“အစ်ကို့ဆီမှာ ငွေ ၁၂ သိန်းလောက်များရှိမလား။ ကျွန်တော် ဧရာကနေ လွှဲပေးလိုက်မယ်။ ရာခိုင်နှုန်းတော့ အများကြီး မယူပါနဲ့ဗျာ” ဟု ကိုမြင့်အောင် (အမည်လွှဲ) က ပြောကြားသည်။
ကိုမြင့်အောင် ဆိုသူမှာ ဟော့ပေါ့ဆိုင်ဖွင့်ရန် စီစဉ်နေသည့် လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ဆိုင်ဖွင့်ရန် စီစဉ်နေသည်မှာ သုံးလကျော် လေးလခန့်သို့ ရောက်ရှိလာသော်လည်း အစီအစဉ်ကို အကောင်အထည် မဖော်နိုင်သေးပေ။
“ ငွေတွေက ဘဏ်ထဲမှာပိတ်မိနေတယ်။ အပြင်မှာ ကျန်တဲ့ငွေကလည်း တအိအိနဲ့ ကုန်သွားတော့ ရာခိုင်နှုန်းမှ မပေးရင် ထုတ်လို့ရတော့မှာ မဟုတ်ဘူး။ အဲဒါကြောင့် လိုက်ထုတ်နေရတာ” ဟု ကိုမြင့်အောင်က ဆိုသည်။
ကိုမြင့်အောင်ကဲ့သို့ပင် ဘဏ်များတွင် ငွေပိတ်မိနေတဲ့အတွက်ကြောင့် မည်သို့မျှ လုပ်ကိုင်နိုင်ခြင်း မရှိသည့် အခြေအနေကို မြန်မာနိုင်ငံမှ လူအများစုကြုံတွေ့နေရသည်။
ငွေများ အဘယ်ကြောင့် ပိတ်မိနေသနည်း
မြန်မာနိုင်ငံတွင် နိုင်ငံရေးအ ပြောင်းအလဲဖြစ်ပေါ်လာတဲ့ ဖေဖော်ဝါရီနောက်ပိုင်းမှစတင်ကာ ပုဂ္ဂလိကဘဏ်များမှ အပ်ငွေများကို ထုတ်ယူမှုကို ကန့်သတ်ခဲ့သည်။
လူတန်းစားပေါင်းစုံ အသုံးပြုနေသည့် ATM ကတ်များမှာ ယခင်က ကန့်သတ်ချက်မရှိ ငွေထုတ်ယူနိုင်ခဲ့သော်လည်း မတ်လလယ်လောက်မှ စတင်ကာ ငွေထုတ်ယူမှုများကို ကန့်သတ်လာခဲ့ခြင်းဖြစ်သည်။
မတ်လလယ်မှစ၍ ကန့်သတ်ခံခဲ့ရသည့် ATM များတွင် ငွေထုတ်ယူခွင့်မှာ နောက်ပိုင်းတွင် ပိုမိုဆိုးရွားလာခဲ့သည်ဟု ဆိုနိုင်ပြီး ငွေထုတ်လိုသူများအနေဖြင့် နံနက် ၄ နာရီမှ စတင်ကာ တန်းစီစောင့်ဆိုင်းရမှုများ ဖြစ်ပေါ်လာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
ယင်းအခြေအနေတွင် ဗဟိုဘဏ်မှ ထုတ်ပြန်ချက်များမှာလည်း ငွေထုတ်ရခက်ခဲနေသည့်အခြေအနေကို ပိုမိုတင်းကျပ်လိုက်သည်ဟု ဆိုရမည်ဖြစ်သည်။
ဇွန် ၁၆ ရက်တွင် ဗဟိုဘဏ်က ညွှန်ကြားချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ယင်းညွှန်ကြားချက်တွင် ဖော်ပြထားချက်အရ ဘဏ်နှင့်ဆက်သွယ်သူ ကုန်သည်များ၏ အွန်လိုင်းမှ ကုန်ပစ္စည်းရောင်းချမှုများပေါ်တွင် တစ်လအတွင်း ရောင်းချမှုပမာဏ၏ အများဆုံး ရာခိုင်နှုန်း ၅၀ အထိသာ ငွေသားထုတ်ယူခွင့်ကို တစ်လလျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိသာ ထုတ်ယူခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ဘဏ်များအနေဖြင့် လက်ရှိအခြေအနေအရ ငွေကြေး လွယ်ကူမှုနှင့် Assets and Liabilites Management ကို ထိန်းကျောင်းရာတွင် ပိုမိုအားကောင်းရန် လိုအပ်နေသည်ကို တွေ့ရှိရကြောင်း၊ ဗဟိုဘဏ်မှ ရည်ညွှန်း (၁) (ဗဟိုဘဏ်၏ ၂၀၀၇ ခုနှစ် ရက်စွဲပါ ညွှန်ကြားချက် ၆/၂၀၀၇) ပါစာဖြင့် ငွေစုဘဏ်စာရင်းနှင့် အချိန်ပိုင်း အပ်ငွေစာရင်းအသွင်ဖြင့် ဆောင်ရွက်ရန်၊ ရက်သတ္တပတ်တစ်ပတ်လျှင် တစ်ကြိမ်သာ ငွေထုတ်ကန့် သတ်ချက် ကန့်သတ်ခဲ့သော်လည်း ဘဏ်များအနေဖြင့် ငွေစုဘဏ်အပ်ငွေများ၊ အချိန်ပိုင်းအပ်ငွေများနှင့် ပတ်သက်၍ မိမိတို့၏ Customers များအား ဝန်ဆောင်မှုပေးရာတွင် အဆိုပါအပ်ငွေများသည် ချက်ချင်းပေးရမည့် စာရင်းရှင်အပ်ငွေသဖွယ်ဖြစ်နေပြီး ငွေစုဘဏ်/အချိန်ပိုင်းအပ်ငွေစာရင်းများ၏ ရည်ရွယ်ချက်ကို အကောင်အထည်မဖော်နိုင်သည့်အပြင် မိမိတို့ဘဏ်၏ ငွေကြေးလွယ်ကူမှုနှင့် Assets and Liabilities Management ထိန်းကျောင်းမှု အားနည်းကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းကြောင့် ဘဏ်များ၏ ငွေကြေးလွယ်ကူမှုနှင့် ငွေသားစီမံခန့်ခွဲမှုကို ပိုမိုထိန်းကျောင်းရန် လိုအပ်လာသဖြင့် ဗဟိုဘဏ်၏ ရည်ညွှန်းပါ ညွှန်ကြားချက်၊ အကြောင်းစာနှင့်အညီ ဆောင်ရွက်ရန် ဘဏ်များကို အကြောင်းကြားထားသည်ဟု ဖော်ပြထားသည်။
ထို့ပြင် ငွေစုဘဏ်အပ်ငွေ (Saving Deposits) များကို ပြန်လည်တောင်းခံလျှင် ချက်ချင်းပေးရမည့် စာရင်းရှင်အပ်ငွေ (Current Deposits) ကဲ့သို့ ဆောင်ရွက်ခြင်း မပြုဘဲငွေစုဘဏ်၏စည်းကမ်းချက်အတိုင်း ၎င်းစာရင်းမှ ထုတ်ပေးခြင်း၊ စာရင်းလွှဲပြောင်းပေးခြင်းများကို ငွေစုဘဏ်စာရင်းတစ်ခုအတွက် မိမိတို့၏ သုံးစွဲခွင့်ပြုနိုင်သည့် ပမာဏတစ်ခု ကန့်သတ်ပြီး (Current Account) သို့ လွှဲပြောင်းခြင်း သို့မဟုတ် လက်ရှိစာရင်းမှနေ၍) ရက်သတ္တပတ်တစ်ပတ်လျှင် တစ်ကြိမ်သုံးစွဲနိုင်သည့် ပမာဏတစ်ခု အတွင်းသာ Card များဖြင့် ချိတ်ဆက်ပေးချေခြင်း/အခြား Pay များ၊ Wallet များဖြင့် ချိတ်ဆက်ခြင်းအပါအဝင် ဆောင်ရွက်ပေးရန် ဖြစ်သည်ဟု ဖော်ပြထားသည်။
ယင်းအပြင် အစိုးရဌာနများမှ လုပ်ငန်းများအတွက် တင်ဒါအောင်မြင်သည့် လုပ်ငန်းရှင်များသို့ ငွေပေးချေရာတွင် လုပ်ငန်းရှင်၏ ငွေစာရင်းသို့ စာရင်းလွှဲပြောင်းခြင်း/ Cross Cheque /PO ဖြင့် ပေးချေဆောင်ရွက်ပေးရန်၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊တစ်ဦးချင်း၏ငွေစာရင်းမှငွေသားထုတ်ပေးရာတွင် မဖြစ်မနေငွေသားလိုအပ်ချက် မှအပ ( ဥပမာ- လုပ်ခလစာ/ ထောက်ပံ့ကြေး၊ လျော်ကြေးများ၊ ပင်စင်) မိမိတို့ Custmers များ၏ ငွေပေးချေလိုမှုအပေါ် မူတည်၍ စိစစ်မေးမြန်းပြီး စာရင်းပြောင်းပေးချေမှုကို ဦးစားပေးဆောင်ရွက်ရန် ဘဏ်ခွဲအသီးသီးမှ တာဝန်ခံများအနေဖြင့် Account Transfer ၊ Digital Payment များဖြင့် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အပ်ငွေပြန်ထုတ်ရာတွင် ခက်ခဲနေသော မြန်မာပြည်မှ ဘဏ်များ
လက်ရှိတွင် ငွေကြေးစီးဆင်းမှုအခြေအနေမှာ ယခင်အခြေအနေသို့ မရောက်ရှိသေးဘဲစီးပွားရေး လုပ်ငန်းများတွင် နှောင့်နှေးမှုများရှိနေသည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။
“ဥပမာ ရွှေလိုဟာမျိုးကျတော့ ချက်ချင်းဝယ်ရတာ။ မဝယ်လို့ မရဘူး။ စျေးက ချက်ချင်းပြောင်းနေတာဆိုတော့။ စိန်ထည်ကျတော့ ကျွန်တော်တို့က အွန်လိုင်းကိုလုပ်လို့ရတယ်။ ပြောရမယ်ဆို ထင်သလောက်အလုပ်မဖြစ်ဘူး။ ရွှေကို အွန်လိုင်းနဲ့ ပေးချေဖို့ကို လက်ခံလို့ မရတော့ ရောင်းတဲ့သူတွေကလည်း ထင်သလောက် အရောင်းမသွက်ဘူး။ ဘဏ်ကနေ ငွေထုတ်ဖို့လုပ်နေတာနဲ့ပဲ ရွှေစျေးက တက်လာမှာ” ဟု စိန်ရွှေရတနာအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။
ယခင်က ပုဂ္ဂလိကဘဏ်များတွင် ဖွင့်လှစ်ထားသည့်အကောင့်ဟောင်းများရှိ ငွေများကို ထုတ်ယူရာတွင် တိုကင်ယူရသည့်စနစ်တစ်ခု ထွန်းကားလာပြီး တစ်ပတ်လျှင် ကျပ်သုံးသိန်းခန့်သာ ထုတ်ယူရသည်။
“ အကောင့်ဟောင်းကပိုက်ဆံ ထုတ်ချင်တယ်ဆို အကန့်အသတ်နဲ့ပဲ ထုတ်ရတယ်။ ကိုယ်အပ်ထားသလောက် ထုတ်လို့မရဘူး” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ယင်းသို့ ငွေထုတ်ရသည့်အခက်အခဲများကြောင့် ကျန်းမာရေးအတွက် ထုတ်ယူရာတွင်ပင် နှောင့်နှေးမှုများရှိလာကြောင်း သိရသည်။
“ ကျွန်တော့်အသိချို့ အပြင်မှာ ဆေးသွားကုဖို့ငွေထုတ်တာတောင် အဆင်မပြေတာတွေရှိ တယ်။ ကိုယ့်ဆီမှာက လွယ်ရင်တော့ ကူညီလို့ရတယ်။ ဒါပေမဲ့ အပြင်မှာဆေးကုမယ်ဆို အနည်းဆုံး သိန်းရာနဲ့ချီကုန်တာ။ အဲဒီလောက်ဆိုရင် ဘယ်လိုမှ မကူညီနိုင်ဘူး။ ၁၀ သိန်း၊ ၁၅ သိန်းလောက်က ကူညီလို့ရတယ်။ ကျန်းမာရေးအတွက် ထုတ်တာတောင် အဆင်မပြေတာတွေ အများကြီးပဲ” ဟု လက်ရှိအခြေအနေကို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
ဘဏ်များတွင် အပ်ထားသည့် Account ဟောင်းများရှိ ငွေကြေးများမှာ အလှထိုင်ကြည့်နေရသည့် အခြေအနေတွင်ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဒေါက်တာစိုးထွန်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် မှတ်ချက်ပြုရေးသားထားသည်။
“CBM Net အသုံးပြု၍ ဘဏ်တစ်ခုမှ အခြားတစ်ခုသို့ ငွေလွှဲပြောင်းပါက ရောက်ရှိဘဏ်တွင် Fixed Deposit (၃) လ မဖြစ်မနေရထားရမည်ဟု ဘဏ်တစ်ခုမှ အကြောင်းကြားလာပါသည်။ CBM မှ ပြည်သူတွေ Cash အသုံးပြုမှုလျှော့ချပြီး Digital Payment ၊ Bank account Transfer ပိုသုံးရန်အား ပေးမည်ဆိုတဲ့အစီအစဉ်နဲ့ ယခုလက်တွေ့ဆောင်ရွက်ချက်က ဆန့်ကျင်ဖက် ဖြစ်နေပါသည်။ Current Account များ Cheque clearing အတွက် ပုံစံပြောင်းချက်အသစ်များ (၁.၆.၂၁ ) မှစတင်အသုံးပြုရန် သက်ဆိုင်ရာမှ ညွန်ကြားထားသော်လည်း အစိုးရဘဏ်များ အပါအဝင် ဘဏ်အများစုက New Format Cheque စာအုပ်အသစ်များ ထုတ်ယူ၍ မရသေးပါ။ ဒါကြောင့် Cheque clearing လည်းလုပ်၍ မရပါ။ ခြုံ၍ သုံးသပ်ရရင် Old Bank Account ထဲရှိသည့်ငွေများ အလှကြည့်ရန်များ ဖြစ်နေသလားလို့ပါ။ Bank account Transfer ၊ CBM Net ၊ Cheque clearing များကို လွတ်လပ်စွာ စီးဆင်းခွင့်ပေးမှသာ ငွေထုတ်မရသော်လည်းလုပ်ငန်းများ အဆင်ပြေနိုင်ပါသည်” ဟု ရေးသားထားသည်ကို တွေ့ရသည်။
မင်းမူနေဆဲဖြစ်သော ရာခိုင်နှုန်းဖြင့် ငွေသားလဲလှယ်မှု
ဘဏ်များ၊ ATM စက်များ၊ Wave Money အစရှိသည့် ငွေထုတ်ယူနိုင်သည့်နေရာများတွင် ငွေထုတ်ရအဆင်မပြေမှုများ ရှိလာချိန်တွင် ရာခိုင်နှုန်းဖြင့် ငွေသားလဲလှယ်မှု စျေးကွက်မှာ စတင်ပေါ်ပေါက်လာခဲ့သည်။
လွန်ခဲ့သည့် ငါးလကျော်ကတည်းက စတင်ခဲ့သည့် ရာခိုင်နှုန်း ဖြင့် ငွေသားလဲလှယ်မှုမှာ လက်ရှိအချိန်အထိ ပန်းပန်နေဆဲဟုဆိုရမည် ဖြစ်သည်။
ငွေသားလဲလှယ်သည့်ရာခိုင်နှုန်းမှာ စတင်အသက်ဝင်စဉ်က ၁၀ ရာခိုင်နှုန်းအထိရှိခဲ့ပြီး လက်ရှိတွင် ငါးရာခိုင်နှုန်းမှ ရှစ်ရာခိုင်နှုန်းအထိ ပေးနေရဆဲဖြစ်သည်။
“ ရာခိုင်နှုန်းနဲ့ပဲ ထုတ်နေရတုန်းပဲ။ အကောင့်သစ်လည်းမဖွင့်နိုင်တော့ ဘဏ်ထဲမှာရှိတဲ့ငွေကို ထုတ်ဖို့ ရာခိုင်နှုန်းပေးနေရတုန်းပဲ” ဟု အလယ်အလတ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။
စီးပွားရေးလုပ်ငန်းရှင်ကြီးများအနေဖြင့် အကောင့်သစ်ဖွင့်လှစ်ကာ ငွေသွင်းငွေထုတ်များကို ပြုလုပ်နိုင်သော်လည်း အလယ်အလတ်စီးပွားရေး လုပ်ငန်းရှင်များမှာမူ ယင်းသို့လုပ်ကိုင်နိုင်ရန် အခြေအနေမပေးပေ။
“ ကျွန်တော်တို့က Digital Money နဲ့ လက်မခံနိုင်ရင် လက်ခံနိုင်တဲ့သူက သာသွားရော။ လက်ခံရင်လည်း ဘဏ်က ငွေထုတ်ရတာ ကြာတယ်။ ရာခိုင်နှုန်းပေးရတော့ လုပ်သမျှရသမျှအမြတ်က ရာခိုင်နှုန်းနဲ့ လဲတဲ့သူကို လုပ်ကျွေးနေရသလိုဖြစ်နေတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက လက်ရှိအခြေအနေကို ပြောကြားသည်။
ယင်းကြောင့် စီးပွားရေးလုပ်ငန်းများမှာ ထင်သလောက်ရှေ့မရောက်ဘဲ မပြိုလဲအောင် ရပ်တည်နေရသည့်အနေအထားဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက မှတ်ချက်ပြုသည်။
“ ဝယ်ယူသုံးစွဲသူတွေအနေနဲ့ ဘဏ်ကငွေထုတ်ရခက်တော့ ကတ်တွေ ပေးတွေနဲ့ ရှင်းချင်တယ်။ လက်လီဆိုင်တွေလည်း တင်သွင်းဖြန့်ချိသူဆီကနေ ငွေသားနဲ့ပြန်ဝယ်ရတဲ့အတွက် အကန့်အသတ်နဲ့ပဲ လက်ခံလို့ ရပါတယ်။ Export သမားတွေက သူတို့ရတဲ့ Earining ကို မြန်မာပြည်ဘက်ကို ပြန်မသွင်းကြဘူး။ သွင်းရင်လည်း ထုတ်မရမှာ စိုးရိမ်ကြတာ၊ ကုမ္ပဏီတစ်ခုကို တစ်ပတ် အများဆုံး သိန်း ၂၀၀ ပဲ ထုတ်လို့ရတာဆိုတော့။ အကျိုးဆက်က ဘဏ်မှာ Earining မရှိဘူး။ အဲဒီတော့ Inporter တွေကို ဘဏ်စာရင်းထဲက ပိုက်ဆံနဲ့ Earining ရောင်းပေးလို့ မရ၊ နိုင်ငံခြားကို လွှဲပေးလို့မရဖြစ်လာတယ်” ဟု နည်းပညာပစ္စည်းများ တင်သွင်းရောင်းချနေသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
အလားတူ လူအများစုသုံးစွဲနေသည့် Wave Money ကဲ့သို့ အွန်လိုင်းငွေကြေးလဲလှယ်နိုင်သည့် နေရာများတွင်လည်း ရာခိုင်နှုန်းဖြင့် ငွေထုတ်ယူနေရခြင်းများရှိသည်။
ယင်းသို့ရာခိုင်နှုန်းဖြင့် ငွေထုတ်ပေးသည့်ဖြစ်စဉ်များကြောင့် Wave Money က ကိုယ်စားလှယ် ၈၀၀ ကျော်ကို ကိုယ်စားလှယ်အဖြစ်မှ ရပ်ဆိုင်းပြီး ကိုယ်စားလှယ် ၉၀၀၀ ကျော်ကို ရာခိုင်နှုန်းမယူရန် သတိပေးမှုများလုပ်ဆောင်ခဲ့သည်ဟု Wave Money က ထုတ်ပြန်ခဲ့သည်။
ဘဏ်များတွင် ငွေထုတ်ယူရသည့် အခက်အခဲများကြောင့် အစောပိုင်းကာလများတွင် Wave Money မှ ငွေထုတ်ယူရာတွင်အခက်အခဲများ ရှိခဲ့သည်။
ဘဏ်ဝန်ဆောင်မှုများ ပုံမှန်အတိုင်း လည်ပတ်နိုင်ခြင်းမရှိခြင်း၊ အကန့်အသတ်မရှိ မိုဘိုင်းလ်အင်တာနက် ဖြတ်တောက်ခြင်း၊ အကန့်အသတ်ဖြင့်ရရှိသော အင်တာနက်ဝန်ဆောင်မှုများ၊ အင်တာနက်ချိတ်ဆက်မှု မတည်ငြိမ်ခြင်းနှင့် လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် လုပ်ငန်းလည်ပတ်မှုအပေါ်တွင် အဟန့်အတားများစွာရှိခဲ့ပြီး သန်းပေါင်းများစွာသော သုံးစွဲသူများထံသို့ ဝန်ဆောင်မှုပေးရာတွင် အခက်အခဲ များစွာ ကြုံတွေ့ရလျက်ရှိကြောင်း Wave Money က ထုတ်ပြန်ခဲ့သည်။
ကိုယ်စားလှယ်ကြီးများအနေဖြင့် Wave Money ငွေလွှဲငွေထုတ်ဝန်ဆောင်မှုများ ပေးရာတွင် အခက်အခဲအသီးသီး ကြုံတွေ့နေရကြောင်း သိရှိရပြီး အများစုမှာ ငွေစက္ကူပြတ်လပ်မှု အခက်အခဲနှင့် Wave Money ဆိုင်များတွင် ငွေလွှဲ၊ ငွေထုတ် ဝန်ဆောင်မှု ပမာဏ များပြားလာခြင်းတို့ကို ရင်ဆိုင်နေရကြောင်း၊ သတင်းပို့တိုင်ကြားမှုများအရ အချို့သော ကိုယ်စားလှယ်များသည် ဝန်ဆောင်ခနှုန်းထားများ ပိုမိုကောက်ခံလျက်ရှိကြောင်း Wave Money အနေဖြင့် ယခုလို အခြေအနေမျိုးတွင် ကိုယ်စားလှယ်ကြီးများ၏ အခက်အခဲများကို နားလည်သော်လည်း Wave Money ဝန်ဆောင်မှုအတွက် ကျသင့်ငွေထက် ပိုမိုကောက်ခံခြင်းကို ခွင့်ပြုခြင်းမရှိကြောင်း အကြောင်းကြားထားပြီးဖြစ်သည်ဟု Wave Money က ထုတ်ပြန်ခဲ့သည်။
ယင်းသို့ ထုတ်ပြန်အပြီးလပိုင်းခန့်အကြာတွင် ကိုယ်စားလှယ်များကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
သို့သော် ရာခိုင်နှုန်းဖြင့် ငွေထုတ်ယူရမှုအခြေအနေများကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။
လတ်တလောတွင်မူ မြန်မာ ကျပ်ငွေအား ရာခိုင်နှုန်းတစ်ခုဖြင့် လဲလှယ်ရသည့်အခြေအနေမှာ မင်းမူနေဆဲဖြစ်သည်။
“ ဒီကာလက အရင်းအနှီးလုပ်ရတာလည်းမလွယ်ဘူး။ အလုပ်တစ်ခုလုပ်ဖို့ဆိုတာက အရမ်းစွန့်စားရတယ်။ ဒီကြားထဲ ရာခိုင်နှုန်းနဲ့ ငွေထုတ်ရတာက မလုပ်ခင်ကတည်းက ရှုံးနေတယ်။ ဒါပေမဲ့ ဒီအတိုင်းထိုင်နေလို့ကလည်း မရဘူးဆိုတော့ ရာခိုင်နှုန်းနဲ့ ထုတ်နေရတာပဲ” ဟု ကိုမြင့်အောင်က ပြောကြားသည်။
မြန်မာနိုင်ငံရှိဘဏ်များ ပုံမှန်အတိုင်းလည်ပတ်မှသာ ရာခိုင်နှုန်း စျေးကွက်ပပျောက်မည်ဖြစ်ပြီး ပုံမှန်မရောက်သည့်အခြေအနေတွင် ရာခိုင်နှုန်းစျေးကွက်က ဆက်လက် မင်းမူနေမည်သာဖြစ်သည်။










