စေ့ဆော်မှု

စေ့ဆော်မှု
Published 18 November 2021

စိတ်ပညာသည် လူတို့၏ စိတ်နေသဘောထားနှင့် အပြုအမူကို သိပ္ပံနည်းကျကျ လေ့လာသည့် ပညာရပ် ဖြစ်သည်။ စိတ်ပညာ၏ ရည်ရွယ်ချက်မှာ ယေဘုယျသဘောတရားများနှင့် သာဓကများကို ရှာဖွေရန်ဖြစ်ပြီး လူ့ဘောင်အဖွဲ့အစည်းအား အကျိုးပြုနိုင်ရန် ဖြစ်သည်။ စိတ်ပညာရှင်များသည် လူတစ်ဦးတစ်ယောက်ချင်း၏ စိတ်နေစိတ်ထားနှင့် အပြုအမူကို သဘောပေါက် နားလည်နိုင်ရန် ကြိုးစားကြသည်။ ထို့အပြင် အချို့၏ စိတ်နေ စိတ်ထားနှင့် အပြုအမူနောက်ကွယ်ရှိ စိတ်ပိုင်းဆိုင်ရာနှင့် အာရုံပိုင်းဆိုင်ရာ အကြောင်းရင်းများကိုလည်း လေ့လာကြသည်။ စိတ်ပညာသည် ဒဿနိကဗေဒပညာရပ်မှ ခွဲထွက်လာသော အပြုအမူဆိုင်ရာသိပ္ပံပညာရပ်တစ်ခု ဖြစ်သည်။

လူတို့ သဘာဝအလျောက်ပြုမူကြသည်မှာ အဘယ်အကြောင်းကြောင့်နည်းဟူသော အချက်ကို လေ့လာခြင်းသည် စိတ်ပညာတွင် အရေးကြီးသော လေ့လာချက်ဖြစ်၏။ စိတ်ပညာအရ ထိုအကြောင်းကို ရှာသည့်အခါ စေ့ဆော်တိုက်တွန်းမှုကြောင့် ဖြစ်သည်ဟု တွေ့ရသည်။ စေ့ဆော်တိုက်တွန်းမှုသည် နဂိုဇာတိပါ ကိုယ်တွင်းစေ့ဆော်မှုများကြောင့်လည်းကောင်း၊ လူမှုဆက်ဆံရေးအားဖြင့် လေ့လာယူရသော စေ့ဆော်မှုများကြောင့်လည်းကောင်း ဖြစ်ရသည်။ နဂိုဇာတိပါ ကိုယ်တွင်းစေ့ဆော်မှုများမှာ ဆာလောင်ခြင်း၊ ရေငတ်ခြင်း၊ ဖိုမဇာတိစိတ်၊ မိဘဇာတိစိတ်၊ သင်းပင်းဇာတိစိတ်၊ မိမိကိုယ်ကိုယ် ထင်ပေါ်လိုသော ဇာတိစိတ် စသည်တို့ဖြစ်သည်ဟု စိတ်ပညာရှင်များက ယူဆကြသည်။ စိတ်သရုပ်ခွဲပညာရှင် ဆစ်ဂမန်ဖရွိုက်ကမူ လူ၏ အပြုအမူအားလုံးသည် ဖိုမဇာတိစိတ်၏ စေ့ဆော်မှုပေါ်တွင် တည်နေသည်ဟု ဆိုသည်။ အချို့စိတ်ပညာရှင်များကလည်း မိဘစိတ်၊ သင်းပင်းစိတ်တို့မှာ လူမှုဆက်ဆံရေးမှ ဖြစ်ပေါ်လာသော စေ့ဆော်မှုများဖြစ်သည်ဟု ယူဆကြသည်။

အရွယ်ရောက်သော လူ၏ အပြုအမူများသည် နဂိုဇာတိပါသော စေ့ဆော်မှုများကြောင့် ဖြစ်သည်ထက် လေ့လာယူရသော စေ့ဆော်မှုများမှရအပ်သည့် စွဲလမ်းစိတ်များကြောင့် ဖြစ်ရသည်ဟု ပညာရှင်အများအပြားက သဘောတူကြပြန်သည်။ စွဲလမ်းစိတ်များမှ ချစ်ခြင်း၊ မုန်းခြင်းစသော စိတ်မျိုးကို ဆိုလိုသည်။ လူအများသည် ဝတ္ထုမဲ့စွဲလမ်းစိတ်ဖြစ်သော အမှန်တရား ခင်တွယ်ခြင်းကြောင့် ကြိုးပမ်းသည်ထက်၊ ဝတ္ထုစွဲလမ်းစိတ်ဖြစ်သော ပုဂ္ဂိုလ်ခင်တွယ်ခြင်း၊ မုန်းတီးခြင်းတို့ကြောင့် ပိုမိုအားထုတ်ဆောင်ရွက်တတ်ကြကြောင်း တွေ့ရှိခဲ့သည်။

ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တွင် စွဲလမ်းစိတ်များစွာ ရှိတတ်ရာ အချို့သော ပုဂ္ဂိုလ်တို့တွင် ပဓာနစွဲလမ်းစိတ်တစ်ခုသည် အခြားစွဲလမ်းစိတ်များကို ဖိနှိပ်လွှမ်းမိုးတတ်၏။ ထိုသို့သော ပုဂ္ဂိုလ်များသည် အရာရာတွင် ပဓာနစွဲလမ်းစိတ်၏ စေ့ဆော်သည့်အတိုင်း ပြုမူဆောင်ရွက်တတ်၏။ ပမာအားဖြင့် ဂျာမန်အာဏာရှင် ဟစ်တစ်လာ၌ မိမိ၏ တန်ခိုးကြီးလိုသော စွဲလမ်းစိတ်သည် သားမယားခင်မင်စိတ်၊ မိတ်ဆွေခင်မင်စိတ်စသည်တို့ကို လွှမ်းမိုးသွားသဖြင့် မေတ္တာခေါင်းပါးလျက် ကမ္ဘာတစ်ခွင်၌ အာဏာရှင်ဖြစ်ရန် အစွမ်းကုန်အား ထုတ်ခဲ့လေသည်။ ထိုသို့ပဓာနစွဲလမ်းစိတ်ရှိသော ပုဂ္ဂိုလ်များမှာ စိတ်ပဋိပက္ခမှုများကင်း၍ စိတ်တည်ကြည်စုစည်းနိုင်သော ပုဂ္ဂိုလ်များဖြစ်ကြသည်။ ပဓာနစွဲလမ်းစိတ်မရှိသော ပုဂ္ဂိုလ်များ၌ စိတ်ပဋိပက္ခမှုများ ဖြစ်တတ်သည်။ လူတစ်ဦးတစ်ယောက်၏ ပဓာနစွဲလမ်းစိတ်ကို သိရှိသောအခါ၊ ထိုသူ၏ အကျင့်စရိုက်ကို သိနိုင်သည်။ စိတ်ပညာရှင်ကတဲက “လူတစ်ဦးတစ်ယောက်သည် မည်သည့်အရာကို ရိုသေလေးမြတ်သည်၊ မည်သည့်အရာများကို စက်ဆုပ်သည်၊ ခင်မင်သည်၊ မုန်းတီးသည်၊ မြတ်နိုးသည်ဟု သိရှိသောအခါ ထိုသူ၏ အပြုအမူကို အသင့်အတင့် ခန့်မှန်းနိုင်ပြီ” ဟု ရေးသားခဲ့သည်။

လူတို့၏ အပြုအမူသည် လူများနှင့် ဆက်ဆံပြုမူခြင်းဖြစ်သည်။ လူတစ်ဦးတစ်ယောက်က အစုအဝေးတွင် ပါဝင်သောအနေဖြင့် ပြုမူခြင်းသည် တစ်ဦးတည်းပြုမူခြင်းနှင့် ကွာခြားသည်။ အစုအဝေး၏ ညွှန်ခြင်းသည် လူ၏အပြုအမူကို ပြောင်းလဲစေသည်။ လူအုပ်တွင်ပါဝင်သော လူတစ်ယောက်သည် လူအုပ်အလိုက် ပြုမူတတ်သဖြင့် ဆင်ခြင်ကင်းမဲ့သော အပြုအမူမျိုးကို ပြုလုပ်တတ်သည်။ တစ်ဦးကို တစ်ဦး အတုခိုးတတ်သည်။ လူတို့သည် အများအားဖြင့် သက်ဆိုင်ရာလူစု၏ အနေအထိုင်အတိုင်း တူညီအောင် နေတတ်ကြလေသည်။ လူတစ်မျိုးနှင့် တစ်မျိုး စိတ်အခြေအနေ ခြားနားခြင်းရှိသလော၊ ရှိခဲ့လျှင် ဇာတိအတိုင်း ဖြစ်ပေါ်လာသလော၊ သို့မဟုတ် ယဉ်ကျေးမှုထုံးတမ်းများကြောင့်ပင်လော။ ယင်းအချက်တို့ကို စဉ်းစားလိုက်သည့်အခါ ပတ်ဝန်းကျင်ခြားနားခြင်းကြောင့် လူတစ်မျိုးနှင့် တစ်မျိုးခြားနားခြင်း ဖြစ်သည်ဟု စိတ်ပညာရှင်တို့က သဘောတူကြ၏။ လူမျိုးချင်း ခြားနားသည်ထက် လူမျိုးတစ်စုထဲတွင် တစ်ဦးနှင့်တစ်ဦး ပိုမိုခြားနားတတ်သည်။

မည်သို့ပင်ဆိုစေ စိတ်ပညာလေ့လာချက်များဖြင့် လူ၏အကြောင်းကို ပိုမိုနားလည်လာသောကြောင့် လူသားတို့ ကြီးပွားတိုးတက် ငြိမ်းချမ်းသာယာရေးကို ရှေးရှုလျက် လူတို့၏ အပြုအမူများကို ပြုပြင်ရန် စိတ်ပညာကို အသုံးချနိုင်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ ၁၉ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent