နိုင်ငံအချို့မှ အဆင့်မြင့်ကိုယ်စားလှယ်များ ချဉ်းကပ်လာသည့် မြန်မာ့နိုင်ငံရေးအခြေအနေ

နိုင်ငံအချို့မှ အဆင့်မြင့်ကိုယ်စားလှယ်များ ချဉ်းကပ်လာသည့် မြန်မာ့နိုင်ငံရေးအခြေအနေ
နိုဝင်ဘာ ၁၅ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း ဘီလ်ရစ်ချက်ဆန်တို့ တွေ့ဆုံစဉ်
နိုဝင်ဘာ ၁၅ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း ဘီလ်ရစ်ချက်ဆန်တို့ တွေ့ဆုံစဉ်
Published 21 November 2021
မင်းနိုင်စိုး

လွန်ခဲ့သည့် ရက်သတ္တတစ်ပတ်အတွင်း အမေရိကန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အဆင့်မြင့်ကိုယ်စားလှယ်အချို့ မြန်မာနိုင်ငံသို့ အသီးသီးရောက်ရှိလာသည်။

ယင်းသံတမန်ရေးရာ အဆင့်မြင့်ကိုယ်စားလှယ်များသည် နေပြည်တော်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း ဘီလ်ရစ်ချက်ဆန်သည် နေပြည်တော်သို့ ရောက်ရှိလာကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံမှုတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကူညီဆောင်ရွက်ပေးမည့် အခြေအနေများ၊ မြန်မာနိုင်ငံနှင့် နိုင်ငံတကာဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေး ကြိုးပမ်းဆောင်ရွက်မည့် အခြေအနေများနှင့် လူသားချင်းစာနာထောက်ထားမှု ကူညီဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ဟောင်းနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံဆွေးနွေးကြသည့် နိုဝင်ဘာ ၁၅ ရက်တွင်ပင် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရသည့် အမေရိကန် ဂျာနယ်လစ် ဒန်နီဖန်စတာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်သည်။

အမေရိကုန်ဂျာနယ်လစ် ဒန်နီဖန်စတာသည် နိုဝင်ဘာ ၁၂ ရက်က ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ချမှတ် ခံခဲ့ရသူဖြစ်ပြီး ရက်ပိုင်းအကြာတွင် ပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

Frontier Myanmar ၏ စီမံခန့်ခွဲမှုအယ်ဒီတာ ဒန်နီဖန်စတာသည် သတင်းမှားဖြန့်ဝေမှု၊ မတရားအသင်း ဆက်သွယ်မှု၊ ဗီဇာစည်းမျဉ်း စည်းကမ်းချိုးဖောက်မှုများဖြင့် ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

ဒန်နီဖန်စတာကို ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ခြင်းသည် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း၏ မေတ္တာရပ်ခံချက်၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှုခြင်းနှင့် လူသားချင်းစာနာ ထောက်ထားမှုများကို အလေးထားသောကြောင့် ဖြစ်သည်ဟု နိုဝင်ဘာ ၁၅ ရက်တွင် တပ်မတော်က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော်အာဏာကို ရယူပြီးနောက် ပြစ်ဒဏ်ချမှတ်ခံရသည့် ဂျာနယ်လစ် ခုနစ်ဦးရှိပြီး ဒန်နီဖန်စတာသည် အပြင်းထန်ဆုံး ပြစ်ဒဏ်ချမှတ်ခံရသူဖြစ်သည်။

ဒန်နီဖန်စတာသည် ပြီးခဲ့သည့် မေလက အမေရိကန်ရှိ ၎င်း၏မိသားစုနှင့်တွေ့ဆုံရန် နေအိမ်သို့ပြန်မည့်အချိန် ရန်ကုန်လေဆိပ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရပြီး ယင်းအချိန်မှစ၍ အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းခံခဲ့ရသည်။

နိုဝင်ဘာ ဒုတိယပတ်အဆုံးနှင့် တတိပတ်အစောပိုင်းကာလများတွင် နိုင်ငံတကာမှ အဆင့်မြင့်သံတမန်များ နေပြည်တော်သို့ ရုတ်တရက် ရောက်ရှိလာကြခြင်းဖြစ်ပြီး ၎င်းတို့ထဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာဆွန်းကော့ရှန်လည်း ပါဝင်ခဲ့သည်။

အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်းကော့ရှန်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နေပြည်တော်တွင် နိုဝင်ဘာ ၁၅ ရက်က တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံမှုတွင် မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများ၏ ဆက်ဆံရေး၊ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဆက်ဆံရေးနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံ၏ ကူညီဆောင်ရွက်ပေးမှု အခြေအနေများကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ယင်းသို့ ဆွေးနွေးခဲ့သော အကြောင်းအရာများအနက် တရုတ်သမ္မတနှင့် အာဆီယံခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေး အကြောင်းအရာသည် အဓိကဆွေးနွေးမှု ဖြစ်ခဲ့သည်။

