်မ်၊ လိုက်ပ်ဇစ်အစရှိသော ဂျာမန်ကလပ်အသင်းများစွာကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်သည်။ 

ရန်းနစ်သည် ယခုနှစ်ဇွန်လတွင် လိုကိုမိုးတစ်မော်စကိုအသင်း နှင့် (၃)နှစ်စာချုပ် ချုပ်ဆိုထားခြင်းဖြစ်သည်။

Most Read

Most Recent