အများယောင်၍ လိုက်ယောင်ခြင်း

အများယောင်၍ လိုက်ယောင်ခြင်း
Published 22 November 2021

“ဆန့်ကျင်ဘက်ပြုဖို့ ဒါမှမဟုတ် မှားယွင်းကြောင်းပြဖို့ မဖတ်ပါနဲ့။ ယုံကြည်လိုက်ဖို့ ဒါမှမဟုတ် ထောက်ခံလိုက်ဖို့လည်း မဖတ်ပါနဲ့။ ပြောစရာရှာဖို့ ဒါမှမဟုတ် ဇာချဲ့ပြောဆိုဖို့လည်း မဖတ်ပါနဲ့။ ချိန်ဆပြီး စဉ်းစားဖို့သာ ဖတ်ပါလေ”

အင်္ဂလိပ်လူမျိုး တွေးခေါ်ရှင်နှင့် အက်ဆေးဆရာ

ဖရန်ဆစ်ဘေကွန်၏ Of Studies (၁၆၂၅ ခုနှစ်) မှ ကောက်နုတ်ချက်

“အများယောင်၍ လိုက်ယောင်၊ အမောင် တောင်မှန်းမြောက်မှန်း မသိ” ဟူသည့် ဆိုရိုးစကားကဲ့သို့ မဖြစ်စေရန် argumentum ad populum ဟူသည့် ငြင်းခုံဆွေးနွေးမှုဆိုင်ရာ သဘောတရားတစ်ရပ်ရှိသည်ကို သိထားသင့်သည်။ လူအများ သို့မဟုတ် လူအများစုက ယုံကြည်ကြသောကြောင့် ယင်းသည် မှန်ကန်သည်ဟူသည့် ကြိုတင်ပြဋ္ဌာန်းချက်တစ်ရပ်နှင့်အတူ မှားယွင်းသော သို့မဟုတ် ယုတ္တိဗေဒအရ မှားယွင်းမှုအပေါ် အခြေခံသော အဆိုပြုချက်တစ်ရပ်ကို ကောက်ချက်ချခြင်းဖြစ်သည်။ If many believe so,it is so (အများက ယင်းအတိုင်းယုံကြည်လျှင် ယင်းအတိုင်းပင်ဖြစ်သည်) ဟု ဆိုကြသည်။ အမှန်တကယ်၌ “အများညီ၍ ဤကိုကျွဲဟု ဖတ်ခြင်း” သာ ဖြစ်သည်။ အကြီးအကျယ် လူကြိုက်များသော တွေးလုံးတစ်ရပ် ဖြစ်သည်ဟူသည့် အချက်တစ်ခုတည်းပေါ်၌သာ အခြေခံလျက် အကြီးအကျယ် လူကြိုက်များသော အတွေးတစ်ရပ်သည် မှန်ကန်သည်ဟု လူတစ်ဦးအား ယုံကြည်စေရန် ကြိုးပမ်းခြင်းသည် argumentum ad populum ပင်ဖြစ်သည်။ ဥပမာဆိုရလျှင် ယခင်ကနေသည် ကမ္ဘာကိုပတ်သည်ဟူ၍ လည်းကောင်း၊ ကမ္ဘာကြီးသည် အပြားကြီးဖြစ်သည်ဟူ၍ လည်းကောင်း အများက ယုံကြည်သောကြောင့် လက်ခံထားမှုမျိုးဖြစ်သည်။

အဖြေမသိသည့် မေးခွန်းတစ်ခုကို မေးမြန်းခဲ့သူအားလုံး၏ ၇၅ ရာခိုင်နှုန်းက A ဟု ဖြေဆိုပါက အဖြေမှန်သည် A ဖြစ်သည်ဟု ဆင်ခြင်လိုက်ခြင်းမျိုးဖြစ်သည်။ ယင်းသည် ယုတ္တိဗေဒနည်းအရ မှားယွင်းသော ဆင်ခြင်မှုဖြစ်သည်။ ယုံကြည်မှုတစ်ရပ်ကို လူအများလက်ခံရုံသက်သက်ဖြင့် ယင်းယုံကြည်မှုသည် မှန်ကန်သည်ဟု အာမ,မခံနိုင်သောကြောင့် ဖြစ်သည်။ ယင်းကဲ့သို့သော အနေအထားတွင် လူတစ်ဦး၏ ယုံကြည်မှုသည် မှားယွင်းခဲ့ပါက ယင်းယုံကြည်မှုကို ဆုပ်ကိုင်ထားသည့် လူများအားလုံး မှားယွင်းသွားနိုင်သောကြောင့် ဖြစ်သည်။ ယင်းကဲ့သို့သော မှားယွင်းမှုမျိုးသည် ယုံကြည်မှုတစ်ရပ်ကို အကဲဖြတ်ခြင်းနှင့် လူအများက ကျယ်ပြန့်စွာ လက်ခံခြင်းအကြား ရှုပ်ထွေးမှုတစ်ရပ်ပါဝင်သည့် အခြားထင်မှတ်မှားခြင်းများနှင့်လည်း ဖွဲ့စည်းပုံအရ တူညီသည်။ အဆိုပြုချက်တစ်ရပ်သည် ကျွမ်းကျင်သူများဟု ယူဆထားသော အုပ်စုတစ်စုအား ယုံကြည်အောင် ပြုလုပ်နိုင်သည့်အခါ အာဏာပိုင်မှု (၀ါ) တရားဝင်ဖြစ်မှုသဘောကို ဆောင်လာသည်။ အဆိုပြုချက်တစ်ရပ်သည် အများကလေးစားကြသော သက်ကြီးဝါကြီးများ သို့မဟုတ် လူ့အသိုင်းအဝိုင်း၏ ခေါင်းဆောင်များ ပါဝင်သည့်အုပ်စုကို ဆွဲဆောင်နိုင်ခဲ့ပါက ယင်းသည် အစဉ်အလာသဘော (၀ါ) ဓလေ့ထုံးတမ်းသဘောကို ဆောင်လာသည်။

ယင်းမှားယွင်းသော အဆိုပြုချက်တစ်ရပ်ကို ယုံကြည်လိုက်သူတစ်ဦးသည် အခြားသူများက ယင်းအဆိုပြုချက်ကို လေ့လာသုံးသပ်အကဲဖြတ်ကာ တည်းဖြတ်ပြီးဖြစ်သည်ဟု ယုံကြည်သောကြောင့်လည်း ဖြစ်နိုင်သည်။ argumentum ad populum တစ်ခုသည် ခြုံငုံဆင်ခြင်သော ယုတ္တိဗေဒအရ ခိုင်လုံသောအဆိုပြုချက်တစ်ရပ်လည်း ဖြစ်နိုင်သည်။ ဥပမာအားဖြင့် အထိုက်အလျောက်ကြီးမားသော လူအုပ်စုတစ်ခုကို စစ်တမ်းကောက်ယူသည့်အခါ ရာခိုင်နှုန်း ၁၀၀ သည် ထွက်ကုန်အမှတ်တံဆိပ်တစ်ခုကို အခြားတစ်ခုထက် ပို၍ကြိုက်နှစ်သက်ကြောင်း တွေ့ရှိရခြင်းမျိုးဖြစ်သည်။ ယင်းနောက် နောက်ထပ်လူတစ်ဦးသည်လည်း ယင်းအမှတ်တံဆိပ်ကိုပင် ပိုမိုကြိုက်နှစ်သက်နိုင်ခြေ အလွန်များကြောင်း အားကောင်းသော ကောက်ချက်တစ်ရပ် ဆွဲနိုင်သည်။ ကောက်ယူထားသည့် စစ်တမ်းသည် ယင်းကောက်ချက်အတွက် ခိုင်မာသောအထောက်အထားဟု ဆိုနိုင်သည်။ သို့သော် ယင်းသည် ထုတ်နုတ်ဆင်ခြင်နည်းကိုသုံးသော ယုတ္တိဗေဒအရ သက်သေတစ်ရပ်အဖြစ် သင့်လျော်ခြင်းမရှိပေ။ ဥပမာအားဖြင့် လူအများကြိုက်သော အမှတ်တံဆိပ်သည် ပါဝင်သော ပစ္စည်းများအရ အခြားပြိုင်ဘက် အမှတ်တံဆိပ်ထက် ပို၍သာလွန်သည်ဟု စစ်တမ်းက သက်သေမပြနိုင်ခြင်းမျိုးဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အဆိုပြုချက်တစ်ရပ်အား သူ၏သဘောသဘာဝအတိုင်း စစ်ဆေးသုံးသပ် အကဲဖြတ်မှုမလုပ်ဘဲ လူအများ သို့မဟုတ် လူအများစုက ယုံကြည်ကြသောကြောင့် ယင်းသည် မှန်ကန်သည်ဟူသည့် ကြိုတင်ပြဋ္ဌာန်းချက်တစ်ရပ်ဖြင့် ဆုံးဖြတ်ခြင်းသည် “အများညီ၍ ဤကိုကျွဲဟု ဖတ်ခြင်း” သာ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ ၂၃ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent