ရန်လိုသည့် အကျင့်

ရန်လိုသည့် အကျင့်
Published 23 November 2021

ရန်လိုသော အမူအကျင့်သည် အခြားသူများအား ရုပ်ပိုင်းဆိုင်ရာအရ လည်းကောင်း၊ စိတ်ခံစားမှုဆိုင်ရာအရ လည်းကောင်း ထိခိုက်စေနိုင်သည်။ ယင်းသည် နှုတ်အားဖြင့် ကျူးလွန်ခြင်းမှသည် ရုပ်ပိုင်းဆိုင်ရာအရ ကျူးလွန်ခြင်းအထိ အတိုင်းအတာ ရှိနိုင်သည်။ စိတ်ကျန်းမာရေးဆိုင်ရာ အခြေအနေရပ်များနှင့် ဦးနှောက်ထိခိုက်ပျက်စီးခြင်းတို့က ရန်လိုသော အမူအကျင့်ကို ဖြစ်စေနိုင်သည်။ အခါအားလျော်စွာ ရန်လိုပေါက်ကွဲခြင်းသည် မြင်တွေ့နေကျဖြစ်ပြီး ပုံမှန်ဟုပင် ဆိုနိုင်သည်။ သို့သော် ရန်လိုသော အမူအကျင့်သည် အခြားသူများကို ထိခိုက်စေသည့်အခါ သို့မဟုတ် အကြိမ်များလာသည့်အခါ ပြဿနာတစ်ရပ် ဖြစ်လာသည်။ ရန်လိုသော အမူအကျင့်သည် အခြားသူတို့ ပိုင်ဆိုင်သော စည်းစိမ်ဥစ္စာတို့ကို ထိခိုက်စေခြင်းလည်း ဖြစ်စေနိုင်သည်။

ရန်လိုသော အမူအကျင့်သည် လူမှုရေးကန့်သတ်ချက်များကို ချိုးဖောက်ခြင်း ဖြစ်သည်။ ယင်းက လူမှုဆက်ဆံရေးများ ပျက်ပြားခြင်းဆီသို့ ဦးတည်သွားစေနိုင်သည်။ ယင်းကဲ့သို့ ပျက်ပြားခြင်းသည် သိသာထင်ရှားသောအခါများ ရှိသကဲ့သို့ လျှို့ဝှက်စွာ ဖြစ်သွားသည်မျိုးလည်း ရှိတတ်သည်။ အခါအားလျော်စွာ ရန်လိုပေါက်ကွဲခြင်းသည်ပင်လျှင် အကြိမ်များလာပါက ယင်းကဲ့သို့ ဖြစ်ပွားသူအနေဖြင့် မိမိတို့၏ဆရာဝန်နှင့် တိုင်ပင်သင့်သည်။ ရန်လိုသော အမူအကျင့်ဖြစ်ပေါ်သည့်အခါ ထိုသူသည် စိတ်ဆိုးမာန်ဆိုးဖြစ်ကာ ဂနာမငြိမ်ဖြစ်လာသည်။ စိတ်လိုက်မာန်ပါ ပြုမူတတ်သည်။ ထိုသူအနေဖြင့် မိမိ၏အပြုအမူကို ထိန်းချုပ်ရန် ခက်ခဲကြောင်း တွေ့ရှိရသည်။ ထိုသူအနေဖြင့် မည်သည့်အပြုအမူများသည် လူမှုရေးအရ သင့်တော်ခြင်း ရှိမရှိ သိရှိနိုင်ခြင်း မရှိတော့ပေ။ အချို့သော အနေအထားများတွင် တစ်စုံတစ်ဦးသည် ရည်ရွယ်ချက်ရှိရှိ ရန်လိုစွာပြုမူခြင်းလည်း ဖြစ်နိုင်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးသည် အခြားတစ်စုံတစ်ဦးအား လက်စားချေရန် သို့မဟုတ် ရန်စရန် ရန်လိုသော အပြုအမူကို အသုံးပြုခြင်းဖြစ်သည်။

ရန်လိုသော အမူအကျင့်ကို ဖြစ်စေသည့် အကြောင်းရင်းများထဲတွင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ မိသားစုဖွဲ့စည်းပုံ၊ အခြားသူများနှင့် ဆက်ဆံရေး၊ အလုပ်ခွင် သို့မဟုတ် ကျောင်းပတ်ဝန်းကျင်၊ လူ့အဖွဲ့အစည်းဆိုင်ရာ သို့မဟုတ် လူမှုစီးပွားဆိုင်ရာ အကြောင်းခြင်းရာများ၊ တစ်ဦးချင်း၏ ဗီဇများနှင့် ဘဝအတွေ့အကြုံများ ပါဝင်သည်။ အရွယ်ရောက်ပြီးသူတစ်ဦးအနေဖြင့် တစ်စုံတစ်ဦးသည် မကောင်းသော အတွေ့အကြုံများကို တုံ့ပြန်ခြင်းဖြင့် ရန်လိုစွာပြုမူနိုင်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးသည် စိတ်ရှုပ်ထွေးနေသည့်အခါ ရန်လို၍လာသည်။ ရန်လိုသော အမူအကျင့်သည် စိတ်ကျရောဂါ၊ စိုးရိမ်သောကရောက်မှုနှင့် အခြားသော စိတ်ကျန်းမာရေး ပြဿနာများနှင့်လည်း ဆက်နွှယ်နေနိုင်သည်။

