ကုမ္ပဏီ/အဖွဲ့အစည်းအမည်ဖြင့် သီးခြားငွေစာရင်း (Corporate Account) ဖွင့်လှစ်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားချက်ထုတ်ပြန်

ကုမ္ပဏီ/အဖွဲ့အစည်းအမည်ဖြင့် သီးခြားငွေစာရင်း (Corporate Account) ဖွင့်လှစ်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားချက်ထုတ်ပြန်
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးကို တွေ့ရစဉ်
Published 23 November 2021

ကုမ္ပဏီ/အဖွဲ့အစည်းအမည်ဖြင့် သီးခြားငွေစာရင်း (Corporate Account) ဖွင့်လှစ်ရန် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) က ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၂ ရက်စွဲဖြင့် ညွှန်ကြားချက် အမှတ် (၁၃၆/၂၀၂၁) ကို ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားသည့် အချို့သောကုမ္ပဏီ/အဖွဲ့အစည်းများသည် ငွေကြေးဆိုင်ရာကိစ္စများတွင် ဘဏ်များ၌ သီးခြားငွေစာရင်း ဖွင့်လှစ်ဆောင်ရွက်မှုမပြုဘဲ ဒါရိုက်တာများ၏ ဘဏ်ငွေစာရင်းကိုအသုံးပြု၍ လုပ်ငန်းဆောင်ရွက်နေကြသည်ကို တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၅ (က) အရ ကုမ္ပဏီသည် ၎င်းတွင် ပါဝင်သူများ၏ အခွင့်အရေးနှင့်သီးခြားဖြစ်သော ကိုယ်ပိုင်အခွင့်အရေးများရှိသည့် တရားဝင်အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသဖြင့် ကုမ္ပဏီတိုင်းအနေဖြင့် သီးခြားဘဏ်ငွေ စာရင်းထားရှိရမည်ဖြစ်သည်။

သို့ဖြစ်ပါ၍ ကုမ္ပဏီ/အဖွဲ့အစည်းများ အနေဖြင့် ငွေကြေးဆိုင်ရာကိစ္စများ ဆောင်ရွက်ရာတွင် ကုမ္ပဏီ/အဖွဲ့အစည်းများအနေဖြင့် သီးခြားဘဏ်ငွေစာရင်း (Corporate Account) ဖွင့်လှစ်၍ ဆောင်ရွက်ကြရန် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၄၆၂ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၂) အရ အပ်နှင်းထားသည့် အခွင့်အာဏာများကို ကျင့်သုံး၍ ယခုညွှန်ကြားချက်အား ထုတ်ပြန်ခြင်းဖြစ်ပြီး DICA တွင် မှတ်ပုံတင်ထားသော ကုမ္ပဏီ/အဖွဲ့အစည်းအားလုံးနှင့် သက်ဆိုင်စေရမည်ဖြစ်သည်။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၅ (က) အရ ကုမ္ပဏီသည် (၁) ၎င်းတွင် ပါဝင်သူများ၏ အခွင့်အရေးနှင့် သီးခြားဖြစ်သော ကိုယ်ပိုင်အခွင့်အရေးများရှိသည့် တရားဝင်အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး မှတ်ပုံတင်ခြင်းမှ  ပယ်ဖျက်ခြင်းမပြုသရွေ့ အခွင့်အရေးများ၊ အခွင့်အာဏာများနှင့် အကျိုးခံစားခွင့်များ အပြည့်အဝ ဆက်လက်တည်ရှိရမည်၊ ၎င်းအပြင် (၂) ဤဥပဒေနှင့် အခြားဥပဒေ တစ်ရပ်ရပ်တို့အရ နိုင်ငံတော်အတွင်း၌လည်းကောင်း၊ ပြင်ပ၌သော်လည်း အောက်ပါကိစ္စရပ်များအား ဆောင်ရွက်နိုင်ခွင့် အပါအဝင်  စီးပွားရေးလုပ်ငန်းတစ်ရပ်ရပ် သို့မဟုတ် ဆောင်ရွက်မှုတစ်ရပ်ရပ် လုပ်ကိုင်ရန်၊ လုပ်ငန်းဆောင်ရွက်မှုများ ပြုလုပ်ရန် တရားဝင်လုပ်ကိုင် ဆောင်ရွက်နိုင်ခွင့် အပြည့်အဝရှိသည် (ကက)အစုရှယ်ယာများ၊ ဒီဘင်ချာများ သို့မဟုတ် ကုမ္ပဏီတွင် အစုရှယ်ယာများအဖြစ် ပြောင်းလဲနိုင်သော အခြားငွေချေး သက်သေခံလက်မှတ်များကို ထုတ်ဝေခြင်း၊ (ခခ)ကုမ္ပဏီ၌ အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ ပိုင်ဆိုင်နိုင်သည့်အော့ပ်ရှင် (Option) များပေးခြင်း၊ (ဂဂ) ကုမ္ပဏီပိုင်ပစ္စည်း တစ်ရပ်ရပ်အပေါ်တွင် အာမခံအကျိုးခံစားခွင့် တစ်ရပ်ပေးခြင်း၊ (ဃဃ) ကုမ္ပဏီ၏ပစ္စည်း တစ်ရပ်ရပ်ကို ကုမ္ပဏီတွင် ပါဝင်သူများအား ပစ္စည်းအနေဖြင့် လည်းကောင်း၊ အခြားနည်းဖြင့်သော် လည်းကောင်း ခွဲဝေပေးခြင်း၊ (ခ)ကုမ္ပဏီ၏ လုပ်ကိုင်ဆောင်ရွက်နိုင်မှု၊ အခွင့်အရေးများ၊ အခွင့်အာဏာများ သို့မဟုတ် အကျိုးခံစားခွင့်များကို ကန့်သတ်ထားရှိမှသာလျှင် ယင်းတို့နှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်တစ်ရပ်ရပ်သည် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ပါရှိနိုင်သည်၊ (ဂ) ကုမ္ပဏီတစ်ခုသည် အခြားကုမ္ပဏီ၏ အစုများပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နိုင်ပြီး လက်အောက်ခံကုမ္ပဏီများစွာကို တည်ထောင်နိုင်သည့်အပြင် ယင်းတို၏ အစုရှယ်ယာများကိုလည်း ပိုင်ဆိုင်နိုင်သည်ဟု ဖော်ပြထားသည်။

Most Read

Most Recent