မြန်မာ့စီးပွားရေး နာလန်ထူအောင် ပြုလုပ်ရာတွင် အရေးပါသည့် တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေး ပုံမှန်ပြန်စနိုင်မှာလား

မြန်မာ့စီးပွားရေး နာလန်ထူအောင် ပြုလုပ်ရာတွင် အရေးပါသည့် တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေး ပုံမှန်ပြန်စနိုင်မှာလား
ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ် စတင်စမ်းသပ်ဖွင့်လှစ်သည့် နိုဝင်ဘာ ၂၆ ရက်က မြင်ကွင်း (ဓာတ်ပုံ-ပြည့်စုံ)
ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ် စတင်စမ်းသပ်ဖွင့်လှစ်သည့် နိုဝင်ဘာ ၂၆ ရက်က မြင်ကွင်း (ဓာတ်ပုံ-ပြည့်စုံ)
Published 28 November 2021
နီလာ၊ ပြည့်စုံ (မူဆယ်)

နှစ်အလိုက် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု အခြေအနေအရ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရာခိုင်နှုန်း ၇၀ နီးပါးနှင့် နယ်စပ်ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၃၀ ကျော် ဆောင်ရွက်နေခြင်း ဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ၆၆ ရာခိုင်နှုန်းကျော်နှင့်  နယ်စပ်ကုန်သွယ်မှုမှ  ၃၃ ရာခိုင်နှုန်းကျော် ပါဝင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

နယ်စပ်ကုန်သွယ်မှုပမာဏ စုစုပေါင်း၏ ၄၅ ရာခိုင်နှုန်းခန့်ကို မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာ-တရုတ်နယ်စပ်တွင် မူဆယ်နယ်စပ်သည် အကြီးဆုံးကုန်သွယ်ရေးစခန်း တစ်ခုဖြစ်ပြီး ကြီးမားသည့် စျေးကွက်ရှိသည့် တရုတ်နိုင်ငံသို့ နယ်စပ်မှတစ်ဆင့် ပို့ကုန်အများဆုံး တင်ပို့နေသည့် ကုန်သွယ်ရေးစခန်းတစ်ခု ဖြစ်သည်။ အဓိကအားဖြင့် ဆန်၊ ပဲ၊ ပြောင်း စသည့် လယ်ယာထွက်ကုန်များ၊ သစ်သီးဝလံများ စသည်တို့ကို တင်ပို့နေခြင်းဖြစ်သည်။

မူဆယ်နယ်စပ်တွင် ယခင်က တစ်ရက်လျှင် ပုံမှန်အားဖြင့် ပျှမ်းမျှကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၅ သန်းနီးပါး ရှိခဲ့သော်လည်း COVID-19 ကြောင့် တစ်နေ့လျှင် ကုန်သွယ်မှု ဒေါ်လာငါးသန်းနှင့် ခြောက်သန်းကြားသာ ကုန်သွယ်မှု ရှိတော့သည်။

ယခင်က နေ့စဉ်ကုန်သွယ်မှုအနေဖြင့် ကုန်တင်ယာဉ်အစီးရေ ထောင်ဂဏန်းအထိ ကုန်သွယ်မှု ပြုလုပ်ခဲ့ရာမှ COVID-19 ကာလတွင် ၁၀၀ မှ ၂၀၀ ကြားသာ ဝင်ထွက်နိုင်သည့် အခြေအနေ ရောက်ရှိသွားသည်။

ကုန်တင်ယာဉ်များ လမ်းပိုင်းတွင် လချီစောင့်ဆိုင်းရသည့်ဘဝများ ရောက်ကုန်သည်။ ပုပ်သိုးလွယ်သော ကုန်စိမ်း၊ သစ်သီး၊ ရေထွက်ကုန်များ၊ ကုန်ထုတ်လမ်းကြောင်း ပိတ်ဆို့ကာ ပျက်စီးမှုများပြားလာပြီး တောင်သူများ၊ လုပ်ငန်းရှင်များ၏ လူမှုစီးပွားဘဝ ပိုမိုထိခိုက်လာခဲ့သည်။

COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားလာသည့် ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှစ၍ တရုတ်ဘက်မှ နယ်စပ်ကုန်သွယ်ရေးကို တဖြည်းဖြည်း တင်းကျပ်လာခဲ့သည်။ နယ်စပ်ကုန်သွယ်မှု ရပ်ဆိုင်းလုနီးပါး အခြေအနေများအထိ ဖြစ်ပေါ်ခဲ့သဖြင့် ကုန်သည်များနှင့် တောင်သူများ အထိနာနေခဲ့သည်မှာ တစ်နှစ်ခွဲကျော် နှစ်နှစ်နီးပါးရှိလာပြီဖြစ်သည်။

တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးကို ဆောလျင်စွာ ပြန်လည်ဖော်ဆောင်ပြီး နှစ်နိုင်ငံစီးပွားရေး တိုးတက်မှု ကောင်းမွန်လာစေရေး ဖော်ဆောင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသံမှူးကြီး Ms.Li Xiao-yan က ပြောကြားသည်။

နိုဝင်ဘာ ၂၃ ရက်က ပြုလုပ်သည့် တရုတ်နိုင်ငံ ယူနန် -မြန်မာနိုင်ငံ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်း အွန်လိုင်းဆွေးနွေးပွဲတွင် ၎င်းကအထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍ ၎င်းက ယူနန်ပြည်နယ်အနေဖြင့် မြန်မာနိုင်ငံနှင့် ကပ်ရောဂါ တိုက်ဖျက်ရေးပူးပေါင်း ဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်သွားပြီး တရုတ်-မြန်မာ ပြည်သူ့ကျန်းမာရေးနှင့် အကျိုးစီးပွားများကို အတူတကွ ထိန်းသိမ်းစောင့်ရှောက်သွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာ နယ်စပ်ဒေသ ပြည်သူနှင့်ကုန်ပစ္စည်းများ သွားလာမှု ဆောလျင်စွာ ပြန်လည်ဖော်ဆောင်ရန်ကူညီပေးပြီး နှစ်နိုင်ငံစီးပွားရေး တိုးတက်မှုနှင့် ပြည်သူ့ဘဝကောင်းမွန်လာစေရေးကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာနှစ်ဦးနှစ်ဖက် အတူကြိုးပမ်းမှုဖြင့် တရုတ်-မြန်မာ ဝမ်တိန်နယ်စပ်ဂိတ် မန်မံလမ်းကြောင်းတွင် ယမန်နေ့မှစ၍ ကားများပြန်လည်ဖြတ်သန်းနေပြီဖြစ်ပြီး မကြာမီကာလတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို စနစ်တကျပြန်လည် ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်ရကြောင်း ပြောကြားခဲ့သည်။

ယူနန်ပြည်နယ်အနေဖြင့် မြန်မာနိုင်ငံနှင့် ချိတ်ဆက်မှုကို မြှင့်တင်ပြီး နယ်စပ်ကပ်ရောဂါ ပူးတွဲကာကွယ်ထိန်းချုပ်ယန္တရား အခန်းကဏ္ဍကို အပြည့်အဝအသုံးချကာ ၁၀၅ မိုင် ကိုဗစ်ကုသရေးစင်တာကို ကောင်းမွန်စွာအသုံးပြု၍  ကပ်ရောဂါ အချက်အလက် အတူမျှဝေခြင်းနှင့် နယ်စပ်စီမံထိန်းချုပ်မှုကို မြှင့်တင်ပြီး နယ်စပ်ကုန်သွယ်ရေး ဆောလျင်စွာ ပြန်လည်ဖော်ဆောင်ရေးအတွက် အပြုသဘောဆောင်သည့် အခြေအနေဖန်တီး ပေးသွားမည်ဖြစ်ကြောင်း တရုတ်သံရုံးမှ သံမှူးကြီး Ms. Li Xiaoyan က ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မြန်မာ-တရုတ်နှစ်နိုင်ငံ ယာယီကုန်သွယ်မှု ပြုလုပ်ရာ ကျင်ဆန်းကျော့ဂိတ်ပေါက်ကို ကွန်တိန်နာစနစ်နှင့် ရှန်တိန်အစားထိုး ယာဉ်မောင်းစနစ်ဖြင့် နိုဝင်ဘာ၂၆ ရက်တွင် စတင်စမ်းသပ်ဖွင့်လှစ်ခဲ့သည်။

ကျင်ဆန်းကျော့ဂိတ်ပေါက်ကို ကွန်တိန်နာစနစ်နှင့် ရှန်တိန်အစားထိုးယာဉ်မောင်းစနစ်ဖြင့် စမ်းသပ်ဖွင့်လှစ်မည့်အပေါ် ကုန်ကျစရိတ်များ အဆမတန်များပြားမှုရှိနေခြင်းက တောင်သူလယ်သမားနှင့်  စားသုံးသူများအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်ကြောင်း ကုန်သည်လုပ်ငန်းရှင်များထံက သိရသည်။

“အခုကုန်သွယ်မှုကစတင်ပြီး စမ်းသပ်နေတာ ဖြစ်သေးတယ်။ တရားဝင်ကုန်သွယ်မှုအတွက် စမ်းသပ်နေတာ ဖြစ်သေးတဲ့အတွက် အဆင်ပြေချောမွေ့အောင် ကျွန်တော်တို့ဘက်ကနေပြီး ပံ့ပိုးနိုင်တဲ့ အတိုင်းအတာ ကျွန်တော်တို့ ပံ့ပိုးပေးမယ်။ ဒီလုပ်ငန်းရှင်တွေ သက်ဆိုင်ရာ ကုမ္ပဏီတွေ တင်ပြထားတဲ့ စရိတ်စကတွေက များနေတယ်။ များနေတဲ့အပေါ်မှာ ကုန်သည်လုပ်ငန်းရှင်တွေ ဝန်ထုပ်ဝန်ပိုးဖြစ်မယ်။ တောင်သူတွေလည်း ဝန်ထုပ်ဝန်ပိုးဖြစ်မယ် အခြေခံလူတန်းစားတွေအတွက်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်မယ်။ ဒါတွေကိုတော့  မဖြစ်စေချင်ဘူးဆိုတာကို ပြောခဲ့တယ်။ ဒါတွေကိုတော့ ကုမ္ပဏီတွေကနေပြီး အသက်သာဆုံး စျေးနှုန်းနဲ့ညှိနှိုင်းဆောင်ရွက်ပေးဖို့ အစည်းအဝေးမှာတရားဝင် ကျွန်တော်တို့ ဥက္ကဋ္ဌကိုယ်တိုင်ရော ကျွန်တော်တို့ကိုယ်တိုင်ရော ဆွေးနွေးခဲ့တာတွေ ရှိတယ်” ဟု မူဆယ်နမ်းခမ်း ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ ဦးမင်းနိုင်စိုးက ပြောကြားသည်။

အဆိုပါ ကျင်ဆန်းကျော့ဂိတ်ကို စမ်းသပ်ကာလဖြင့် နိုဝင်ဘာ ၂၆ ရက်တွင် ကွန်တိန်နာစနစ်နှင့် ရှန်တိန်ယာဉ်မောင်းစနစ်ဖြင့် ဖွင့်လှစ်ခဲ့ရာ  ခန့်မှန်းကုန်ကျစရိတ်များမှာ ၁၀၅ မိုင်အဝင် ကုန်ရပ်နားကွင်းမှ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အထိ ရှန်တိန်ယာဉ်မောင်းခအနေဖြင့် ကျပ် ၄၅၀၀၀၊ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကျင်ဆန်းကျော့အထိ ခြောက်ဘီးယာဉ် ကျပ် ၈၀၀၀၀၊ ၁၂ ဘီးယာဉ် ကျပ် ၉၀၀၀၀၊ တွဲကား ၂၂ ဘီးယာဉ် ကျပ် ၁၀၀၀၀၀၊ ရွှေလွယ်အင်ကွင်းစရိတ် ကုန်ပြောင်းလုပ်သားခ  တစ်တန်ကျပ် ၂၀၀၀၊ ‌ရွှေလွယ်အင်ကွင်းအတွင်း ဆေးဖျန်းခ ရှန်တိန်ယာဉ်မောင်းခနှင့် ပိုးစစ်ဆေးခ ကျပ် ၆၀၀၀၀၊ ကွန်တိန်နာ Box ငှားရမ်းခ တစ်ရက်လျှင် ယွမ် ၂၀၀ မြန်မာကျပ်ငွေ ကျပ် ၆၀၀၀၀ ၊ ကွန်တိန်နာ Box ကရိန်းတင်ချခ ယွမ်၂၀၀ မြန်မာကျပ်ငွေကျပ် ၆၀၀၀၀၊ ကွန်တိန်နာ Box တင်ကားခ ယွမ် ၃၈၀၀ မြန်မာကျပ် ငွေ ၁၁၄၀၀၀၀ ကျပ်၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တစ်ယောက်လျှင် ပိုးစစ်ဆေးခ ကျပ် ၁၀၀၀၀ စုစုပေါင်း မြန်မာဘက်ခြမ်း၌ ကုန်ကျငွေမှာ ခန့်မှန်းကျပ် ၁၄၆၅၀၀၀ ကုန်ကျမည်ဖြစ်ပြီး တရုတ်ဘက်ခြမ်း ကုန်ကျမှု ထပ်မံပေါင်းစုပါက ကုန်ကျငွေမှာ သိန်း ၂၀ နီးပါးရှိနေခြင်းအပေါ် ကုန်သည်လုပ်ငန်းရှင်များက ဝေဖန်ထောက်ပြမှုမြင့်တက်နေခြင်း ဖြစ်သည်။

“စရိတ်တွေကများနေတယ် ။လျှော့နိုင်သလောက်လျှော့ပေးဖို့ အခုစရိတ်တွေက နောက်ဆုံး တောင်သူလယ်သမားတွေအထိ၊ စားသုံးသူတွေအပေါ်မှာ အဆင့်ဆင့်ပိသွားတာပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် စရိတ်တွေများနေတဲ့အပေါ်မှာ ကုမ္ပဏီရဲ့ ပစ္စည်းစဝင်တာကအစ ပစ္စည်းခြေတဲ့အထိ တရုတ်ပတ်ကွမ်းကအစ ဖြည်းဖြည်းချင်း လက်ဝါးကြီးအုပ်သွားမယ်လို့မြင်တယ်။ ရှင်းရှင်းပြောရရင် နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်ကြီးကို ဂိတ်ပေါက်ပိတ်ဖွင့်တော့မှာကို မကိုင်ရုံတစ်မယ်ပဲ။ သူတိုရဲ့လက်ထဲမှာရှိသွားပြီ။ အသီးပို့မယ့် အပိုင်းမှာ သူတို့လည်းအသီးပို့မယ် ကျွန်တော်တို့ကလည်း အသီးပို့မယ်ဆိုရင် သူတို့ပစ္စည်းသူတို့ပို့နေမှာ။ ဒါက ပို့ကုန်အပိုင်း။ သွင်းကုန်အပိုင်းမှာလည်း ကျွန်တော်က ပန်းသီးသွင်းလာမယ်ဆိုပါတော့။ ပန်းသီးအောက်မှာ ရောင်းကောင်းနေတယ်။ ကျွန်တော့်ပန်းသီးကို မပို့တော့ဘဲ ခဏလေးခေါက်ထားပြီး သူတို့ပန်းသီးကိုပို့လို့ရတယ်။ သူတို့မှာ ငွေအင်အားလည်းရှိတယ်။ စျေးကွက်အင်အားလည်းရှိတယ်။ ဒီလိုလက်ဝါးကြီးအုပ်သွားမယ့် ကိစ္စကိုတော့ စိုးရိမ်ပါတယ်။ ပို့ကုန်အပိုင်းမှာလည်း စရိတ်ကများနေရင် လယ်သမားတွေအပေါ်မှာ သွားပိမှာပဲ။ သွင်းကုန်လည်း ထိုနည်းလည်းကောင်းပဲ။ စားသုံးသူတွေ အပေါ်မှာပဲ သွားပိမှာ။ ပို့ကုန်ပဲဖြစ်ဖြစ် သွင်းကုန်ပဲဖြစ်ဖြစ် စရိတ်စကတွေများနေရင် စားသုံးသူတွေအပေါ်မှာ ပိမှာဖြစ်လို့ အတတ်နိုင်ဆုံး နည်းနိုင်သမျှ နည်းအောင် လျှော့ချပေးဖို့ တောင်းဆိုတာပါ။အရွေ့တစ်ခုကို ကျွန်တော်တို့ ၀ိုင်းတွန်းတာပဲ။ ဒါပေမဲ့ ရေရှည်မှာ အကျိုးစီးပွားတစ်ခုလုံးအတွက် လက်ဝါးကြီးအုပ်သွားမယ့်ကိစ္စကိုတော့ စောင့်ကြည့်နေပါတယ်” ဟု ကုန်သည်လုပ်ငန်းရှင် ကိုရှင်းဘိုက ပြောကြားသည်။

အဆိုပါ ကွန်တိန်နာစနစ်နှင့် ရှန်တိန် အစားထိုးယာဉ်မောင်းစနစ်တို့ကြောင့် တရုတ်ဘက်ခြမ်း၌ ကုန်ဂိတ်ဖွင့်လှစ်လုပ်ကိုင်နေရသူများအပေါ် ထိခိုက်နိုင်ပြီး စိန်ခေါ်များစွာ ကြုံတွေ့ရမည်ဟု မြန်မာကုန်ဂိတ် လုပ်ငန်းရှင်များက ဆိုသည်။

“မြန်မာနိုင်ငံလုပ်ငန်းရှင် ကုန်ဂိတ်တွေ နောက်ပိုင်းပိုမိုခက်ခဲလာနိုင်တယ်လို့မြင်တယ်။ အထဲမှာလည်း မြန်မာနိုင်ငံကအလုပ်သမားတွေက ပေါက်ဖော်ကတ်တွေ သက်တမ်းကုန်ပြီး နေလို့မရလို့ပြန်လာတဲ့သူတွေ အများကြီးရှိလို့ အထဲမှာလည်း မကျန်သလောက်ရှိတယ်။နောက်တစ်ချက်က ကုန်တင်လို့ရရင် တောင်မှ အထဲမှာ ကိိုယ့်ကိုကူညီပြီး ဆောင်ရွက်ပေးမယ့်သူတွေမရှိရင်  ဆောင်ရွက်ဖို့ အခက်အခဲရှိလာမယ်။ နောက်ဆုံး မြန်မာနိုင်ငံ လုပ်ငန်းရှင်တွေရဲ့ကုန်တွေကို တရုတ်နိုင်ငံ လုပ်ငန်းရှင်တွေဆီကိုပဲ ပြန်ရောက်သွားမယ့်သဘော ရှိတယ်” ဟု ကုန်ဂိတ်လုပ်ငန်းရှင်ကိုအောင်က ပြောကြားသည်။

မြန်မာ တရုတ် နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်များကို တရုတ်နိုင်ငံက ယခုနှစ်ဆန်းပိုင်းမှစတင်၍ COVID-19 ရောဂါအကြောင်းပြချက်ဖြင့် ပိတ်ထားခဲ့ရာ မူဆယ်နယ်စပ်ဂိတ်ပေါက်တစ်ခုဖြစ်သည့် ကျင်ဆန်းကျော့ယာယီဂိတ်အား တရားဝင်နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာန၊ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် သက်ဆိုင်ရာ အသင်းအဖွဲ့များက ၀ိုင်းဝန်းဆောင်ရွက်နေခြင်းဖြစ်သည်။

ထိုသို့ဆောင်ရွက်နေစဉ်အတွင်း နှစ်နိုင်ငံအလွတ်သဘော သဘောတူညီမှု၌ နှစ်နိုင်ငံကုန်သွယ်မှု ညီမျှစေရန် ညွန်ကြားချက်နှင့်အညီ ပေ ၄၀ ကွန်တိန်နာ Box ဖြင့် တရုတ်နိုင်ငံဘက်က ဆိုင်ကယ်နှင့် ဆိုင်ကယ် အပိုပစ္စည်း တင်ဆောင်ထားသော ကွန်တိန်နာ Box ငါးခုနှင့် မြန်မာဘက်က ဆန်၊ ဆန်ကွဲ၊ ပဲ၊ နှမ်း၊ ရော်ဘာ တင်ဆောင်ထားသော ကွန်တိန်နာ Box ငါးခုဖြင့် နိုဝင်ဘာ၂၆ ရက်၌ စမ်းသပ်ဖွင့်လှစ်ခဲ့သည်။

COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၀ ပြည့်နှစ် အစောပိုင်းကာလမှ စတင်ကာ တုံ့ဆိုင်းနေခဲ့သည့် မူဆယ်နယ်စပ် ကုန်သွယ်မှုမှာ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၆ ရက်တွင် ကွန်တိန်နာဖြင့် ကုန်တင်ပို့တင်သွင်းမှု စတင်လုပ်ကိုင်ခဲ့သည်။

သို့သော်လည်း ထိုသို့စမ်းသပ်ဖွင့်လှစ်မှု အပိုင်း၌ ကွန်တိန်နာစနစ်နှင့် ရှန်တိန်အစားထိုး ယာဉ်မောင်းစနစ်တို့  ပါဝင်လာခြင်းဖြစ်ရာ ထိုစနစ်အပေါ်၌ ကုန်ကျစရိတ် အဆမတန် မြင့်တက်လာခြင်းများရှိခြင်း‌ကြောင့် ကုန်သည်လုပ်ငန်းရှင်များ အသင်းအဖွဲ့များက ကုန်ကျစရိတ် နည်းနိုင်သမျှနည်းအောင် လျှော့ချပေးနိုင်ရန် အကြံပြုဆွေးနွေးထားကြောင်း သိရသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံတစ်နိုင်ငံဖြစ်သည်။ လူဦးရေ၏ ရာခိုင်နှုန်း ၇၀ ခန့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်နေကြသည်။ ဆန်၊ ပဲ၊ ပြောင်း၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ စသည့်ရာသီအလိုက် သီးနှံများ စိုက်ပျိုးထုတ်လုပ်တင်ပို့ကာ အသက်မွေးဝမ်းကျောင်း ပြုနေကြသည်။

မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းသည် လယ်ယာထွက်ကုန်၊ သစ်သီးဝလံများကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေသည့် မြန်မာနိုင်ငံ၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုဖြစ်သဖြင့် မူဆယ်နယ်စပ်မှ ကုန်သွယ်မှုသည် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍအတွက် အဓိကကျသည့် အခန်းကဏ္ဍမှပါဝင်လျက် ရှိသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) အောက်တိုဘာ  ၁ ရက်မှ နိုဝင်ဘာ ၁၉ ရက်အထိ မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်းများ ကုန်သွယ်မှုတွင် မူဆယ်နယ်စပ်မှ ကုန်သွယ်မှု ဒေါ်လာ ၉၅ သန်းကျော်သာရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၆၂၉ သန်းကျော် လျော့ကျနေသည်။လွယ်ဂျယ်နယ်စပ်မှ ကုန်သွယ်မှု ဒေါ်လာ သုည ဒသမ ၀၀၅ သန်းသာရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂၆ သန်းကျော် လျော့ကျနေသည်။ ချင်းရွှေဟော်နယ်စပ်မှ ဒေါ်လာရှစ်သန်းကျော်သာရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၆၅ သန်းကျော် လျော့ကျနေသည်။ ကန်ပိုက်တီးနယ်စပ်မှ ဒေါ်လာ ၁ ဒသမ ၀၈၉ သန်းသာရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၆၅ သန်းအထိ အသီးသီးလျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

နယ်စပ်ကုန်သွယ်မှုတွင် အဓိကကျသည့် မူဆယ်အပါအဝင် နယ်စပ်ကုန်သွယ်ရေးစခန်းအများစု ကုန်သွယ်မှုလျော့ကျနေခြင်းက မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့နိုင်မှုအတွက် ကောင်းသည့်အလားအလာ မဖြစ်နိုင်သကဲ့သို့ ယင်းပို့ကုန်များအပေါ် မှီခိုနေရသည့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများနှင့် လုပ်ငန်းရှင်များ  များစွာထိခိုက်နစ်နာကာ မြန်မာနိုင်ငံ၏ စီးပွားရေးတွင် လယ်ယာကုန်ထုတ်လုပ်မှုကဏ္ဍမှာ နစ်နာဆုံးရှုံးမှု များစွာရှိနေခြင်းဖြစ်သည်။

သို့သော်လည်း ရေရှည်ဆောင်ရွက်နိုင်မည့် ပုံမှန်ကုန်သွယ်မှုလမ်းစ ပြန်ရရန်အတွက်မူ ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်ရဦးမည်ဖြစ်ကြောင်း နယ်စပ်ကုန်သည်များက သုံးသပ်ပြောကြားခဲ့သည်။

Most Read

Most Recent