စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားကုမ္ပဏီ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားပေါင်းစည်း ဆောင်ရွက်သည့်ကုမ္ပဏီများအား ပြည်တွင်းတွင် လက်လီလက်ကား ရောင်းချခွင့်ပြုသည့် ဦးစားပေးကုန်ပစ္စည်းအုပ်စုစာရင်းကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၂ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
နိုင်ငံခြားကုမ္ပဏီ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီများအား ပြည်တွင်းတွင် လက်လီလက်ကားရောင်းချခွင့်ပြုသည့် ဦးစားပေးကုန်ပစ္စည်းအုပ်စုစာရင်းကို ၂၀၂၁ ခုနှစ် ဇူလိုင် ၂၆ ရက်စွဲဖြင့် သတင်းလွှာ (၃/၂၀၁၈) ထုတ်ပြန်ခဲ့သည်။
ပြည်တွင်းစျေးကွက်အတွင်း ရောင်းချမှုဖြန့်ဖြူးရာတွင် ဝယ်လိုအားနှင့်စျေးကွက်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ရောင်းချခွင့်ပြုထားသည့် ဦးစားပေးကုန်ပစ္စည်းအုပ်စုစာရင်းတွင် စားသောက်ကုန် ကုန်ကြမ်းပစ္စည်းများ၊ တိရစ္ဆာန်အစာ ကုန်ကြမ်းပစ္စည်းများ၊ စက်မှုလုပ်ငန်းသုံးပစ္စည်းများနှင့် စက်မှုကုန်ကြမ်းပစ္စည်းများ၊ မော်တော်ယာဉ်နှင့် ယန္တရားများ၏ အပိုပစ္စည်းများနှင့် ယင်းနှင့်ဆက်စပ်ပစ္စည်းများကို ဦးစားပေးကုန်ပစ္စည်းအုပ်စုစာရင်းတွင် ဖြည့်စွက်ထားသည်။
သို့ဖြစ်ရာ နိုင်ငံခြားကုမ္ပဏီ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား ပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီများအား လက်လီလက်ကား ရောင်းချခွင့်ပြုသည့် ဦးစားပေးကုန်ပစ္စည်း အုပ်စုစာရင်းကို ဖြည့်စွက်ထုတ်ပြန်ထားပြီး သတင်းလွှာ (၃/၂၀၁၈) ကို လွှမ်းမိုးပယ်ဖျက်လိုက်သည်။
အဆိုပါဦးစားပေး ကုန်ပစ္စည်းအုပ်စုစာရင်းတွင် လူသုံးကုန်ပစ္စည်းများ (အဝတ်အထည်၊ နာရီ၊ အလှကုန်ပစ္စည်းများ အပါအဝင်)၊ စားသောက်ကုန်ပစ္စည်းများတွင် လယ်ယာထွက်ကုန်ပစ္စည်း (နိုင်ငံ၏လိုအပ်ချက်အရ တင်သွင်းရောင်းချခွင့်မပြုသောပစ္စည်းများမှ အပ)၊ ရေထွက်ကုန်ပစ္စည်းများ၊ တိရစ္ဆာန်ထွက်ကုန်ပစ္စည်းများ၊ အသင့်စားသုံးနိုင်သည့် စားသောက်ကုန်များ၊ အချိုရည်အမျိုးမျိုး၊ ပြည်တွင်းတွင် ထုတ်လုပ်သော ယမကာများ၊ စားသောက်ကုန်ကုန်ကြမ်းပစ္စည်းများ ပါဝင်သည်။
အိမ်သုံးကုန်ပစ္စည်း၊ မီးဖိုချောင်သုံးကုန်ပစ္စည်းများ၊ ဆေးနှင့်ဆေးပစ္စည်း၊ဆေးရုံသုံး ကိရိယာများ၊ တိရစ္ဆာန်အစာ၊တိရစ္ဆာန်ဆေးဝါးများနှင့် တိရစ္ဆာန်အစာကုန်ကြမ်းပစ္စည်းများ၊ စာရေးကိရိယာများ၊ ပရိဘောဂပစ္စည်းများ၊ အားကစားပစ္စည်း၊ ဆက်သွယ်ရေးပစ္စည်းများ (ကင်မရာ၊ဖုန်းအပါအဝင်)၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ကိရိယာများ၊ လျှပ်စစ်ပစ္စည်းများ၊ စက်မှုကုန်ထုတ်လုပ်ငန်းသုံး ဓာတုပစ္စည်းများ၊ စက်မှုကုန်ထုတ်လုပ်ငန်းသုံး ပစ္စည်းများနှင့် စက်မှုကုန်ကြမ်းပစ္စည်းများ စသည်ဖြင့် အသေးစိတ်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။















