သာမညဖလ အခါတော်နေ့

သာမညဖလ အခါတော်နေ့
Published 16 November 2021

တန်ဆောင်မုန်းလပြည့်နေ့သည် သီတင်းကျွတ်လပြည့်နေ့ကဲ့သို့ပင် ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ်တစ်နေ့ပင် ဖြစ်သည်။ အကြောင်းမှာ တန်ဆောင်မုန်းလပြည့်နေ့၌ ကျင်းပလေ့ရှိသော တန်ဆောင်တိုင်ပွဲတော်သည် ဘုရားရှင်အား ဆီမီးထွန်းညှိပူဇော်သည့် ပွဲတော်ဖြစ်သကဲ့သို့ ကထိန်သင်္ကန်း ကပ်လှူခွင့်ရသော နောက်ဆုံးနေ့ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ ထို့အပြင် တန်ဆောင်မုန်းလပြည့်နေ့သည် မြတ်စွာဘုရားရှင်က အဇာတသတ်မင်းကြီးအမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော် ခေါ် ရဟန်းပြုရ အကျိုးပြတရားတော်ကို ဟောကြားတော်မူသော နေ့ထူးနေ့မြတ် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

ထီးနန်းရယူ ပိုင်ဆိုင်လိုမှုတည်းဟူသော အလိုလောဘကြောင့် ဆရာမိုက်၏ တိုက်တွန်းမှုဖြင့် မိမိ၏ မွေးဖခင်ရင်းကို သတ်မိမှားသူ အဇာတသတ်မင်းသည် မိမိအမှားကို သိမြင်ပြီး နောင်တကြီးစွာရကာ စားမဝင်အိပ်မပျော် ဖြစ်နေသည်။ ထိုသို့ဖြစ်နေစဉ် တန်ဆောင်မုန်းလပြည့်ည၏ အေးချမ်းသာယာကြည်လင်မှုကို မြင်တွေ့ရသည့်အခါ ယခုကဲ့သို့သော နေ့မျိုး၌ အဘယ်သို့သော ရဟန်းသာမဏေ၊ အဘယ်သို့သော ဗြဟ္မဏတို့ထံ ဆည်းကပ်ရလျှင် ကောင်းမည်နည်းဟု တွေးတောမိကာ မင်းချင်းတို့အား ဖွင့်ဟတိုင်ပင်မိသည်။ မင်းချင်းတို့ကလည်း မင်းလိုလိုက် မင်းကြိုက်ဆောင်တတ်သော အခွင့်အရေးသမားများပီပီ မိမိတို့ကိုးကွယ်ဆည်းကပ်သည့် မိစ္ဆာဒိဋ္ဌိဆရာကြီးခြောက်ဦးတို့အား အသီးသီးညွှန်ပြကြရာ အဇာတသတ်မင်းက နားမဝင်ချေ။

ထိုအချိန်တွင် ဗုဒ္ဓဘာသာဝင်ဖြစ်သော ဆေးဆရာ ဇီဝက,ကမူ မည်သို့မျှ မလျှောက်တင်ဘဲ နှုတ်ဆိတ်၍နေသည်ကို အဇာတသတ်မင်းကြီး မြင်တွေ့ရသည့်အခါ ဆရာဇီဝက အဘယ်ကြောင့် ဆိတ်ဆိတ်နေပါသနည်းဟု မေးတော်မူသည်။ ထိုအခါ အခွင့်ကောင်းကို စောင့်မျှော်နေသူ ဆရာဇီဝကသည် မြတ်စွာဘုရားရှင်၏ ဂုဏ်တော်များကို ချီးမွမ်းကာ ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူသော အကျွန်ုပ်၏ဆရာ ဘုရားရှင်သည် ကျွန်တော်မျိုး၏ သရက်ဥယျာဉ်၌ များစွာသော ရဟန်းပရိသတ်ခြံရံကာ သီတင်းသုံးလျက်ရှိပါကြောင်း၊ ဘုရားရှင်အား အရှင်မင်းကြီး ဆည်းကပ်ရပါမူ အရှင်မင်းကြီး၏ စိတ်တော်သည် ကြည်လင်အေးချမ်းလာပါလိမ့်မည်ဟု လျှောက်တင်လေသည်။ ဆေးဆရာ ဇီဝက၏ အကျိုးသင့် လျှောက်ထားတင်ပြမှုကို အဇာတသတ်မင်းကြီး ကြားရသောအခါ ဝမ်းသာအားရဖြစ်တော်မူ၍ ဆင်မြင်းဗိုလ်ပါ ခြံရံလျက် ကြီးကျယ်ခမ်းနားလှသော အစီအစဉ်ဖြင့် ညတွင်းချင်းပင် ဆရာဇီဝက၏ ဥယျာဉ်တော်သို့ ကြွချီတော်မူသည်။

ရဟန်းအပေါင်း ခြံရံလျက် သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားရှင်ကို ဖူးတွေ့ရသည့်အခါ အဇာတသတ်မင်းကြီးက မေးမြန်းလျှောက်ထားသဖြင့် မြတ်စွာဘုရားရှင်သည် သာမညဖလသုတ်တော်ကို ဟောကြားတော်မူသည်မှာ ခဝဲပန်းလှိုင်လှိုင်ပွင့်သော တန်ဆောင်မုန်းလပြည့် ညချမ်းပင်ဖြစ်သည်။ ထိုသို့ ဘုရားရှင်သည် တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ်တော်ကို ဟောကြားတော်မူခြင်းကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလ အခါတော်နေ့ဟု သတ်မှတ်ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။ သာမညဖလတရားတော်ကို နာကြားလိုက်ရသည့်အတွက် အဇာတသတ်မင်းအဖို့ အိပ်မပျော်သော ရောဂါဝေဒနာလည်း ငြိမ်းအေးပျောက်ကွယ်သွားသည်။ ထိုမျှမက ခမည်းတော်ကို သတ်ခဲ့မိသော သူ၏အမှားကိုလည်း ကြီးစွာနောင်တရခဲ့သည်။ သတိတရားရခဲ့သည်။ ထိုမှတစ်ဆင့်တက်၍ ဗုဒ္ဓသာသနာတော်ကို အသက်ပေးကြည်ညိုသူ ဖြစ်လာသည်။   

အဇာတသတ်မင်းကား လွန်မင်းသော ပိတုဃာတကကံကြောင့် မဂ်ဉာဏ်ဖိုလ်ဉာဏ်သို့  မရောက်ဘဲ ဥပါသကာမြောက်ရုံသာ သရဏဂုံပဥ္စသီ၌ တည်၏။ အဇာတသတ်မင်းသည် မဂ်ဖိုလ်ရထိုက်သောသူဖြစ်လျက် အဆွေခင်ပွန်းယုတ်ဖြစ်သော ဒေဝဒတ်နှင့် ပေါင်းဖော်၍ မပြစ်မှားအပ်သော ခမည်းတော်ကို ပြစ်မှားချေသောကြောင့် ကာလရှည်စွာ အဝီစိငရဲ၌ ခံရကောင်းလျက် ဘုရားရှင်ကို လွန်စွာသဒ္ဓါကိုးကွယ်၍ ခမည်းတော်အား ပြစ်မှားမိသောအပြစ်ကို ကန်တော့သောကြောင့် လောဟကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်းခံ၍ လွတ်လျှင် ၀ိဇိတဝိသေသမည်သော ပစ္စေကဗုဒ္ဓါ ဖြစ်လတ္တံ့ဟု ဆိုသည်။ အဇာတသတ်မင်း နန်းတက်သည့်နောက် ရှစ်နှစ်မြောက်၌ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူလေသည်။ ဘုရားပရိ နိဗ္ဗာန်စံဝင်တော်မူပြီးနောက် ရှင်မဟာကဿပမထေရ် အကြီးအမှူးပြုသော သံဃာတော်တို့သည် အဇာတသတ်မင်းကိုမှီ၍ ပထမသင်္ဂါယနာတင်လေသည်။

ထို့ကြောင့် တန်ဆောင်မုန်းလပြည့်နေ့ဟူသည် ဗုဒ္ဓဘာသာဝင်တို့အား ရဟန်းပြုခြင်း၏ အကျိုးတရားများကို အမှတ်ရအောင် သတိပေးနေသည့် နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ ၁၇ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent