ဗဟိုဘဏ်က ဒစ်ဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်ထုတ်ပြန်ခြင်း၊ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများအား COVID-19 ရန်ပုံငွေမှ ချေးငွေလျှောက်လွှာလက်ခံရက်ကို ဒီဇင်ဘာ ၃ ရက်အထိ တိုးမြှင့်ခြင်း

ဗဟိုဘဏ်က ဒစ်ဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်ထုတ်ပြန်ခြင်း၊ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများအား COVID-19 ရန်ပုံငွေမှ ချေးငွေလျှောက်လွှာလက်ခံရက်ကို ဒီဇင်ဘာ ၃ ရက်အထိ တိုးမြှင့်ခြင်း
ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုကို တွေ့ရစဉ်
Published 21 November 2021
ရွှန်းလဲ့ဝင်း

ဗဟိုဘဏ်က ဒစ်ဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်ထုတ်ပြန်ခြင်း

ဘဏ်စာရင်းအဟောင်းသို့ ငွေသားဖြင့် ဝင်ရောက်ခြင်းဖြစ်ပါက ငွေသားပေးသွင်းသည့် ပမာဏအတိုင်း ငွေသားပြန်လည် ထုတ်ပေးရန်နှင့် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ဝင်ရောက်ခြင်းဖြစ်ပါက သတ်မှတ်ထားသည့်  ပမာဏအတိုင်းသာ ဆောင်ရွက်ပေးရန် နိုဝင်ဘာ ၁၅ ရက်စွဲဖြင့် ဗဟိုဘဏ်က ထုတ်ပြန်သည့် ဒစ်ဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ လိုက်နာဆောင်ရွက်ရန်ကိစ္စများတွင် ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် ဘဏ်များမှ အခြေပစ္စည်း၊ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ အခြားငွေပေးချေမှုများအတွက် ငွေသားဖြင့်ဖြစ်စေ၊ စာရင်းပြောင်း နည်းလမ်းဖြင့်ဖြစ်စေ၊ ချက်လက်မှတ်/ငွေပေးအမိန့်လွှာများ၊ ဒစ်ဂျစ်တယ်ငွေပေးချေမှု နည်းလမ်းများဖြင့် လက်ခံရရှိသည့်ငွေ ပေးချေမှုများကို ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သည့် ရောင်းချသူ၏သဘောဆန္ဒအရ ဘဏ်စာရင်းအသစ် (သို့မဟုတ်) ဘဏ်စာရင်းအဟောင်းသို့ ထည့်သွင်းပေးရန်နှင့် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်သွားရန် ထပ်မံအကြောင်းကြားထားသည်။

(က) ဘဏ်စာရင်းအသစ်သို့ ဝင်ရောက်ခြင်းဖြစ်ပါက ရောင်းသူစာရင်းသို့ ငွေသားထည့်သွင်းဆောင် ရွက်ခြင်းများအတွက် New A/C များအပေါ် လက်ရှိဆောင်ရွက်ပေးလျက် ရှိသည့်အတိုင်း ငွေသားပေးသွင်းထားသည့် ပမာဏအပေါ် ငွေသားထုတ်ယူခွင့်အပြည့်အဝ ခွင့်ပြုဆောင်ရွက်ပေးရန်နှင့် ရောင်းသူနှင့်ဝယ်သူ နေရာကွဲပြားသော်လည်း ရောင်းသူ၏စာရင်းသို့ ငွေသားထည့်သွင်းလာခြင်းဖြစ်ပါက ငွေသားပြန်လည် ထုတ်ပေးနိုင်ရေးအတွက် ဘဏ်များက စီမံဆောင်ရွက်ထားရန်၊ Digital Sale အဖြစ် ဝင်ရောက်ပါက ရည်ညွှန်း (၂) ပါ စာဖြင့်အများဆုံး  ထုတ်ယူနိုင်သည့်ပမာဏအတိုင်း ဆောင်ရွက်ရန်ဖြစ်သည်။

