၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ သတ်ဖြတ်ခံရသည့် နိုင်ငံ့ဝန်ထမ်း ၃၈ ဦးရှိပြီး ၇၉ ဦး ဒဏ်ရာရရှိ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ သတ်ဖြတ်ခံရသည့် နိုင်ငံ့ဝန်ထမ်း ၃၈ ဦးရှိပြီး ၇၉ ဦး ဒဏ်ရာရရှိ
Published 20 November 2021

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ သတ်ဖြတ်ခံရသည့် နိုင်ငံ့ဝန်ထမ်း ၃၈ ဦးရှိပြီး ၇၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

နိုင်ငံတော်အစိုးရ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများက ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နေမှုအပေါ် မလိုလားသော အုပ်စုများသည် ၎င်းတို့ကိုယ်ကျိုးအတ္တကို ရှေ့တန်းတင်၍ သတ်ဖြတ်မှုများကို ဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကိုလည်း သတ်ဖြတ်ခြင်းများ ဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ သတ်ဖြတ်ခံရသည့် နိုင်ငံ့ဝန်ထမ်း ၃၈ ဦးရှိပြီး ၇၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

သတ်ဖြတ်ခံရမှုကြောင့် သေဆုံးခဲ့ရသည့် နိုင်င့ံဝန်ထမ်း ၃၈ ဦးမှာ နေပြည်တော်တွင် တစ်ဦး၊ ကချင်ပြည်နယ်တွင်တစ်ဦး၊ ချင်းပြည်နယ်တွင် နှစ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ခုနစ်ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် နှစ်ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် တစ်ဦး၊ မကွေးတိုင်းဒေသကြီးတွင် ၁၀ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ခုနစ်ဦး၊ မွန်ပြည်နယ်တွင် နှစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် လေးဦးနှင့် ရှမ်းပြည်နယ်တွင် တစ်ဦးတို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါသေဆုံးခဲ့ရသည့် နိုင်င့ံဝန်ထမ်း ၃၈ ဦးတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခုနစ်ဦး၊ အကျဉ်းဦးစီးဌာနမှတစ်ဦး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှနှစ်ဦး၊ မြေစာရင်းဝန်ထမ်းတစ်ဦး၊ သစ်တောဝန်ထမ်းနှစ်ဦး၊ လျှပ်စစ်ဝန်ထမ်းလေးဦး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ မီးရထားဝန်ထမ်းနှစ်ဦးနှင့် စာတိုက်ဝန်ထမ်းတစ်ဦး၊ ပညာရေးဝန်ထမ်း ၁၂ ဦး၊ ကျန်းမာရေးဝန်ထမ်း သုံးဦး၊ ဆောက်လုပ်ရေးဝန်ထမ်းတစ်ဦးနှင့် စည်ပင်ဝန်ထမ်းတစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။

အလားတူ သတ်ဖြတ်မှုကြောင့် သေဆုံးခြင်း မရှိသော်လည်း ဒဏ်ရာရရှိခဲ့သည့် နိုင်ငံ့ဝန်ထမ်း ၇၉ ဦးမှာ နေပြည်တော်တွင် နှစ်ဦး၊ ကချင်ပြည်နယ်တွင် ၁၀ ဦး၊ ကယားပြည်နယ်တွင် လေးဦး၊ ကရင်ပြည်နယ်တွင် တစ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၅ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ၁၁ ဦး၊ မကွေးတိုင်းဒေသကြီးတွင်လေးဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၂၀ ဦး၊ မွန်ပြည်နယ်တွင် နှစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ခြောက်ဦး၊ ရှမ်းပြည်နယ်တွင် တစ်ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် နှစ်ဦးတို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ ဖော်ပြထားသည်။

အဆိုပါ ဒဏ်ရာရရှိခဲ့သည့် နိုင်ငံ့ဝန်ထမ်း ၇၉ ဦးတွင် လွှတ်တော်ရုံးဝန်ထမ်းတစ်ဦး၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း ၁၅ ဦး၊ ပြန်ကြားရေးဝန်ထမ်းတစ်ဦး၊ မြေစာရင်းဝန်ထမ်းနှစ်ဦး၊ သစ်တောဝန်ထမ်းငါးဦး၊ လျှပ်စစ်ဝန်ထမ်း ၁၃ ဦး၊ အကောက်ခွန်ဝန်ထမ်း သုံးဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာနမှ ဝန်ထမ်းလေးဦး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ မီးရထားဝန်ထမ်းတစ်ဦးနှင့် ရေကြောင်းဝန်ထမ်းလေးဦး၊ ပညာရေးဝန်ထမ်း ၁၅ ဦး၊ ကျန်းမာရေးဝန်ထမ်းကိုးဦးနှင့် စည်ပင်ဝန်ထမ်းခြောက်ဦးတို့ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထက်ပါကဲ့သို့သော လုပ်ကြံသတ်ဖြတ်မှုကြောင့် နိုင်ငံ့ဝန်ထမ်းများ သေဆုံးခဲ့ရခြင်းအပြင် မိုးမောက်၊ မိုးညှင်း၊ မင်းတပ်၊ ကနီ၊ ပုလဲ၊ မင်းကင်း၊ ကောလင်း၊ ကလေး၊ မုံရွာ၊ ဝမ်းတွင်းစသည့် မြို့နယ်များတွင် လုပ်ကြံသတ်ဖြတ်မှုကြောင့် ရဟန်းသံဃာ ၁၂ ပါး ပျံလွန်တော်မူခဲ့ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် လုပ်ကြံသတ်ဖြတ်မှုကြောင့် ဆရာ၊ ဆရာမနှင့် ပညာရေးဝန်ထမ်း ၁၂ ဦး သေဆုံးခဲ့ကြောင်းနှင့် နေပြည်တော်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာတီတိုင်းဒေသကြီးတို့တွင် လုပ်ကြံသတ်ဖြတ်မှုကြောင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိ ၁၉၈ ဦး သေဆုံးခဲ့ကြောင်လည်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Most Read

Most Recent