ဥပမာအားဖြင့် စိတ်ဖိစီးမှုများလွန်းခြင်း သို့မဟုတ် ထိတ်လန့်ကြောက်ရွံ့ခြင်း ဖြစ်ပေါ်သည့်အခါ  ဇီဝကမ္မဗေဒအရ အလိုအလျောက် တုံ့ပြန်မှု Fight or Flight Response (တိုက်ခိုက်မလား ပြေးမလား တုံ့ပြန်ချက်) ဖြစ်ပေါ်မှုမျိုးဖြစ်သည်။ ခြိမ်းခြောက်မှုဟု သိမြင်လိုက်ခြင်းက Sympathetic Nervous System ကို လှုံ့ဆော်သည်။ ယင်းလှုံ့ဆော်မှုကြောင့် ခန္ဓာကိုယ်၌ “ရုတ်တရက် ဖိစီးမှုတုံ့ပြန်ရေး လုပ်ငန်းစဉ်” ဖြစ်ပေါ်သည်။ ယင်းလုပ်ငန်းစဉ်က ခန္ဓာကိုယ်ကို တိုက်ခိုက်ရန် သို့မဟုတ် ထွက်ပြေးရန်အတွက် လိုအပ်ချက်များ ပြင်ဆင်ပေးသည်။ ယင်းတုံ့ပြန်မှုများသည် ခြိမ်းခြောက်မှုအနေအထားများ၌ အသက်ရှင်ကျန်ရပ်တည် နိုင်ရေးအခွင့်အလမ်းများ တိုးတက်လာရန် သတ္တဝါတို့၏ ဆင့်ကဲဖြစ်စဉ် (Evolution) ဆိုင်ရာ လိုက်လျောညီထွေပြုမှုများထဲတွင် ပါဝင်သည်။ သို့သော် Fight or Flight Response ကို လှုံ့ဆော်မှုများက ခန္ဓာကိုယ်၌ မူမမှန်ဘဲ ကြိမ်ဖန်များစွာ ဖြစ်ပေါ်နေပါက စိုးရိမ်သောကဆိုင်ရာ စိတ်ရောဂါတစ်မျိုး ရှိနေခြင်းဖြစ်ပြီး ရန်လိုမှုများ မကြာခဏ ဖြစ်ပေါ်နေနိုင်သည်။

ဆယ်ကျော်သက်အရွယ်များ၌ ရန်လိုသော အမူအကျင့်သည် အတွေ့ရများသည်။ ဥပမာအားဖြင့် ဆယ်ကျော်သက် အများအပြားသည် ကြမ်းတမ်းရိုင်းစိုင်းစွာ ပြုမူခြင်း သို့မဟုတ် ငြင်းခုံခြင်း ပြုတတ်သည်။ သို့သော် ရန်လိုသော အမူအကျင့်နှင့်ပတ်သက်၍ ဖော်ပြမည့်အချက်များ ပုံမှန်ဖြစ်ပေါ်လာပါက ပြဿနာရှိလာသည်။ ယင်းတို့မှာ ငြင်းခုံစဉ်အတွင်း စူးစူးဝါးဝါး အော်ဟစ်ခြင်း၊ ကိုယ်ထိလက်ရောက် ရန်ဖြစ်ခြင်းနှင့် အခြားသူများကို အနိုင်ကျင့်ခြင်းတို့ဖြစ်သည်။ အချို့သောအနေအထားများတွင် ၎င်းတို့သည် စိတ်ဖိစီးမှု၊ သက်တူရွယ်တူတို့၏ ဖိအားပေးမှု၊ မူးယစ်ဆေးသုံးစွဲမှု၊ မိသားစုဝင်များ သို့မဟုတ် အခြားသူများနှင့် ဆက်ဆံရေး အဆင်မပြေမှုတို့ကို တုံ့ပြန်သောအားဖြင့် ရန်လိုစွာပြုမူခြင်းဖြစ်သည်။ လူပျို/အပျိုဖော်ဝင်စ အချိန်သည်လည်း ဆယ်ကျော်သက် အများအပြားအတွက် စိတ်ဖိစီးမှုများသော အချိန်ဖြစ်တတ်သည်။ ယင်းအချိန် အပြောင်းအလဲများကို နားလည်ခြင်း သို့မဟုတ် ဖြေရှင်းခြင်း မပြုနိုင်ပါက ရန်လိုစွာပြုမူတတ်သည်။

မည်သို့ပင်ဆိုစေကာမူ မိမိ၏ရန်လိုမှုအား ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိပါက ပို၍ပို၍ ရန်လိုလာကာ အကြမ်းဖက်အပြုအမူများဆီသို့ ဦးတည်သွားစေနိုင်သောကြောင့် ရန်လိုသော အမူအကျင့်ကို မိမိကိုယ်တိုင် ဖြေရှင်းနိုင်ခြင်းမရှိပါက သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ ၂၄ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent