ပူတာအိုခရိုင်တွင် COVID-19 ကူးစက်မှုမြင့်မားနေကြောင်း ပူတာအိုခရိုင် ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဇွန်လမှ စတင်ဖြစ်ပေါ်ခဲ့သည့် ကိုဗစ်တတိယလှိုင်းအတွင်း ကူစက်ခံရသူ ၈၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၃ ဦးအထိ မြင့်တက်ခဲ့ကြောင်း ပူတာအိုခရိုင် ကျန်းမာရေးမှူး ဒေါက်တာသန့်ဇင်ထွန်းက ပြောကြားသည်။
၎င်းက “ကျွန်တော်တို့က မြင့်လိုက်ကျလိုက် ဖြစ်နေတယ်။ ဇူလိုင်ကနေ စက်တင်ဘာအထိ ဖြစ်တယ်။ မတွေ့သလောက် ဖြစ်တယ်။ အောက်တိုဘာမှာ ပြန်တွေ့ပြီး ကျသွားတယ်။အခုပြန်မြင့်နေပြန်တယ်။ အဓိကကတော့ ဆောင်းရာသီမှာ ဒီဘက်မှာ အေးလွန်းတော့ ကူးစက်မှုမြင့်တာ။ လူထုက ကျန်းမာရေးနည်းလမ်းတွေကို မလိုက်နာတာတွေပေါ့။ ကျွန်တော်တို့စီမှာက ကျန်းမာရေးဝန်ထမ်း အားနည်းသွားတယ်။ အဲဒီထဲကရှိတဲ့သူက အကူးခံရပြန်တော့ သူတို့ကျန်းမာအောင် ပြန်စောင့်ရတာမျိုးတွေ ဖြစ်ကုန်တာပေါ့။ Volunteer တွေလည်း နိုင်တဲ့ဘက်က ကူပေးကြပါတယ်။တောင်ပေါ်တက်မယ့် ဆရာဆရာမတွေကို စစ်ပြန်တော့ ဒီမှာလာတွေ့တာမျိုးတွေ ဖြစ်ကုန်တယ်။ ခရီးသွားတွေ ဝင်လာပြန်တော့ သူတို့နဲ့အတူပါလာပြီး ဒီမှာပြန်ပျံ့ရော။ အဲဒီလို သံသရာလည်နေတယ်။ လူထုကလည်း လယ်ယာလုပ်ငန်းခွင်သိမ်းချိန်ဆိုတော့ ရောဂါကို ဂရုတစိုက်အလေးမထားတာမျိုးတွေ တွေ့ရတယ်။ ကျန်းမာရေးနဲ့ အုပ်ချုပ်ရေးဦးစီးဌာနတွေကတော့ တတ်နိုင်သမျှပူးပေါင်း လုပ်ဆောင်နေပါတယ်” ဟု ပြောကြားသည်။
ပူတာအိုခရိုင်တွင် ကိုဗစ်ကာကွယ်ဆေးထိုးသည့် လူဦးရေ ခြောက်သောင်းကျော်တွင် နှစ်သောင်းကျော်ကို ကာကွယ်ဆေးထိုးထားကြောင်း ပူတာအိုခရိုင် ကျန်းမာရေးဌာနမှ သိရသည်။
ပူတာအိုခရိုင်တွင် မြို့နယ်ခြောက်မြို့နယ်ရှိပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၉၁၂၅၇ ဦး နေထိုင်ကြောင်းသိရပြီး လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် ခက်ခဲခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ ဖွံ့ဖြိုးမှုအားနည်းခြင်းစသည့် အခြေအနေများကြောင့် မြန်မာနိုင်ငံတွင် တစ်နှစ်အောက် ကလေးသေနှုန်း အမြင့်ဆုံးခရိုင်တစ်ခုဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၅၂၅၉၈၁၉ ခု စစ်ဆေးခဲ့ပြီး ဓာတ်ခွဲအတည်ပြု လူနာပေါင်း ၅၁၄၇၁၆ ဦးရှိကာ သေဆုံးသူ စုစုပေါင်း ၁၈၉၆၃ ဦးရှိကြောင်း သိရသည်။