(ခ) ဘဏ်စာရင်းအဟောင်းသို့ ငွေသားဖြင့် ဝင်ရောက်ခြင်းဖြစ်ပါက ငွေသားပေးသွင်းသည့်ပမာဏအတိုင်း ငွေသားပြန်လည်ပေးသွင်းရန်နှင့် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ဝင်ရောက်ခြင်းဖြစ်ပါက ရည်ညွှန်း (၂) ပါ စာဖြင့်ထုတ်ပြန်ထားသည့် သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ပေးရန် ဖြစ်သည်။

(ဂ) မိမိဘဏ်အတွင်း ဘဏ်ခွဲအချင်းချင်း ငွေသားဖြင့် လွှဲပြောင်းခြင်း၊ မိမိဘဏ်မှ အခြားဘဏ်တစ်ခုခုသို့ CBM-Net အသုံးပြု၍ ငွေလွှဲပြောင်းခြင်းနှင့် ချက်လက်မှတ်စာရင်း ရှင်းလင်းခြင်းများကို ကန့်သတ်ချက်မထားဘဲ လွတ်လပ်စွာဆောင်ရွက်ပေးရန်နှင့် ဘဏ်စရိတ်များလျှော့ချရန် ဖြစ်သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ဘဏ်စနစ်ကိုအခြေခံ၍ ငွေသားစီမံခန့်ခွဲမှု ကောင်းမွန်စေရန်၊ နိုင်ငံတော်အစိုးရ၏ ဒစ်ဂျစ်တယ် စီးပွားရေးအဆောက်အအုံသို့ အသွင်ကူးပြောင်း ဆောင်ရွက်မှုလုပ်ငန်းစဉ် များ ပံ့ပိုးနိုင်ရန်၊ ငွေပေးချေမှုစနစ်များ အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်လျက်ရှိရာ ဘဏ်များအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချမှတ်ထားသည့်အတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သို့မဟုတ်ပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တိုင်ကြားချက်များအပေါ် မူတည်၍ ဘဏ်များအား ငွေရေးကြေးရေးအဖွဲ့

အစည်းများ ဥပဒေ (၂၀၁၆) ၊ ပုဒ်မ- ၁၅၄ ပါ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ရပ်ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်ကိုသုံးစွဲမည့် အများပြည်သူတို့ စနစ်အပေါ် ယုံကြည်စွာလိုက်ပါ ဆောင်ရွက်စေရေးအတွက် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးသူများနှင့် ချိတ်ဆက်၍ ဘဏ်များသို့ ငွေသွင်းခြင်းကို အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်နှင့် မိမိဘဏ်ခွဲများအကြား ငွေလွှဲခြင်း၊ ဘဏ်အချင်းချင်းကြား ငွေလွှဲခြင်းတို့ကို နှောင့်နှေးကြန့်ကြာမှု၊ ကန့်သတ်ချက်များမရှိဘဲ အဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေးအတွက်   စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ အဆင်မပြေမှုများရှိပါက မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ compliant @ cbm.gov.mm နှင့် ဖုန်း ၀၆၇-၄၁၈၂၅၁၊ ၀၆၇-၄၁၈၃၁၆ တို့သို့ ဆက်သွယ်တိုင်ကြားနိုင်ပြီး လိုအပ်သည့် အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်တို့ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း ပြင်ဆင်သည့်အမိန့်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၀ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် ၄၆/၂၀၂၁ ဖြင့် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၉ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု စည်းမျဉ်းအပိုဒ် ၃၅ ကို ပြင်ဆင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူသည် ပို့ကုန်အမှန်တကယ် တင်ပို့ခဲ့သည့် ပို့ကုန်တင်ပို့သည့် အထောက်အထားများအရ ကုန်စည်များကို သင်္ဘောတင်သည့်နေ့မှ သုံးလအတွင်း ပို့ကုန်တင်ပို့သူများက ပို့ကုန်ရငွေများ လက်ခံရရှိခြင်းရှိ မရှိကို စိစစ်ရမည်ဟု ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

နိုင်ငံခြားငွေရောင်း၊ဝယ်လဲလှယ်ခြင်း သတ်မှတ်ချက်ထွက်ပေါ်ပြီးနောက် စျေးကွက်အတွင်း တစ်ဒေါ်လာ ကျပ် ၁၇၀ ခန့် ပြုတ်ကျ

နိုင်ငံခြားငွေများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း ဆောင်ရွက်ရာတွင် ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်း ၀.၅ ရာခိုင်နှုန်းဘောင်အတွင်း သတ်မှတ်ဆောင်ရွက်ရန် ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်ပြီးနောက် စျေးကွက်အတွင်း တစ်ဒေါ်လာ ကျပ် ၁၇၀ ခန့် စျေးပြန်ကျပြီး နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၁၇၈၀ ဝန်းကျင်ဖြင့် စျေးဖွင့်ခဲ့ကြောင်း နိုင်ငံခြားငွေလဲကောင်တာများမှ သိရသည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြား ငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၇၈၆ ကျပ်၊ စင်ကာပူဒေါ်လာ ကျပ် ၁၃၂၀၊ မလေးရှားရင်းဂစ် ၄၂၅ ကျပ်၊ ထိုင်းဘတ် ၅၇ ကျပ်၊ ဂျပန်ယန်း ၁၆.၅ ကျပ်နှင့် တရုတ်ယွမ် ၂၉၅ ကျပ်တို့ဖြစ်သည်။

နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များကသော် လည်းကောင်း၊ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် (MC) လိုင်စင်ရ ဘဏ်များကသော် လည်းကောင်း၊ နိုင်ငံခြားငွေဝယ်ယူ ရောင်းချလဲလှယ်ပေးခွင့် (MC) လိုင်စင်ရဘဏ် မဟုတ်သော ကုမ္ပဏီအဖွဲ့အစည်းများကသော် လည်းကောင်း နိုင်ငံခြားငွေများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းတို့ ဆောင်ရွက်ရာတွင် CBM Reference Rate ၀.၅ ရာခိုင်နှုန်းဘောင်အတွင်း သတ်မှတ်ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားချက် အမှတ် (၁၈/၂၀၂၁) ကို  ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၉ ရက်စွဲဖြင့် ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

“အရင်တုန်းက ကျွန်တော်တို့ဆီမှာ ဒေါ်လာနဲ့ပတ်သက်ရင် Cash ပေါ့နော်။ Money Changer တို့ ဘဏ်တွေမှာ ငွေသားနဲ့ပတ်သက်ပြီး ရောင်းတဲ့စျေးနှုန်းက တစ်စျေး၊ သူက ၁၉၀၀ + or - ရှိနေတယ်ပေါ့နော်။ ၁၉၅၀၊ တစ်ခါတလေကျတော့လည်း ၂၀၀၀ နီးပါးဖြစ်တယ်ပေါ့။  နောက်တစ်ခါ Export Earning ပေါ့။ အကောင့်ထဲမှာရှိတဲ့ပိုက်ဆံ၊ အဲဒီစျေးကလည်း ၁၈၀၀ ဝန်းကျင်လောက်ရှိတယ်။ ခုနကပြောတဲ့ Cash ထက် စာရင် သက်သာတယ်၊ အဲဒါက တစ်စျေး။ နောက်တစ်ခါ ဗဟိုဘဏ်က သတ်မှတ်တဲ့စျေးက တစ်စျေးပေါ့။ အဲဒီလို သုံးမျိုးရှိနေတယ်။ တချို့ကျတော့လည်း ဒေါ်လာနဲ့စျေးဖြတ် တနေရာမှာ အများစုက သိနေတာက ကောင်တာမှာ ရှိနေတဲ့စျေးကိုပဲ ပြောကြတာပေါ့။ ဆိုတော့ တချို့လည်းများတယ်၊ နည်းတယ်ပေါ့။ ဒုတိယအချက်က ဘာလဲဆိုရင် သင်္ဘောသားလစာတို့ NGO တို့ ငွေဝင်တာတွေလည်း ရှိတယ်။ သူတို့က ဘဏ်ကနေဝင်တဲ့အခါ စျေးဖြတ်ပေးတာ နည်းတယ်လို့ ပြောတယ်။ ကျွန်တော်တို့လည်း ပြောတယ်။ စျေးဖြတ်တာ အရမ်းနည်းတယ် ကျွန်တော်တို့ ဘာလုပ်လို့ရမလဲပေါ့။ အဲဒါမျိုးတွေ။ ၁၀၀ ကျော်လောက် ကွာနေတာကို။ ကွာဟချက်တွေ ဖြစ်နေတာပေါ့” ဟု စီးပွားရေးလုပ်ငန်းရှင်ဖြစ်သူ ဒေါက်တာစိုးထွန်းက ပြောကြားသည်။

ရုပ်ရှင်၊ ဂီတ၊ သဘင်၊စာနယ်ဇင်းနှင့် မီဒီယာများကို COVID-19 ရန်ပုံငွေမှ ချေးငွေလျှောက်လွှာ လက်ခံရက်ကို ဒီဇင်ဘာ ၃ ရက်အထိ တိုးမြှင့်

COVID-19 ကြောင့် ထိခိုက်မှု ရှိနေသော ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းများနှင့် မီဒီယာများကို အတိုးနှုန်း တစ်ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်သတ်မှတ်၍ COVID-19 ရန်ပုံငွေမှ ကျပ် ၁၅ ဘီလျံ ထုတ်ချေးပေးမည့် ချေးငွေလျှောက်လွှာများကို ဒီဇင်ဘာ ၃ ရက်အထိ တိုးမြှင့်လိုက်ကြောင်း ကိုဗစ် - ၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ထုတ်ပြန်ထားသည်။

ချေးငွေလျှောက်လွှာများကို အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၁၉ ရက်အတွင်း အစိုးရရုံးဖွင့်ရက်များတွင် ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် အသင်းရုံးများတွင် လက်ခံမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၂ ရက်က ထုတ်ပြန်ခဲ့ရာ လက်ရှိအချိန်တွင် ချေးငွေလျှောက်ထားရန် ပုံစံပါအချက်များ ကိုက်ညီစေရေး ပြင်ဆင်ရခြင်းများ အပါအဝင် လိုအပ်သောကိစ္စရပ်များကို ဆောင်ရွက်ရာတွင် ရုံးပိတ်ရက်များပြားနေမှုကြောင့် အချိန်မီတင်ပြနိုင်ရေး အခက်အခဲဖြင့် ကြုံတွေ့နေရခြင်းကြောင့် ချေးယူလိုသူများက ကာလတိုးမြှင့်ပေးရန် မေတ္တာရပ်ခံလာကြသဖြင့်  ချေးငွေလျှောက်လွှာကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက် တိုးမြှင့်လိုက်ကြောင်း သိရသည်။

အဆိုပါ ချေးငွေများကို (၁) ရုပ်ရှင်၊ဗီဒီယို၊ရုပ်သံ၊အသံလွှင့်စသည်တို့ ရိုက်ကူးခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ချိခြင်း၊ ပြသခြင်းဆောင်ရွက်သည့် လုပ်ငန်းများ၊ တေးဂီတဝိုင်းများ၊ စာနယ်ဇင်း  ပုံနှိပ်ခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ရောင်းချခြင်း ဆောင်ရွက်သည့် လုပ်ငန်းများတွင် အကျုံးဝင်ကိုက်ညီသော ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းများနှင့် မီဒီယာများကို ချေးယူခွင့်ပြုမည်ဟု သိရသည်။

ချေးငွေပြန်လည် ပေးဆပ်ရန် ပျက်ကွက်မှုကြောင့် ဘဏ်တစ်ခုခုက တရားစွဲဆိုခြင်းခံထားရသည့် လုပ်ငန်းမဖြစ်စေရ၊ ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးသည့် ချေးငွေကို ယခင်က ရယူထားပြီး ဖြစ်သည့်လုပ်ငန်း မဖြစ်စေရ။

ချေးငွေများ ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည် ဖြစ်သည်။ထို့ပြင် ချေးငွေရယူထားသည့် ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းများအနေဖြင့် ချေးငွေပေးဆပ်မှု ပျက်ကွက်ပါက Credit Bureau တွင် Negative List အဖြစ် ထည့်သွင်းခံရမည်ဖြစ်ပြီး ဘဏ်၊ ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်း၊ အသေးစားငွေကြေးရေးလုပ်ငန်းတို့မှ ချေးငွေရယူနိုင်ခြင်းမရှိစေရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent