နိုင်ငံခြားငွေ ရောင်း၊ ဝယ်၊ လဲလှယ်ရာတွင် ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်း သုည ဒသမ ငါး ရာခိုင်နှုန်း ဘောင်အတွင်း သတ်မှတ်ခြင်းနှင့် နိုင်ငံခြားငွေကြေးအသုံးပြုမှုထိန်းညှိရန် ပြည်ပသွင်းကုန်အချို့ သွင်းကုန်လိုင်စင်စနစ်ဆောင်ရွက်ခြင်း

နိုင်ငံခြားငွေ ရောင်း၊ ဝယ်၊ လဲလှယ်ရာတွင် ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်း သုည ဒသမ ငါး ရာခိုင်နှုန်း ဘောင်အတွင်း သတ်မှတ်ခြင်းနှင့် နိုင်ငံခြားငွေကြေးအသုံးပြုမှုထိန်းညှိရန် ပြည်ပသွင်းကုန်အချို့ သွင်းကုန်လိုင်စင်စနစ်ဆောင်ရွက်ခြင်း
ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုကို တွေ့ရစဉ်
Published 14 November 2021

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း ပြင်ဆင်သည့် အမိန့်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၀ ရက်စွဲဖြင့် အမိန့် ကြော်ငြာစာအမှတ် ၄၆/၂၀၂၁ ဖြင့် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၉ ပုဒ်မခွဲ(က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နိုင်ငံခြား သုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် ၃၅ ကိုပြင်ဆင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူသည် ပို့ကုန်အမှန်တကယ် တင်ပို့ခဲ့သည့် ပို့ကုန်တင်ပို့သည့် အထောက်အထားများအရ ကုန်စည်များကို သင်္ဘောတင်သည့်နေ့မှ သုံးလအတွင်း ပို့ကုန်တင်ပို့သူများက ပို့ကုန်ရငွေများ လက်ခံရရှိခြင်းရှိ မရှိကို စိစစ်ရမည်ဟု ပြင်ဆင်လိုက်ခြင်းဖြစ်သည်။

နိုင်ငံခြားငွေရောင်း၊ ဝယ်လဲလှယ်ခြင်း သတ်မှတ်ချက်ထွက်ပေါ်ပြီးနောက် စျေးကွက်အတွင်း တစ်ဒေါ်လာ ကျပ် ၁၇၀ ခန့် ပြုတ်ကျ

နိုင်ငံခြားငွေများ ရောင်းချခြင်း၊၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း ဆောင်ရွက်ရာတွင် ဗဟိုဘဏ်ရည်ညွှန်း ငွေလဲနှုန်း ±၀.၅ ရာခိုင်နှုန်း ဘောင်အတွင်း သတ်မှတ်ဆောင်ရွက်ရန် ဗဟိုဘဏ်က ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက် စျေးကွက်အတွင်း တစ်ဒေါ်လာ ကျပ် ၁၇၀ ခန့် စျေးပြန်ကျပြီး နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၁၇၈၀ ဝန်းကျင်ဖြင့် စျေးဖွင့်ခဲ့ကြောင်း နိုင်ငံခြားငွေလဲကောင်တာများမှ သိရသည်။

နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များကသော်လည်းကောင်း၊ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် (MC) လိုင်စင်ရဘဏ်များကသော်လည်းကောင်း၊ နိုင်ငံခြားငွေဝယ်ယူ ရောင်းချ လဲလှယ်ပေးခွင့် (MC) လိုင်စင်ရဘဏ်မဟုတ်သော ကုမ္ပဏီ အဖွဲ့အစည်းများကသော်လည်းကောင်း နိုင်ငံခြားငွေများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းတို့ ဆောင်ရွက်ရာတွင် CBM Refence Rate ±၀.၅ ရာခိုင်နှုန်းဘောင်အတွင်း သတ်မှတ်ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားချက်အမှတ် (၁၈/၂၀၂၁)ကို  ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၉ ရက်စွဲဖြင့် ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

