ကသာခရိုင် အင်းတော်မြို့နယ်ရှိ မော်တိတ်ကျေးရွာရဲစခန်း မီးရှို့ခံရ

ကသာခရိုင် အင်းတော်မြို့နယ်ရှိ မော်တိတ်ကျေးရွာရဲစခန်း မီးရှို့ခံရ
Published 16 November 2021
ထွန်းလင်းအောင် (မြစ်ကြီးနား)

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် မော်တိတ်ကျေးရွာရဲကင်းမှာ နိုဝင်ဘာ ၁၅ ရက် နံနက် ၂ နာရီခန့်က မီးရှို့ခံရကြောင်း သတင်းရရှိသည်။

အဆိုပါ မော်တိတ်ကျေးရွာရဲစခန်းအတွင်း အဆောက်အအုံသုံးခုအနက်နှစ်ခုကို မီးရှို့ခဲ့ခြင်းဖြစ်ပြီး အဆိုပါမော်တိတ်ကျေးရွာ ရဲစခန်းမှရဲတပ်ဖွဲ့ဝင်များမှာ အင်းတော်မြို့ရဲစခန်းတွင် သွားရောက်ပူးပေါင်းနေသည့်အတွက် အသေအပျောက်များမရှိခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်ရှိ မော်တိတ်ကျေးရွာရဲစခန်းမှာ အင်းတော်မြို့မှ ၁၀ မိုင်ခန့်ဝေးကွာပြီး အင်းတော်-ဗန်းမောက်ကားလမ်းပေါ်တွင် တည်ရှိကြောင်း သိရသည်။

အဆိုပါကျေးရွာဒေသခံတစ်ဦးဖြစ်သူက “ဘယ်အဖွဲ့ဆိုတာတော့ အခုထိဒေသခံတွေ မသိသေးဘူး။ လူမှုကွန်ရက်ပေါ်မှာတော့ Indaw Revolution Team အဖွဲ့ကဆိုပြီး ပြောနေကြတယ်။ အဲဒီရဲစခန်းမှာက ရဲတစ်ယောက်မှ မရှိတော့ပါဘူး။အသေအပျောက်လည်း မကြားဘူး” ဟု ပြောကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက် ညပိုင်းက အင်းတော်မြို့နယ် နဘားမီးရထားရဲကင်းစခန်းကို လက်နက်ကိုင်အဖွဲ့အချို့က ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။ နဘားမီးရထားရဲကင်းစခန်း ဝင်ရောက်စီးနင်းခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ လက်နက်ခဲယမ်းအချို့နှင့် ကွန်ပျူတာတစ်လုံး သိမ်းဆည်းခံရကြောင်း လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့ကြောင်း သိရသည်။

Most Read

Most Recent