လျှပ်စစ်ယာဉ်များ ထုတ်လုပ်သည့်လုပ်ငန်း၊ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာပစ္စည်းထုတ်လုပ်မှု လုပ်ငန်းအပါအဝင် လုပ်ငန်းရှစ်မျိုးတွင် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်

လျှပ်စစ်ယာဉ်များ ထုတ်လုပ်သည့်လုပ်ငန်း၊ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာပစ္စည်းထုတ်လုပ်မှု လုပ်ငန်းအပါအဝင် လုပ်ငန်းရှစ်မျိုးတွင် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံးကိုတွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံးကိုတွေ့ရစဉ်
Published 25 November 2021

လျှပ်စစ်ယာဉ်များ ထုတ်လုပ်သည့်လုပ်ငန်း၊ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားရှစ်မျိုးကို ဦးစားပေး ဆောင်ရွက်မည်ဖြစ်သဖြင့်  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) က ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ထားသည်။

MIC အနေဖြင့် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများကို အဆိုပြုလွှာ တင်ပြလာပါက ဦးစားပေးဆောင်ရွက်မည်ဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် အဆိုပြုလွှာများ တင်ပြကြရန် ဖိတ်ခေါ်ထားသည်။

ယင်းလုပ်ငန်းများမှာ (က) ဓာတ်မြေသြဇာ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ (ခ) ဘိလပ်မြေ ထုတ်လုပ်ခြင်းလုပ်ငန်းများ (ဂ) သံမဏိထုတ်လုပ်ခြင်း လုပ်ငန်းများ (ဃ) စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်း၊ အဆိုပါလုပ်ငန်းများနှင့် ဆက်စပ်သည့်လုပ်ငန်းများ (င) တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ (စ) လျှပ်စစ်ယာဉ်များ ထုတ်လုပ်သည့် လုပ်ငန်းများ (ဆ) ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာပစ္စည်းထုတ်လုပ်မှု လုပ်ငန်းများ၊ (ဇ) အများပြည်သူသယ်ယူပို့ ဆောင်ရေးလုပ်ငန်းများ ဖြစ်သည်။

အထက်ပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကဏ္ဍများတွင် စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အဆိုပြုလွှာတင်ပြလာပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ကလည်း လိုအပ်သည်များကို ပံ့ပိုးကူညီဆောင် ရွက်သွားမည်ဟု သိရသည်။

အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ အမှတ်-၁၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်၊ ဖုန်း ၀၁-၆၅၈၁၃၂၊ ၀၉၂၀၁၃၈၂၁ email:dica@ mptmail.net.mm နှင့် dica.ip.mm@ gmail.com  တို့ကို ဆက်သွယ်နိုင်ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၁၂၁ သန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး စက်မှုကဏ္ဍတွင် ဒေါ်လာ ၂၈၆ သန်းကျော်ဖြင့် ဒုတိယအ များဆုံးဖြစ်ကာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၃၃ သန်းကျော်ဖြင့်  တတိယအများဆုံးဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေး ခုနစ်ကြိမ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး ၇၄ ကြိမ် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုလုပ်ငန်း ၂၂ ခု၊ အတည်ပြုလုပ်ငန်း ၂၆ ခု၊ စုစုပေါင်း ၄၈ ခု ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၇၉၁ ဒသမ ၃၉၈ သန်း ခွင့်ပြုခဲ့သည်။

 

Most Read

Most Recent