ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ ၁၂ သန်းဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီတန်ချိန် ၇၀၇၀ ဒသမ ၅၅ တန်ကို တစ်ပိဿာလျှင် ကျပ် ၄၂၄၀ ဖြင့် နိုဝင်ဘာ ၉ ရက်မှစတင်၍ လက်ရှိအချိန်အထိ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ရောင်းချပေးလျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ ၁၂ သန်းဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီတန်ချိန် ၇၀၇၀ ဒသမ ၅၅ (ပိဿာချိန် ၄၃၂၇၁၈၀) ကို တစ်ပိဿာလျှင် ကျပ် ၄၂၄၀ နှုန်းဖြင့် နိုဝင်ဘာ ၉ ရက်မှစ၍ ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ နေပြည်တော်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်တွင် တန်ချိန် ၇၀၇၀ ဒသမ ၅၅ တန် ရောင်းချခဲ့ပြီးဖြစ်သည်။
စားအုန်းဆီများကို လက်ကားဝယ်ယူ ရောင်းချသူများအနေဖြင့် လက်လီအရောင်းဆိုင်များတွင် အသားတင်အမြတ် နှစ်ရာခိုင်ထက် မပိုသည့်စျေးနှုန်းဖြင့် စားသုံးသူများသို့ ပြန်လည်ရောင်းချရမည် ဖြစ်ကြောင်းနှင့် စားသုံးသူများသို့ လက်လီလက်ကားဖြန့်ဖြူး ရောင်းချပေးမည့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အမှတ် (၁၀၄/၁၀၈) ကမ်းနားလမ်း၊ လွတ်လပ်ရေးရပ်ကွက် (ဆင်မင်းအိမ်ရာ ဓမ္မာရုံရှေ့) အလုံမြို့နယ်၊ ဖုန်း-၀၉၄၄၄၄ -၃၇၂၉၅၊၀-၄၀၁၅၂၇၀၇၉ နှင့် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ဖုန်း - ၀၁-၂၅၀၂၇၀၊၀၉-၄၃၆၆၆၆၆၈ တို့သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။
ရန်ကုန်မြို့အတွင်းရှိ စားသုံးသူများအတွက် ဆီအသင်း၏အစီအစဉ်ဖြင့် မြို့နယ်/ရပ်ကွက်များသို့ စျေးကားများဖြင့် လှည့်လည်ရောင်းချပေးခဲ့ပြီး နေပြည်တော် အပါအဝင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လက်လီလက်ကား ဖြန့်ဖြူးရောင်းချပေးခဲ့သည်။
ဒေါ်လာလိုအပ်ချက်ရှိနေသောကဏ္ဍများ အထူးသဖြင့် စားသုံးဆီ ၊ စက်သုံးဆီနှင့် ဆေးဝါးကဏ္ဍများသို့ AD လိုင်စင်ရဘဏ်များမှတစ်ဆင့် ဒေါ်လာသန်း ၄၀ ရောင်းချပေးခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အမေရိကန်ဒေါ်လာ လိုအပ်ချက်ရှိနေသောကဏ္ဍများ (အထူးသဖြင့် စားသုံးဆီ၊ စက်သုံးဆီနှင့် ဆေးဝါးများ) သို့ ဘဏ်များမှတစ်ဆင့် ရောင်းချပေးနိုင်ရန်အတွက် အပတ်စဉ် လေလံခေါ်ယူ၍ ရောင်းချပေးလျက်ရှိသည်။