“အရင်တုန်းက ကျွန်တော်တို့ဆီမှာ ဒေါ်လာနဲ့ပတ်သက်ရင် Cash ပေါ့နော်။ Money Changer တို့ ဘဏ်တွေမှာ ငွေသားနဲ့ပတ်သက်ပြီး ရောင်းတဲ့စျေးနှုန်းက တစ်စျေး၊ သူက ၁၉၀၀ + or - ရှိနေတယ်ပေါ့နော်။ ၁၉၅၀၊ တစ်ခါတလေကျတော့လည်း ၂၀၀၀ နီးပါးဖြစ်တယ်ပေါ့။  နောက်တစ်ခါ Export Earning ပေါ့၊ အကောင့်ထဲမှာရှိတဲ့ပိုက်ဆံ၊ အဲဒီစျေးကလည်း ၁၈၀၀ ဝန်းကျင်လောက်ရှိတယ်။ ခုနကပြောတဲ့ Cash ထက် စာရင် သက်သာတယ်၊ အဲဒါက တစ်စျေး။ နောက်တစ်ခါ ဗဟိုဘဏ်က သတ်မှတ်တဲ့စျေးက တစ်စျေးပေါ့။ အဲဒီလို သုံးမျိုးရှိနေတယ်။ တချို့ကျ တော့လည်း ဒေါ်လာနဲ့စျေးဖြတ် တနေရာမှာ အများစုက သိနေတာက ကောင်တာမှာရှိနေတဲ့စျေးကိုပဲ ပြောကြတာပေါ့။ ဆိုတော့ တချို့လည်းများတယ်၊ နည်းတယ်ပေါ့။ ဒုတိယအချက်က ဘာလဲဆိုရင် သင်္ဘောသားလစာတို့ NGO တို့ ငွေဝင်တာတွေလည်း ရှိတယ်။ သူတို့က ဘဏ်ကနေဝင်တဲ့အခါ စျေးဖြတ်ပေးတာနည်းတယ်လို့ပြောတယ်။ ကျွန်တော်တို့လည်း ပြောတယ်။ စျေးဖြတ်တာ အရမ်းနည်းတယ် ကျွန်တော်တို့ ဘာလုပ်လို့ရမလဲပေါ့။ အဲ ဒါမျိုးတွေ။ ၁၀၀ ကျော်လောက် ကွာနေတာကို။ ကွာဟချက်တွေဖြစ်နေတာပေါ့” ဟု စီးပွားရေးလုပ်ငန်းရှင်ဖြစ်သူ ဒေါက်တာစိုးထွန်းက ပြောကြားသည်။

ဗဟိုဘဏ်က ယင်းကဲ့သို့ သတ်မှတ်ခဲ့သည့်အတွက် ဖြစ်ပေါ်လာနိုင်သည့်အကျိုးဆက်များနှင့် ပတ်သက်၍လည်း “ ဗဟိုဘဏ်အနေနဲ့  ခုနက သတ်မှတ်ချက်တွေကြောင့်တော့ ဘာဖြစ်သွားလဲဆိုရင် ခုနက ကွာဟချက်တွေအားလုံးမရှိတော့ဘူး။ စျေးတစ်စျေးထဲဖြစ်သွားတယ်။ ဘဏ်ကဖြတ်တဲ့စျေးတွေနည်းတယ် များတယ်မဖြစ်တော့ဘူး။ ဒါပေမဲ့ သင်္ဘောသားတွေ NGO ဝန်ထမ်းတွေ သူတို့အတွက်က ခက်သွားတယ်။  တခုရှိတာက Exporter တွေကျတော့ သူတို့အတွက်က သွားချုပ်သလို ဖြစ်နေတယ်။ Exporter တွေက ဒီနေ့အရောင်းအဝယ်လုပ်တဲ့အခါ Importer နဲ့ ညှိပြီးတော့ ကိုယ့်ဟာကိုယ်ကြိုက်ရောင်းကြိုက်ဝယ် လုပ်ကြရတာပေါ့။ အဓိကပြဿနာ တက်သွားတာက အရင်ကဘဏ်ကနေဝယ်ပြီး ကောက်ပေးလို့ရတယ်။ အခုက ဘဏ်က မကောက်တော့ဘူး။ ဘဏ်တွေ Money Changer တွေ ဗဟိုဘဏ်ရဲ့တရားဝင်လိုင်စင် ယူထားတဲ့သူတွေက အရေးယူခြင်း ခံရမယ်ဆိုတဲ့အတွက်ကြောင့်မို့ သူတို့က လုပ်လို့မရဘူး။ လက်ရှိ Money Changer မှာလည်း ရောင်းတဲ့ဝယ်တဲ့သူမရှိဘူး။ ဒေါ်လာအရောင်းအဝယ်လုပ်လို့မရဘူး။ သို့သော် Exporter ၊Importer နဲ့  ငွေအရောင်းအဝယ်လုပ်တဲ့သူတွေက ကိုယ့်ဟာ ကိုယ်ပဲ အရောင်းအဝယ်ကို ညှိနှိုင်းပြီး လုပ်နေရတဲ့စနစ်ကို ပြောင်းသွားတယ်။ အဲဒီပုံစံဖြစ်သွားတယ်။ ဘယ်သူတွေ ပြဿနာရှိသွားလဲဆိုတော့ ခုနက ပြောတဲ့ဘဏ်နဲ့ Money Changer တွေကတော့ ဘုတ်မှာ တင်ထားတဲ့စျေးဖြစ်တဲ့အတွက် ဝယ်မယ့်သူကတော့ လာတာပေါ့၊ ရောင်းမယ့်သူက မရောင်းတော့ဘူး။ အဲတော့ အရောင်းအဝယ်ဖြစ်မှု နည်းသွားတဲ့သဘော ရှိတယ်” ဟု ၎င်းက ပြောကြားသည်။

အဆိုပါသတ်မှတ်ချက်အား ကျော်လွန်ဆောင်ရွက်ပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းတို့အရ အရေးယူမည်ဖြစ်ကြောင်း၊ ယင်းညွှန်ကြားချက်သည် ၂၀၂၁ ခုနှစ်  နိုဝင်ဘာ ၁၀ ရက်မှစ၍ အကျိုးသက်ရောက်စေမည်ဖြစ်သည်။

နိုဝင်ဘာ၁၀ ရက်တွင် ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်း ၉၄ ပွိုင့် ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၁၇၈၃ ဝန်းကျင်သို့ ရောက်ရှိပြီးနောက် ဝယ်ယူလိုသူ များပြားနေပြီး ငွေလဲကောင်တာ အများစုတွင် ဒေါ်လာရောင်းချနိုင်ခြင်း မရှိဖြစ်နေခဲ့ကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်ယူသူများထံမှ သိရသည်။

နိုင်ငံခြားငွေများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း ဆောင်ရွက်ရာတွင် ဗဟိုဘဏ်ရည်ညွှန်း ငွေလဲနှုန်း ±၀.၅ ရာခိုင်နှုန်း ဘောင်အတွင်း သတ်မှတ်ဆောင်ရွက်ရန် ဗဟိုဘဏ်က ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက် စျေးကွက်အတွင်း တစ်ဒေါ်လာ ကျပ် ၁၇၀ ခန့် စျေးပြန်ကျပြီး နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၁၇၈၀ ဝန်းကျင်ဖြင့် စျေးစတင်ဖွင့်လှစ်ခဲ့သည်။

နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၁၇၈၀ ဝန်းကျင်ဖြင့် စတင်ဖွင့်လှစ်ခဲ့သော်လည်း ဝယ်ယူလိုသူသာများပြားနေပြီး ငွေလဲကောင်တာအများစုတွင် ဒေါ်လာရောင်းချနိုင်ခြင်းမရှိ ဖြစ်နေသည်။

“ ကျွန်မက Money Changer လုပ်တော့ ဒေါ်လာစျေးလေးကျတုန်း ဝယ်စုထားမယ်ဆိုပြီး ဒီနေ့မနက်စပြီး ငွေလဲကောင်တာနှစ်ခု သုံးခုကိုသွားခဲ့ပါတယ်။ ဘယ်မှာမှ အဲဒီစျေးနဲ့ ဝယ်မရခဲ့ပါဘူး။ အကုန်လုံးက ဖုန်းနံပါတ်ထားခဲ့ပါ။ ငွေဝင်ရင် ပြန်ဆက်သွယ်ပေးပါမယ်ဆိုပြီးပဲ ပြောပါတယ်” ဟု မရမ်းကုန်းမြို့နယ်မှ မသီရိက ဆိုသည်။

နိုင်ငံခြားငွေကြေး အသုံးပြုမှု ထိန်းညှိရန် ပြည်ပမှတင်သွင်းသည့် ကုန်စည်အချို့ သွင်းကုန်လိုင်စင် စနစ်ဖြင့် ဆောင်ရွက်မည်

ပြည်ပမှကုန်စည်များ တင်သွင်းမှုအတွက် နိုင်ငံခြားငွေကြေး အသုံးပြုမှုကို ထိန်းညှိဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြည်ပမှတင်သွင်းသည့်ကုန်စည်အချို့ကို သွင်းကုန်လိုင်စင်စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

COVID-19 ရောဂါကူးစက်မှု နောက်ဆက်တွဲအနေဖြင့် စီးပွားရေးလုပ်ငန်းများ တုံ့ဆိုင်းခြင်းကို ပြန်လည်ကုုစားနိုင်ရန် နိုင်ငံ၏ပို့ ကုန်တင်ပို့မှု၊ သွင်းကုန်တင်သွင်းမှုများ စနစ်တကျရှိစေရန်နှင့် ပြည်ပမှကုန်စည်များ တင်သွင်းမှုများအတွက် နိုင်ငံခြားငွေကြေးအသုံးပြုမှုကို ထိန်းညှိဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြည်ပမှတင်သွင်းသည့် ကုန်စည်အချို့ကို သွင်းကုန်လိုင်စင်စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

ထိုသို့ ကုန်စည်လိုင်းများကို သွင်းကုန်လိုင်စင်စနစ်သို့ ပြောင်းလဲကျင့်သုံးရာတွင် တင်သွင်းသည့် လုပ်ငန်းရှင်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်စေရန်အတွက် အဆင့်လိုက်ခွဲ၍ လိုင်စင်လျှောက်ထားရန် လိုသောစာရင်းကို ထုတ်ပြန်ဆောင် ရွက်မည်ဖြစ်သည်။

ပထမအဆင့်အနေဖြင့် အီလက်ထရွန်နစ်ပစ္စည်းများ၊ စားသောက်ကုန်အချို့၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ စက္ကူပစ္စည်းများ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများနှင့် သက်ဆိုင်သည့်ပူးတွဲပါ 2017 Customs Tariff of Myanmar အရ H.S Code 6 Digit ဖြင့် ကုန်စည် ၁၄၂၈ လိုင်း သို့မဟုတ် H.S Code 10 Digit ဖြင့် ကုန်စည် ၃၀၇၀ လိုင်းကို သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ သတ်မှတ်လိုက်သည်။

သို့ဖြစ်ရာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ပြန်သောအမိန့် ကြော်ငြာစာအမှတ် ၆၈ /၂၀၂၀ အရ သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုအပ်သော H.S.Code 10 Digit ဖြင့် ကုန်စည်လိုင်း ၃၉၃၁ လိုင်း အပါအဝင် ထုတ်ပြန်ချက်တွင် ပူးတွဲဖော်ပြထားသည့် HS Code များဖြင့် သတ်မှတ်ထားသော ကုန်စည်များသည် သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သော ကုန်စည်လိုင်းများဖြစ်ကြောင်းနှင့် အထက်အပိုဒ် ၃ ပါ လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအနက် မည်သည့် ကုန်စည်ကိုမဆို ပြည်ပမှပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ တင်သွင်းရာတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်၍လုပ်ထုံးလုပ်နည်းနှင့်အညီ သွင်းကုန်လိုင်စင်လျှောက်ထားရယူပြီးမှသာ တင်သွင်းခွင့်ပြုမည်ဖြစ်သည်။

သွင်းကုန်လိုင်စင်လျှောက် ထားရန် လိုအပ်သော အထက်အပိုဒ်(၃)ပါ ကုန်စည်စာရင်းအား ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အမိန့်ကြော်ငြာစာ ဆက်လက်ထုတ်ပြန်သွားမည်ဟု သိရသည်။

သွင်းကုန်လိုင်စင်လျှောက်ရန်လိုသည့် ကုန်ပစ္စည်းအမျိုးအမည်များတွင် အသားနှင့်စားသုံးနိုင်သော  ဝမ်းတွင်းသားများ၊ နို့ထွက်ပစ္စည်းများ၊ သက်ရှိအပင်များနှင့် အခြားအပင်ငယ်များ၊ စားသုံးနိုင်သော ဟင်းသီးဟင်းရွက်များနှင့်အချို့သော သစ်မြစ်များနှင့် ဥမြစ်များ၊ ဂျုံမှုန့်၊ ပြောင်းမှုန့်၊ နှံစားနှင့် မုယောစပါး၊ ဓာတ်မြေသြဇာများ၊ ဆက်သွယ်ရေးသုံးပစ္စည်းများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ မော်တော်ယာဉ်အပိုပစ္စည်းများ၊ ဆေးဝါးဆိုင်ရာ ထုတ်ကုန်ပစ္စည်းများ စသည့်ကုန်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

Most Read

Most Recent