တရုတ်သမ္မတနှင့် အာဆီယံခေါင်းဆောင်များ၏ အစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး အဆိုပါအစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်နိုင်ရန် တရုတ်နိုင်ငံက ကြိုးပမ်းနေသည်။

အဆိုပါအစည်းအဝေးသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခွင့်ရရန် တရုတ်က ကြိုးပမ်းခဲ့သော်လည်း အာဆီယံနိုင်ငံအချို့က ယင်းကိစ္စကို ကန့်ကွက်ထားသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခွင့်ရရန် တရုတ်၏ကြိုးပမ်းချက်ကို အင်ဒိုနီးရှား၊ ဘရူနိုင်း၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့က ကန့်ကွက်ထားခြင်း ဖြစ်သည်။

အာဆီယံခေါင်းဆောင်အချို့က ယင်းအစည်းအဝေးသို့ မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့်မသက်ဆိုင်သည့် ပုဂ္ဂိုလ်တစ်ဦးကိုသာ တက်ရောက်ခွင့်ပြုရန် လိုလားလျက်ရှိသည်။

တရုတ်၏ ကြိုးပမ်းချက် အာဆီယံ၏ ကန့်ကွက်မှုနှင့်ကြုံခဲ့ရသောကြောင့် နေပြည်တော်၌ အာရှရေးရာ အထူးကိုယ်စားလှယ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့၏ တွေ့ဆုံမှုတွင် တရုတ်အနေဖြင့် အာဆီယံ၏ ရပ်တည်ချက်အား လက်ခံမည်ကို မစ္စတာဆွန်းကော့ရှန်က ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြခဲ့သည်။

နိုဝင်ဘာ ၁၄ ရက်တွင် ထိုင်းနိုင်ငံ လက်ထောက်ဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် နေပြည်တော်သို့ ရောက်ရှိလာပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံလက်ထောက်ဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ လက်ထောက်ဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်တွင် COVID-19 ကာကွယ်ဆေး လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်းလည်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နိုဝင်ဘာ ၁၃ ရက်တွင် ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေးအထူးကိုယ်စားလှယ်၊ နီပွန် ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံသည်။

ဂျပန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေး အထူးကိုယ်စားလှယ်၊ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု နိုဝင်ဘာ ၁၃ ရက်တွင် တပ်မတော်ဘက်က သတင်းထုတ်ပြန်သည်။

မစ္စတာ ဆာဆာကာဝါသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်ကာလအတွင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် အစိုးရထိပ်ပိုင်း ခေါင်းဆောင်များ၊ SNLD ၊ ANP ၊ ပြည်သူ့ပါတီစသည့် နိုင်ငံရေးပါတီအချို့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

မစ္စတာ ဆာဆာကာဝါအနေဖြင့် NLD ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးနှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်ဟု ၎င်းကဆိုသော်လည်း အဆိုပါ ခေါင်းဆောင်တစ်ဦးမှာ မည်သူမည်ဝါဖြစ်သည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

ထို့ပြင် မစ္စတာဆာဆာကာဝါသည် ရခိုင်ပြည်နယ်သို့ သွားရောက်၍ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာမတိုင်မီက တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသော တိုက်ပွဲရှောင်ပြည်သူများထံ သွားရောက်ခဲ့သည်။

နိုဝင်ဘာ ၁၂ ရက်မှစ၍ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် မစ္စတာ ဆာဆာကာဝါသည် နိုဝင်ဘာ ၁၈ ရက်တွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ Melia ဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

၎င်းအနေဖြင့် အဆိုပါသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံရေးဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်သည့် အကြောင်းအရာများကို အဓိကဦးစားပေး ပြောကြားသွားခြင်းမရှိဘဲ မြန်မာနိုင်ငံတွင် နီပွန်ဖောင်ဒေးရှင်းက လုပ်ဆောင်သွားမည့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကိုသာ ဦးစားပေးပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွက် COVID-19 ကာကွယ်ဆေး အနည်းဆုံး တစ်သန်းလှူဒါန်းခြင်း အပါအဝင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အမေရိကန်ဒေါ်လာ ၁၇ သန်းအား လျာထားကြောင်း မစ္စတာ ဆာဆာကာဝါက သတင်းစာရှင်းလင်းပွဲတွင် အသိပေးပြောကြားခဲ့သည်။

အဆိုပါ ကာကွယ်ဆေးလှူဒါန်းခြင်းနှင့် ပြည်လည်ထူထောင်ရေး လုပ်ငန်းများကို ရန်ကုန်မြို့ရှိ နီပွန်ဖောင်ဒေးရှင်းရုံးက တိုက်ရိုက်ဆောင်ရွက်သွားမည်ဖြစ်သည်။

မစ္စတာ ဆာဆာကာဝါသည် နေပြည်တော်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲမှု၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ရလဒ်မထွက်သေးသည့် ဆွေးနွေးမှုများနှင့်ပတ်သက်၍ ၎င်းအနေဖြင့် မည်သည့်အကြောင်းအရာကိုမျှ ထုတ်ဖော်ပြောကြားမည်မဟုတ်ဘဲ ရေငုံနှုတ်ပိတ်သော သံတမန်ဆက်ဆံရေးသည် ၎င်းကျင့်သုံးသည့် အခြေခံမူဖြစ်သည်ဟု မစ္စတာ ဆာဆာကာဝါက သတင်းမီဒီယာသမားများကို ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာက မစ္စတာဆာဆာကာဝါ မြန်မာနိုင်ငံသို့ ရောက်ရှိလာစဉ် ဒေါ်အောင်ဆန်းစုကြည်က ၎င်းအမြတ်တနိုးတန်ဖိုးထားရသည့် သံချေးတက်နေသော ဂျပန်ဓားတစ်လက်ကို ပြန်လည်ပြင်ဆင်ပေးရန် တောင်းဆိုကာ မစ္စတာဆာဆာကာဝါထံ ပေးအပ်ခဲ့သည်ဟု မစ္စတာ ဆာဆာကာဝါက နိုဝင်ဘာ ၁၈ ရက် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာသမားများကို ပြောပြသည်။

၎င်းအနေဖြင့် အဆိုပါဓားအား ပြန်လည်ပြင်ဆင်ရန်အတွက် အချိန်ကာလအားဖြင့် ရှစ်လကြာ အချိန်ယူခဲ့ရပြီး ယခုအခါ ဓားသွေး ပြင်ဆင်ခြင်းလုပ်ငန်းမှာ ပြီးစီးသွားခဲ့ပြီဖြစ်ကြောင်း မစ္စတာ ဆာဆာကာဝါက ပြောပြသည်။

“အခု ဒီဓားလည်း ပြုပြင်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ အတတ်နိုင်ဆုံး၊ အမြန်ဆုံး ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်ပေးအပ်နိုင်မယ့်ရက်ကို မျှော်လင့်လျက်ရှိပါတယ်” ဟု မစ္စတာဆာဆာကာဝါက ပြောသည်။  

အဆင့်မြင့်သံတမန်များ ရက်သတ္တတစ်ပတ်အတွင်း မြန်မာနိုင်ငံသို့ အသီးသီးရောက်ရှိလာခြင်းသည် ဖြစ်ရပ်နှစ်ခုကို ထင်ဟပ်ပြခြင်းဖြစ်သည်ဟု နိုင်ငံတကာသတင်းမီဒီယာ တချို့ကသုံးသပ်သည်။

ပထမတစ်ခုမှာ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ဖြစ်ရပ်များနှင့်ပတ်သက်၍ နိုင်ငံတကာက စိုးရိမ်ခြင်းဖြစ်ပြီး ဒုတိယတစ်ခုမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရကို ချဉ်းကပ်ရာတွင် အပြန်အလှန် နားလည်မှုရယူသည့် နည်းလမ်းကို ပိုမိုအသုံးပြုခြင်းဖြစ်သည်ဟု နိုင်ငံတကာသတင်းမီဒီယာအချို့က ယူဆသည်။

ဒုတိယအချက်သည် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နှင့်ပတ်သက်၍ သံတမန်ရေးရာအရ စုပေါင်းလုပ်ဆောင်ခြင်းမှ သက်ဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်၍ ဆုံချက်ကို ပိုမိုချုံ့ကာ လုပ်ဆောင်သည့်သဘောဖြစ်သည်ဟု နိုင်ငံတကာသတင်းမီဒီယာအချို့က ရှုမြင်သည်။

ယင်းသို့ ရှုမြင်သုံးသပ်မှုများ မည်မျှအထိ မှန်ကန်မှုရှိမည် သို့မဟုတ် နိုင်ငံတကာက ပြောင်းလဲကျင့် သုံးလာသည့် သံတမန်ရေးရာ ချဉ်းကပ်မှုပုံစံက မည်မျှအလုပ်ဖြစ်မည်ဆိုသည်ကို အချိန်ကာလအတိုင်း အတာတစ်ခုအထိ စောင့်ကြည့်ရမည့်သဘော ဖြစ်နေသည်။

မည်သို့ပင်ဖြစ်စေ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေမှာ အခက်အခဲအကျပ်အတည်းနှင့် ရင်ဆိုင်နေရဆဲဖြစ်ပြီး စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရဆဲဖြစ်ကာ အဖြေရှာရန် ခက်ခဲနေသော ပုစ္ဆာတစ်ပုဒ်အဖြစ်ပင် ရှိနေသေးသည်။

Most Read

Most Recent