လှည်းကူးမြို့နယ် လှည်းကူး-ဖောင်ကြီးလမ်းတွင် စက်ရုံဖယ်ရီတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ၂၈ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁၅ ရက် နံနက် ၆ နာရီကျော်ခန့်တွင် စက်ရုံကြိုပို့ယာဉ်တစ်စီးမှာ လှည်းကူးမြို့နယ် လှည်းကူး-ဖောင်ကြီးလမ်းအတိုင်း မောင်းနှင်လာစဉ် ကလီထော်စက်ရုံအနီးတွင် တိမ်းမှောက်သွားခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကူညီခဲ့သည့် လှည်းကူးမြို့နယ် ကြက်ခြေနီအသင်းမှ စုံစမ်းရရှိသည်။
“ဘာကြောင့်မှောက်တာလဲတော့ မသိရဘူး။ မနက်က သတင်းရလို့ သွားရောက်ကူညီခဲ့တာပါ။ စက်ရုံကြိုပို့တဲ့ ဖယ်ရီပါ” ဟု လှည်းကူးမြို့နယ် ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသားသုံးဦးနှင့် အမျိုးသမီး ၂၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“၂၈ ယောက် ဒဏ်ရာရတာပါ။ ပြင်းထန်တဲ့ ဒဏ်ရာတွေတော့ မရပါဘူး။ ဆေးရုံကို ပို့ပေးလိုက်ပါတယ်” ဟု လှည်းကူးမြို့နယ် ကြက်ခြေနီအသင်းမှ တာဝန်ရှိသူက ဆိုသည်။
ထိခိုက်ဒဏ်ရာ အနည်းငယ်ပြင်းထန်သူအချို့အား လှည်းကူးဆေးရုံတွင် စောင့်ကြည့်လျက်ရှိကြောင်း ကနဦးသတင်းများအရ သိရသည်။















