မုတ္တမပင်လယ်ကွေ့ကို စနစ်တကျ ထိန်းသိမ်းပါက ငါးပိုမိုရရှိမည်ဖြစ်ကာ ရေလုပ်သားများ ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် မလိုတော့ကြောင်း သထုံခရိုင်ရေလုပ်သား ဖွံ့ဖြိုးရေးအဖွဲ့ဥက္ကဋ္ဌ ပြောကြားသည်။
မုတ္တမပင်လယ်ကွေ့ ငွေတွင်းကြီးကို အစိုးရ၊ဌာနဆိုင်ရာ၊ဒေသခံ အဖွဲ့အစည်းများ ပူးပေါင်းထိန်းသိမ်းပါက ထိုင်းနိုင်ငံတွင် မျက်နာငယ်အဖမ်းခံ အောက်ကျခံ သွားအလုပ်လုပ်ရန်မလိုကြောင်း၊ သထုံခရိုင် ရေလုပ်သားဖွံ့ဖြိုးရေးအဖွဲ့မှ သိရသည်။
“တကယ်လို့သာ မုတ္တမပင်လယ်ကွေ့ကြီးကို စနစ်တကျ အစိုးရလည်းထိန်းမယ်၊ ဒေသခံတွေကလည်း ထိန်းမယ်၊ ဌာနဆိုင်ရာကလည်း တကယ့်ကို ဥပဒေနည်းလမ်းတကျ တိတိကျကျများထိန်းကြည့်စမ်း၊ မုတ္တမပင်လယ်ကွေ့ ကမ်းရိုးတန်းမှာရှိတဲ့လူတွေ ထိုင်းကို အလုပ်သွားလုပ်စရာမလိုဘူး၊ အခုကာလ စျေးငါးတစ်ပိဿာ ကျပ်လေးငါးခြောက်ထောင်ရှိတယ်၊ပင်လယ်ပြင် မိသားတစ်စု သုံးယောက်ပဲထွက် အချိန်တစ်ဆယ်ရလာကြည့် ဒါဆိုအေးဆေးပဲ။ တစ်ဦးချင်း တစ်နေ့ဝင်ငွေကျပ် တစ်သောင်းနှစ်သောင်း ရှိတယ်၊ ကျွန်တော်တို့ ပင်လယ်တစ်ခြားကို သွားစရာမလိုဘူး၊သွားအဖမ်းခံစရာလည်း မလိုဘူး၊ တခြားမှာ သူများအနိုင်ကျင့်ခံစရာလည်း မလိုဘူး၊ကျွန်တော်တို့မိသားစု ရင်ခွင်အောက်မှာ မိသားစုတွက်ရှာဖွေပြီး ရပ်တည်လို့ရတယ်၊ ကျွန်တော်တို့ဂုဏ်မငယ်ပါဘူး၊ ဟိုတုန်းခေတ်ကာလက တံငါဆိုတာ ဂုဏ်ငယ်စရာဖြစ်တယ်၊ အခုရေလုပ်သားတွေ ဂုဏ်မငယ်ရပါဘူး၊ သမ္မာအာဇီဝကျတဲ့ အသက်မွေးဝမ်းကျောင်းကို ကောင်းကောင်းမွန်မွန် ရပ်တည်နိုင်ဖို့အတွက်ကို အထောက်အပံ့က အစိုးရက အားပေးပါ၊ ဌာနဆိုင်ရာက တကယ်ကို အကောင်အထည် ဖော်ရမယ်၊ ဒေသခံတွေကို ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်အောင် မြှင့်တင်ပေးရမယ်။ ဒေသခံအဖွဲ့အစည်းတွေက ဒီလုပ်ငန်းအပေါ် စီမံခန့်ခွဲနိုင်မှုကို အခွင့်အရေးတွေပေးရမယ်၊ အရှင်းဆုံး ပြောရရင် ဒေသခံဆိုတာက သူ့ထမင်းအိုးဖြစ်တဲ့အတွက် သူမရိုက်ခွဲဘူး။ အမြဲတမ်း ထိန်းသိမ်းနေမှာပါ။ အစိုးရကတာဝန်ရှိတဲ့ သူတွေ၊ ဌာနဆိုင်ရာက အစိုးရဝန်ထမ်း ဖြစ်တဲ့တွက် ဒါကိုဥပဒေကြောင်းအရ လုပ်ပေးရမယ့်သူ၊ ပင်လယ်ပြင်ကို လာထိန်းလို့မရဘူး၊ ဝန်ထမ်းလည်း အပြည့်အစုံမရှိဘူး၊ တကယ်ရှိနေတာက ဒေသခံ၊ဒေသခံတက်ကြွတဲ့ အဖွဲ့အစည်းတွေကို ခင်ဗျားတို့ ဒီလိုများထိန်းပါ၊ ဒီလိုအခွင့်အရေးတွေ ရှိပါတယ်။ ဥပဒေမဲ့လုပ်ရင် ဒီလိုအရေးယူခံရပါမယ်၊ ခင်ဗျားတို့ ဒီလိုရေရှည်အကျိုးအတွက်လုပ်တာကို လမ်းဖွင့်ပေးကြည့်ရင်၊ မြှင့်တင်ပေးရင် မုတ္တမပင်လယ်ကွေ့ကြီးဟာ တကယ့်ငွေအိုးကြီး ဖြစ်သွားမယ်” ဟု ဥက္ကဋ္ဌ ဦးမြင့်ဦး (သထုံခရိုင် ရေလုပ်သားဖွံ့ဖြိုးရေးအဖွဲ့) က ပြောကြားသည်။
ယခု ငါးသယံဇာတ ထိခိုက်နေသည်မှာ မုတ္တမပင်လယ်ပြင်ကွေ့တွင် တားမြစ် သံဆန်ခါပိုက်များ စိတ်ကြိုက်ဖမ်းနေရာ တားမြစ်ဖမ်းဆီးမှုမရှိကြောင်း၊ မိမိတို့ရေလုပ်သား ဖွံ့ဖြိုးရေးအဖွဲ့အနေနှင့် ဌာန၊ အစိုးရ၏ ညွှန်ကြားချက်နှင့်ပေါင်းပြီး လုပ်ကိုင်ရသည်ဖြစ်ရာ အစိုးရညွှန်ကြားချက်က ထိထိရောက်ရောက် ဖမ်းဆီးရန်၊ ဥပဒေနှင့်အညီ လုပ်ဆောင်ရန် ညွှန်ကြားမှုမရှိသည့်ပြင် ဌာနက ကိုဗစ်ကာလသွားလာမှု ခက်နေကြောင်း၊ ယခင်အစိုးရလက်ထက်ကလည်း အင်တိုက်အားတိုက် ဆောင်ရွက်မှုမရှိကြောင်း၊ ဒေသခံများက ပင်လယ်ပြင်၊အောက်ခြေတွေ့ကြုံခံစားမှုအရ စိတ်ဓာတ်တက်ကြွသော်လည်း မိမိတို့ချည်းလုပ်ဆောင်၍ မရကြောင်း၊ ငါးလုပ်ငန်းဥပဒေ ရှိသော်လည်း ဒေသခံများ ကျယ်ပြန့်စွာမသိသည့်အတွက် ဥပဒေအရ ထိရောက်စွာ အရေးယူခံနိုင်ကြောင်းကို ချပြမှုမရှိသည့်အတွက် မုတ္တမပင်လယ်ကွေ့တွင် ၀ိသမစီးပွားရေးသမားများက ပိုက်ဆံရအဆင်ပြေကာ ငါးသယံဇာတများကို လက်လွတ်စပယ် ဖမ်းဆီးမှုရှိကြောင်း၊၂၀၂၀/၂၀၂၁ ခုနှစ်ထိ တစ်နှစ်ကျော်ကျော် တားမြစ်သံဆန်ခါပိုက်များနှင့် ငါးဖမ်းနေ၍ ငါးသယံဇာတများ ရှားပါးကြောင်း ဦးမြင့်ဦးက ဆက်လက်ပြောကြားသည်။















