မြောက်ဥက္ကလာပမြို့နယ် သုနန္ဒာလမ်းပေါ်တွင် ပံသကူအမှတ်ဖြင့် အထုပ်တစ်ထုပ်အား ကောက်ယူရာမှ ပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံး

မြောက်ဥက္ကလာပမြို့နယ် သုနန္ဒာလမ်းပေါ်တွင် ပံသကူအမှတ်ဖြင့် အထုပ်တစ်ထုပ်အား ကောက်ယူရာမှ ပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံး
Published 20 November 2021

မြောက်ဥက္ကလာပမြို့နယ် သုနန္ဒာလမ်းပေါ်တွင် ပံသကူအမှတ်ဖြင့် အထုပ်တစ်ထုပ်အား ကောက်ယူရာမှ ပေါက်ကွဲပြီး အမျိုးသားတစ်ဦးသေဆုံးမှု နိုဝင်ဘာ ၁၉ ရက်၊ ည ၇ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း အဆိုပါ မြို့နယ်နေသူများထံမှ သိရသည်။

သေဆုံးသွားသည့် အမျိုးသားမှာ အနှေးယာဉ်နင်းသူ ဦးလှထွေး ဆိုသူဖြစ်ပြီး မောင်နှမ ကိုးယောက်အနက် အငယ်ဆုံးဖြစ်ကြောင်းသိရသည်။

မြောက်ဥက္ကလာပမြို့နယ် ည ရပ်ကွက်၊သုနန္ဒာလမ်းပေါ် ဧရာမှတ်တိုင်နှင့် ဘုမ္မာ ကြားတွင် ယာဉ်တစ်စီးပေါ်မှ အထုပ်နှစ်ထုပ် ပစ်ချခဲ့ကြောင်း၊  ပထမ တစ်ထုပ်မှ ပေါက်ကွဲပြီးနောက် ပံသကူဟု ထင်မှတ်၍ ဦးလှထွေး ကောက်ယူထားသည့် အထုပ်မှ ဒုတိယအကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် အသက် ၅၄ ကျော်အရွယ် ဦးလှထွေးသည် ဝမ်းဗိုက်ပေါက်ပြဲ ပွင့်ထွက် ဒဏ်ရာရရှိခဲ့ကာ မြောက်ဥက္ကလာပဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူ ဦးလှထွေး၏ မိသားစုဝင်တစ်ဦးက "  ကြားရတာက ပထမတစ်လုံးကွဲသွားတယ်။ နောက်တော့ သူပံသကူကောက်ထားတဲ့ အထုပ်ကနေ မိနစ်ပိုင်းကြာတဲ့အချိန်မှာ ဒုတိယအကြိမ်ပေါက်ကွဲတယ်။ ဗိုက်ကပွင့်ထွက်သွားပြီး အူတွေ ထွက်ကျကုန်တယ်။ မြောက်ဥက္ကလာဆေးရုံကို ပို့ပြီး ဆေးကုသခဲ့ပါတယ်။ သွေးတွေလည်းသွင်းရတယ်။ ည ၉ ခွဲလောက်မှာ ဆုံးသွားပါတယ် " ဟု ပြောကြားခဲ့သည်။

သေဆုံးသူ အနှေးယာဉ်နင်းသူ ဦးလှထွေးသည် ည ရပ်ကွက်၊ ဧရာလမ်းသွယ် ၂၂ လမ်း၊ အိမ်အမှတ် ၁၂၂၄ တွင်နေထိုင်ကြောင်း သိရပြီး ကျန်ရစ်သည့်မိသားစုသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။

Most Read

Most Recent